မျက်မမြင်မိခင်ကို ကျွေးမွေး စောင့်ရှောက်နေတဲ့ မောင်ဖြိုးဝေအောင်

RFA Burmese
2023.07.12
မျက်မမြင်မိခင်ကို ကျွေးမွေး စောင့်ရှောက်နေတဲ့ မောင်ဖြိုးဝေအောင် မျက်မမြင်မိခင်ဖြစ်သူကို ကျွေးမွေးစောင့်ရှောက်နေသည့် မောင်ဖြိုးဝေအောင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ကတွေ့ရစဉ်။
RFA

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ စီမံကိန်း (၁) ရပ်ကွက်ကနေ သင်္ဃန်းကျွန်း စံပြစျေးတစ်ဝိုက်မှာရှိတဲ့ ပစ္စည်းဟောင်းအဝယ်ဒိုင်တွေဆီ စက်ဘီးတစ်စီးနဲ့ သွားလာနေတဲ့ ကလေးကတော့ မျက်မမြင်မိခင်ကို လုပ်ကျွေးနေတဲ့ အသက် ၁၁ နှစ်အရွယ် မောင်ဖြိုးဝေအောင်ပဲ ဖြစ်ပါတယ်။

သူက ထီးအဟောင်း၊ အပျက်တွေကို လိုက်ဝယ်နေတာပါ။ အဲဒီ ထီးအဟောင်းတွေထဲက ပြန်သုံးလို့ရတဲ့ အစိတ်အပိုင်းတွေကိုယူပြီး အကောင်းတစ်လက်ရအောင် သူက ပြန်လုပ်ပါတယ်။ သူ့စိတ်ကြိုက် ထီးအဟောင်း၊ အပျက်တွေရဖို့အတွက် တစ်နေ့ကို အနည်းဆုံး ဒိုင်နှစ်ဒိုင်လောက်မှာ သွားဝယ်ရပါတယ်။ ဒါက သူတို့ သားအမိ စားဝတ်နေရေးအတွက် နေပူ၊ မိုးရွာမရှောင် နေ့တိုင်းလုပ်ရတဲ့ အလုပ်ပါ။

သူပြင်ထားတဲ့ ထီးတွေကို အိမ်အရောက် လာဝယ်တဲ့သူတွေရှိသလို သင်္ဃန်း ကျွန်းစံပြစျေးမှာ လိုက်ရောင်းရတာလည်း ရှိပါတယ်။ ဒီအလုပ်ကရတဲ့ ဝင်ငွေနဲ့ မျက်လုံးနှစ်ဖက်စလုံး မမြင်ရတော့တဲ့ အသက် ၃၆ နှစ်အရွယ် သူ့အမေ ဒေါ်သန်းသန်းဝါကို ပြုစုစောင့်ရှောက်နေတာပါ။

"ဒီကလေးရဲ့ ဇွဲနဲ့လုံ့လကတော့ တကယ်ချီးကျူးဖို့ ကောင်းပါတယ်"

သူတို့သားအမိက တောင်ဥက္ကလာမြို့နယ်၊ ၁၄ ရပ်ကွက်၊ စီမံကိန်း (၁)၊ သခင်ဖိုးလကြီးလမ်း၊ တံတားထိပ်နားမှာ အိမ်ငှားနေကြပါတယ်။ သူ့အဖေကတော့ သူ့ကို သူ့အမေကိုယ်ဝန်ရှိနေတဲ့ အချိန်ကတည်းက ကွယ်လွန်သွားပါတယ်။ ဒါကြောင့် ချို့ချို့တဲ့တဲ့ဘဝနဲ့ ကြီးပြင်းရလို့ မူလတန်းပညာတောင် ဆုံးအောင်မသင်နိုင်ဘဲ ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ သူက အလုပ်မျိုးစုံလုပ်ပြီး ကြိုးစား ရုန်းကန်ပါတယ်။

“သား ထီးတစ်လက်ကို ၁၅၀၀ နဲ့ ရောင်းရတယ်။ ငါးလက်လောက် ရောင်းရရင် ပြန်လာတယ်။ အိမ်ပြန်ရင် မေမေ စားချင်တဲ့ ဟင်းကို ဝယ်လာတယ်။ ဝယ်လာပြီး အိမ်မှာ ချက်တယ်။ ချက်ပြုတ်ပြီးသွားမှ ပစ္စည်းသွားဝယ်တယ်။ ပစ္စည်းမရရင်တော့ နောက်နေ့ မနက်ဖြန် စျေးရောင်းမထွက်ရဘူး။ ပစ္စည်းရမှ စျေးရောင်းထွက်ရတယ်။ ပစ္စည်းတွေက ဖြုတ်ပြင်ဆိုတော့ နှစ်ရက်၊ သုံးရက်လောက် နားရတယ်။ ထီးအလက် ၁၀၀ ဝယ်မှ ၅၀ လောက်ပဲ ထွက်တာ”

အလုပ်က ပြန်လာတဲ့အခါတိုင်း သူ့အမေစားချင်တဲ့ ဟင်းချက်စရာတွေ ဝယ်လာပြီး ချက်ပြုတ် ကျွေးမွေးပါတယ်။ မနက်ပိုင်းဆိုရင် အိမ်မှာကျန်ခဲ့မယ့် သူ့အမေအတွက် ချက်ပြုတ်ကျွေးမွေးပြီးမှ စျေးရောင်းထွက်ပါတယ်။ သူ့အမေ ဒေါ်သန်းသန်းဝါက ၂၀၂၁ နှစ်လယ်ပိုင်းမှာ ကိုဗစ်ကပ်ရောဂါ အပြင်းအထန် ခံစားရပြီး မျက်စိနှစ်ဖက်လုံး ကွယ်သွားတာလို့ ပြောပြပါ။ နွေရာသီဆိုရင်တော့ ထီးမပြင်ရလို့ ကောက်ညှင်းထုပ် လိုက်ရောင်းပါတယ်။ မိုးတွင်းမှာပဲ ထီးပျက်တွေ လိုက်ဝယ်စု၊ ပြင်ပြီးတော့ စံပြစျေးထဲ ပြန်ရောင်းနေတာပါ။

အရွယ်မရောက်သေးတဲ့ သူ့သားလေး ပင်ပင်ပန်းပန်းရုန်းကန်ပြီး မနိုင်ဝန်ထမ်းနေရတာကို စိတ်မကောင်းဖြစ်ရတယ်လို့ ဒေါ်သန်းသန်းဝါက ပြောပါတယ်။

“ဘယ်စိတ်ကောင်းမလဲ။ ကိုယ်တွေလည်း ငယ်တုန်းက ဒုက္ခရောက်ခဲ့တဲ့ သူတွေပါပဲ။ ကိုယ်တွေ ဒုက္ခရောက်တာက အဖေရော၊ အမေရော ရှိတယ်လေ။ အခု သူကျတော့ ဒုက္ခရောက်ရတဲ့ကြားထဲ အဖေကလည်း မရှိဘူး။ အမေကလည်း မျက်စိကန်းနေတယ်။ အစစအရာရာ သူပဲ လူကြီးတစ်ယောက်ရဲ့ တာဝန်ထက်တောင် ပိုနေသေးတယ်။ ထမင်းလည်း ချက်ရတယ်။ ရေကအစ၊ စျေးသွားရောင်းရတော့လည်း သူပဲ။ စျေးဝယ်တော့လည်း သူပဲ။ အမရဲ့ ဝေယျာဝစ္စတွေကလည်း သူပဲ လုပ်ပေးတာဆိုတော့ လူကြီးတစ်ယောက်ထက်တောင် ပိုပင်ပန်းတယ်။ ကိုယ့်သားလေးကို သနားတယ်။”

အရင်ကတော့ သူတို့သားအမိနှစ်ယောက် ရပ်ကွက်တကာလှည့်ပြီး ငှက်စာ စပါးတွဲတွေ လိုက်ရောင်းကြသလို ကောက်ညှင်းထုပ်လည်း အတူရောင်းခဲ့ကြပါတယ်။ မိုးရာသီဆိုရင်တော့ သားအမိ နှစ်ယောက် ထီးတွေပြင် ရောင်းကြရင်း ဒီပညာကို မောင်ဖြိုးဝေအောင်လေး ဆက်လုပ်နေတာပါ။

ဒီကလေးရဲ့ စိတ်ဓာတ်ကိုချီးကျူးတယ်လို့ အိမ်နီးချင်း ဦးမျိုးမြင့်အောင်က ပြောပါတယ်။

“ဒီကလေးရဲ့ စိတ်ဓာတ်ကလေးက တစ်ခုရှိတာက အရှုံးမပေးဘူး၊ ဒီလိုဝန်ထုပ်ဝန်ပိုး ထမ်းထားပေမယ့် သူ့မှာ အရှုံးပေးတာ မရှိဘူး။ ဝမ်းနည်းမျက်ရည် ကျတယ်ဆိုတာ မရှိဘူး။ ကလေး သဘာဝပေါ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေတယ်။ မိခင်အတွက်ကို ငြိုငြင်တာလည်း မရှိဘူးပေါ့နော်။ အဲလိုလုပ်ပေးတယ်ပေါ့ အစစအရာရာ၊ တော်ရုံ ကလေးတစ်ယောက် မလုပ်နိုင်ဘူး။ ဒီကလေးရဲ့ ဇွဲနဲ့လုံ့လကတော့ တကယ်ချီးကျူးဖို့ ကောင်းပါတယ်”

အိမ်နီးချင်းတွေက သူ့ကို အရှုံးမပေးတတ်တဲ့ ကလေးလို့ မြင်ပေမယ့် မောင်ဖြိုးဝေအောင်ဟာ တစ်ခါတလေမှာ ဝမ်းနည်းအားငယ်ပြီး ကြိတ်ငိုတတ်ပါတယ်။

“သားအမေက မျက်စိမမြင်တော့ သားစိတ်ညစ်တယ်။ သားအမေသာ မျက်စိမြင်ခဲ့ရင် သားလည်း ဒီလိုပုံစံမျိုးနဲ့ နေရမှာမဟုတ်ဘူး။ သားအမေက မျက်စိမမြင်တော့ အဲဒါကြောင့် သား တစ်ခါတလေ ကျရင် ငိုပါငိုတယ်၊ စိတ်ညစ်လို့”

မိခင်မျက်လုံးတွေကို ဆေးကုဖို့ တစ်နေ့ကို ကျပ် တစ်ထောင်၊ နှစ်ထောင် ကြိုးစား စုဆောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဆေးဖိုးတွေက ဈေးကြီးလွန်းတယ်လို့ မောင်ဖြိုးဝေအောင်က ပြောပါတယ်။ ကုန်ဈေးနှုန်းတွေ တက်လာတော့လည်း မနက်ည စားဖို့ကို ဦးစားပေးရတာကြောင့် ဆေးဖိုးလည်း သူမှန်မှန် မစုနိုင်တော့ပါဘူး။

ဒီအကြောင်းကိုသိတဲ့ အိမ်နီးချင်း ဒေါ်ချောစုက သူတို့သားအမိ အကူအညီရဖို့အတွက် ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို လိုက်ပြီးကူညီနေတဲ့ ကိုထွန်းမင်းဆိုတဲ့သူနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။

“သနားမိတာ၊ ဂရုဏာ ဖြစ်မိတာပေါ့။ ကျောင်းနေရတဲ့အရွယ်မှာ ကျောင်းမနေရတော့လေ။ သူ့ကိုလည်း သနားမိတယ်။ သူ့အမေကိုလည်း သနားမိတယ်။ အော် ဒီလိုမျိုး ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို ကူညီသင့်ပါတယ်ဆိုပြီးတော့ ကျွန်မက ကူညီပေးလိုက်တာပါ။”

အဲဒီနောက်ပိုင်းမှာ မောင်ဖြိုးဝေအောင်ရဲ့ အိမ်လိပ်စာကို တကူးတကစုံစမ်းပြီး အိမ်တိုင်ရာရောက် ထီးလာဝယ်ပြီး အားပေးကူညီသူတွေလည်း ရှိပါတယ်။

မျက်မမြင်မိခင်ဖြစ်သူကို ကျွေးမွေးစောင့်ရှောက်နေသည့် မောင်ဖြိုးဝေအောင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)
မျက်မမြင်မိခင်ဖြစ်သူကို ကျွေးမွေးစောင့်ရှောက်နေသည့် မောင်ဖြိုးဝေအောင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ကတွေ့ရစဉ်။ (Photo: RFA)

ဒီကလေးရဲ့ စိတ်ဓာတ်နဲ့ အမေအပေါ် သိတတ်တာကို လေးစားလို့ အိမ်အထိ လာအားပေးတာလို့ ထီးလာဝယ်တဲ့ ကိုကောင်းထက်က ပြောပါတယ်။

“ကျွန်တော်တို့ မြန်မာတွေကတော့ အလှူအတန်းကို တော်တော်လေး ရက်ရောကြတယ်။ မရှိလို့ မလှူ၊ မလှူလို့မရှိ ဆိုသလိုပေါ့။ အဲတော့ ကိုယ့်မှာရှိတာလေးနဲ့ အဲလိုမျိုးပဲ။ ကျွန်တော်တို့ဆိုရင်လည်း ပုံမှန် လူတန်းစားထဲကပဲ။ ဒါပေမဲ့ ဒီလိုမျိုးလေးတွေ မြင်ရတော့ တစ်ဖက်တစ်လမ်းကနေပေါ့နော် ကိုယ်တတ်နိုင်တဲ့ အင်အားလေးနဲ့ လုပ်ပေးရတာ။ ဒီလိုပဲ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ကကောင်းပါတယ်”

ကူညီတဲ့သူတချို့ကြောင့် အရင်က ကျပ်ငါးသောင်းနဲ့ ငှားနေခဲ့တဲ့အိမ်ကနေ အခုတော့ ပိုခိုင်ခံ့တဲ့အိမ်လေးကို ကျပ် တစ်သိန်းတစ်သောင်းနဲ့ ငှားပြီး ပြောင်းရွှေ့နေထိုင်ပါတယ်။ ကျောင်းထွက်လိုက်ရလို့ ပညာတတ် မဖြစ်နိုင်တော့ပေမယ့် သားလေးကို ပင်ပင်ပန်းပန်း မလုပ်ရတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ မိခင်ကမျှော်လင့်ထားပါတယ်။

“ကိုယ်လည်း ပညာမတတ်ခဲ့တော့ ကိုယ့်သားသမီးကို ပညာတတ်တစ်ယောက်တော့ ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ ဖြစ်ချင်တာနဲ့ ဖြစ်နေတဲ့ ဘဝက တခြားစီဆိုတော့ ပညာတတ် မဖြစ်ရင်တောင်မှ သားကို စီးပွားရေးသမားတစ်ယောက် ဖြစ်အောင်တော့ ကြိုးစားခိုင်းမှာ။ အခု သူလည်း အလုပ်တွေဘာတွေ နည်းနည်းပါးပါး နားလည်တယ်။ ကျွမ်းကျင်မှုရှိတဲ့အတွက်ကို သူ့ကိုလည်း ဖြစ်မယ်လို့ ယုံကြည်တယ်”

သူ့မိခင် မျှော်လင့်ထားသလို တစ်နေ့မှာ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ မောင်ဖြိုးဝေအောင်ကလည်း ရည်မှန်းထားပါတယ်။

“ထီးရယ်၊ မျက်မှန်ရယ် တွဲရောင်းမယ်။ တွဲရောင်းပြီး လုပ်ငန်းရှင်ကြီးဖြစ်အောင် သားကလုပ်မှာ။ ထီးလည်း ရောင်းမယ်။ ပြီးတော့ မျက်မှန်လည်းရောင်းမယ်။ လုပ်ငန်းရှင်ကြီးဖြစ်ရင် အမေကြီး မျက်စိကို ပျောက်အောင်ကုပေးမှာ”

ဘဝပေးအသိကြောင့် သူဒီလိုရည်မှန်းထားပေမယ့် လူကြီးတွေတောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ခေတ်မှာ ကလေးအရွယ်ပဲရှိသေးတဲ့ မောင်ဖြိုးဝေအောင်တစ်ယောက် မနိုင်ဝန်တွေထမ်းရင်း ခက်ခဲတဲ့ မနက်ဖြန်တွေကို ကျော်ဖြတ်ရဦးမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။