အစိုးရငြိမ်းချမ်းရေး ကော်မရှင် နဲ့ အပစ်ရပ် ၁၀ ဖွဲ့တို့ ချင်းမိုင်မှာ ဆွေးနွေး
2019.03.09
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင် နဲ့ အပစ်ရပ် ၁၀ ဖွဲ့တို့ ဒီကနေ့ အလွတ်သဘောတွေ့ဆုံရာမှာ NCA စာချုပ်မှာ ပါဝင်တဲ့ သဘောတူညီချက်အရ NCA လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အချက် ၃ ချက်ကို ဘုံတူညီချက်အဖြစ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး NCA အပစ်ရပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့လုံး ပူးပေါင်း ပါဝင်လာနိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားပါတယ်။
■ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့ဆက်နိုင်ဖို့အတွက် NCA အပစ်ရပ် ၁၀ ဖွဲ့က ဦးခိုင်စိုးနိုင်အောင် ဦးဆောင်တဲ့ ၁၁ ဦးပါ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
၄ လကျော်ကြာ ဆွေးနွေးမှုတွေ ရပ်တန့်ခဲ့ပြီးနောက် ဒီကနေ့ ၃ နာရီနီးပါးကြာ ဆွေးနွေးခဲ့ရာမှာ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် အချက် ၃ ချက်ကို ညှိနှိုင်းနိုင်ခဲ့တယ်လို့ PPST ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှ ပြောခွင့်ရသူ ABSDF ဥက္ကဋ္ဌ ဦးသံခဲ က အခုလိုပြောပါတယ်။
"အဓိကတော့ သုံးခုပါပဲ၊ တစ် ကတော့ ၂၀၂၀ မတိုင်မှီကာလမှာ ကျွန်တော်တို့တွေ အားလုံးဟာ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ဘယ်အဆင့်လောက်ထိ ကျွန်တော်တို့တွေ အတူတကွ လုပ်ကိုင်ကြိုးပမ်းနိုင်မည့် အခြေအနေရှိသလဲဆိုတာ ကျွန်တော်တို့ ဆက်ရှာဖွေမယ်၊ တစ်ဆက်တည်းမှာပဲ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ကျွန်တော်တို့ တိုင်းပြည်အတွက် အရှည်သဘောတရားဖြစ်နိုင်တယ် အဲတော့ အဲဒီဟာကို တည်ဆောက်မယ်ဆိုရင်လည်း အဆင့်လိုက် အဆင့်လိုက် ကျွန်တော်တို့ ကြားထဲမှာ ဘယ်လောက်နားလည်သူတွေ တူနေကြပြီလဲဆိုတာ ဆက်ပြီး အဖြေရှာမယ်၊ တတိယတစ်ခုကတော့ အခု NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ ဖြစ်တည်ခဲ့တဲ့ မက်ဂယ်နက်စင် တွေရှိတယ်။ JICM နောက်တခုက UPDJC၊ နောက်တော့ JMC စသဖြင့် ဒီ အဆင့်လိုက် အဆင့်လိုက် ရှိနေတဲ့ဟာ တွေထဲမှာ လုပ်ငန်းစဉ်တွေထဲကလည်း ဒီလုပ်ငန်းစဉ်တွေကို ပြန်လည်အသက်ဝင်ဖို့ဆိုရင် ကျွန်တော်တို့ အတူတကွ အသက်ဝင်နိုင်တဲ့ နည်းလမ်းတွေကို ဆက်ပြီးတော့ ရှာဖွေကြမယ်ဆိုတဲ့ ယူဆချက် ကျွန်တော်တို့မှာ ရှိပါတယ်"
ဒီကနေ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်နေတာနဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြပေမယ့် အလွတ်သဘော ဆွေးနွေးပွဲဖြစ်တာကြောင့် ရှေ့ဆက် တရားဝင် ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေအကြား ပြန်လည်တင်ပြပြီး ညှိနှိုင်းသွားရအုံးမှာဖြစ်တယ်လို့လည်း ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဌေး က ပြောပါတယ်။
"အခု သဘောတူညီချက်ရယ်လို့ ကျွန်တော်တို့ မရှိဘူး သို့သော် နည်းလမ်းတွေ ကျွန်တော်တို့ စဉ်းစားတယ် စဉ်းစားတော့ အလွတ်သဘော တွေ့ဆုံမှုတွေ အမြန်ဆုံး စဖို့ပေါ့နော်၊ အဲဒါတွေနဲ့ ညှိပြီးတော့မှလည်း ပြန်ဆွေးနွေးမယ် အစိုးရဖက်မှာလည်း ပြန်ဆွေးနွေးမယ်၊ ဆွေးနွေးပြီးတော့ ကျွန်တော်တို့ ဒီ အင်ဖော်မယ် မီတင် တွေကို ကျွန်တော်တို့ မြန်မြန်လေး ပြန်စဖို့လိုတယ်ဆိုတာ ကျွန်တော်တို့က လက်ခံတယ်၊ ဆိုလိုတာက ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ့ ဒီ နိုင်ငံရေး ဆွေးနွေးပွဲတွေ အကြောင်းကြောင်းကြောင့် တစ်နေရာမှာ ရပ်တန့်သွားတယ်ဆိုရင်လည်း ကျွန်တော်တို့ ဒီရပ်တန့်မှုကို ပြေလည်အောင် ဆွေးနွေးညှိနှိုင်းမှုတွေ စဉ်ဆက်မပြတ် လုပ်ရမယ် ဆိုတဲ့ သဘောထားက နှစ်ဖက်လုံးမှာ ရှိတယ်၊ အဲ့အပေါ်မှာလည်း ကျွန်တော်တို့ ဆက်လုပ်သွားမယ်၊ အချိန်အတိအကျတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး ဘာကြောင့်လဲဆိုတော့ EAO ဖက်ကလည်း ပြန်ပြီးတော့ ညှိနှိုင်းရမယ် ကျွန်တော်တို့ အစိုးရဖက်ကလည်း လူကြီးတွေ ပြန်တင်ပြရမယ်၊ ပြီးရင် ကျွန်တော်တို့ အမြန်ဆုံး ပြန်တွေ့သွားပြီးတော့ ဒီ ပရောစက် မရပ်အောင်ပေါ့။ ကျွန်တော်တို့ နှစ်ဖက်လုံးက စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးမှုတွေ လုပ်သွားဖို့တော့ လိုပါတယ်"
NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေက ဒီကနေ့ အလွတ်သဘော ဆွေးနွေးပွဲမှာ NCA လက်မှတ်မရေးထိုးကြရသေးတဲ့ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ KNPP အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေပါတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ကိုလည်း NCA မှာ ပါဝင်လာနိုင်ဖို့အတွက် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ကို တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ABSDF ဥက္ကဋ္ဌ ဦးသံခဲ က အခုလို ဆက်ပြောပါတယ်။
"အထူးသဖြင့်ကတော့ NCA လို့ပြောရင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးက အားလုံးအတွက် အကြုံးဝင်ဖို့ လိုပါတယ်၊ ဒုတိယတစ်ခုကတော့ ဘာလဲဆိုရင် သက်ဆိုင်ရာ ကာယကံရှင်တွေ ဒီ လက်တွေ့တိုက်ပွဲထဲမှာဖြစ်နေတဲ့ ကာယကံရှင်တွေ အဖွဲ့အစည်းတွေ ပါဝင်ဖို့ လိုပါတယ်၊ တတိယ တစ်ခုကတော့ ကျွန်တော်တို့ ပြောချင်တာက ဒီ အပစ်အခတ်ရပ်စဲရေးရဲ့ နောက်မှာ ကျွန်တော်တို့ တကယ်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ အားလုံး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း လုပ်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ဖို့ ဖြစ်ပါတယ်၊ နောက်တစ်ခုကတော့ ဘာလဲဆိုရင် အားလုံးတန်းတူရည်တူ ဂုဏ်သိက္ခာရှိရှိ ဆွေးနွေးနိုင်ရင် ကျွန်တော်တို့ ဒီသွားနေတဲ့ လမ်းကြောင်းဟာ ပိုပြီး အဆင်ပြေမယ်ဆိုတာကို နဂိုတည်းကိုးကကို တိုင်းတာတဲ့ မှတ်တိုင်ကြီး လေးခု ရှိပါတယ်။ ဒီ မှတ်တိုင်ကြီး လေးခုပြည့်ဖို့အတွက် ဒီလူတွေဟာ မလွဲမသွေး ပါဝင်သင့်တယ် ဖြစ်တဲ့အတွက် ဒီပါဝင်မှုတွေကို ကျွန်တော်တို့ အလေးအနက်ထားပါတယ်။ဒါကြောင့်မိုလို့ ဒီအခြေအနေပေါ်မှာပဲ ဒီ အလွတ်သဘော ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဆွေးနွေးဖြစ်ပါတယ်"
ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့က ဦးဇော်ဌေး ကတော့ အစိုးရ နဲ့ တပ်မတော်က NCA အပစ်ရပ် လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်နေပြီး မကြာမီ အဖွဲ့ ၈ ဖွဲ့လုံး ပါဝင်တဲ့ တရားဝင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးစားနေတယ်လို့ ပြောဆိုပါတယ်။
"ကျွန်တော်တို့ဟာ ဟိုးအရင်တုန်းကဆိုရင် NCA ကိုထိုးဖို့ အခွင့်မသာတဲ့အတွက် ကျန်ခဲ့တာတွေ ရှိတယ်ပေါ့နော် အဲ့တော့ အားလုံးပါဝင်ရေးပေါ်မှာ မူတည်ပြီးတော့ မထိုးဖြစ်တဲ့ အဖွဲ့တွေလည်း ရှိတယ်ပေါ့၊ ဒီနေ့ ဒီအချိန်မှာတော့ ၈ ဖွဲ့လုံး NCA ထိုးဖို့ အားလုံးက တပ်မတော်ကရော အစိုးရရော သဘောထား တူတူညီညီနဲ့ ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးမှုတွေ လုပ်နေတာ ဖြစ်တယ်၊ မကြာခင်မှာလည်း ၈ ဖွဲ့လုံးနဲ့ တွေ့ဆုံမှုတွေကို ကျွန်တော်တို့ ဖြစ်လာနိုင်တယ် ဖြစ်လာဖို့လည်း ကြိုးစားနေတယ်၊ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဒီ NCA အပေါ်မှာ အပြုသဘော ပိုမိုနားလည်လာရင်တော့ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ထွက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပြီး လုပ်နေပါတယ်"
ဒီကနေ့ ဆွေးနွေးပွဲမှာ NCA အပစ်ရပ် အဖွဲ့က ALP ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်၊ ABSDF ဥက္ကဋ္ဌ ဦးသံခဲ၊ PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၊ ဦးခွန်ဥက္ကာ၊ LDU ဒုဥက္ကဋ္ဌ ကြာဟား၊ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ CNF အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေး ၊RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း၊ DKBA က ဗိုလ်မှူး ဟဲစေး၊ KNLA/PC မှ စောကျော်ညွန့်နဲ့ NMSP က နိုင်အောင်မငေး တို့ပါဝင်တဲ့ အဖွဲ့ဝင် ၁၁ ဦး တက်ရောက်ခဲ့ကြပါတယ်။
ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့ကတော့ အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ်ချူပ်ကြီးဟောင်း ဦးခင်ဇော်ဦး ခေါင်းဆောင်ပြီး ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြပါတယ်။
NCA အပစ်ရပ်ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင်တွေဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလလယ်ပိုင်းက အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီးနောက် တစ်ခုတည်းသော တပ်မတော်ထားရှိရေးကိစ္စ၊ ပြည်ထောင်စုမှ ခွဲမထွက်ရ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ၄ လကျော်ကြာ ရပ်တန့်နေခဲ့တာလည်း ဖြစ်ပါတယ်ခင်ဗျာ။