အိမ်မပြန်ရဲသေးတဲ့ ပဇီကြီးရွာသားများ
စစ်ကောင်စီက လေကြောင်းကနေ မကြာခဏတိုက်နေလို့ တောထဲမှာဆက်ပြီး တိမ်းရှောင်နေရတာ အခုထိပါပဲလို့ လုံခြုံရေးအရ နာမည်ထုတ်မပြောတဲ့ ရွာသားတစ်ယောက်က ပြောပါတယ်။
-
ခင်မိုးညို
2023-06-25 -
-
-
“မင်းတို့ မိုင်းလုံးတွေက ဘယ်မှာလဲ”
ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီ လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့အချိန်မှာ ရိုက်ထားတဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
လူပေါင်း ၁၇ဝ ကျော်သေဆုံးခဲ့ရတဲ့ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပြီးမှာ ထွက်ပေါ်လာတဲ့ ဒီရုပ်သံဖိုင်ကို ဘယ်သူရိုက်ခဲ့တာပါလဲ။
“မင်းတို့မိုင်းတွေက ဘယ်နားမှာထောင်ထားတာတုန်းဆိုတဲ့အသံက ကျွန်တော်တို့ရွာက ဦးချိုရဲ့အသံပါ။ အခုဦးချိုကို ဒလန် သူလျှိုလုပ်တယ်ဆိုပြီး ထိန်းသိမ်းထားတာ။ သူက အမှန်တကယ် ဝန်ခံချက်ပေးတယ်။ လေယဉ်နဲ့ လာပစ်မယ်။ ပြီးရင် အခင်းဖြစ်တဲ့နေရာကို ရောက်အောင်သွား။ သူတို့က အကွက်ကျကျ စီစဉ်ထားတာ။ ဒီလို ဒီလိုရိုက်၊ ပြောတဲ့သူက ပြော၊ ဒီလို ဒီလိုမြေမြှုပ်မိုင်းတွေနဲ့ ကွဲပြီးသေရပါတယ်လို့ပေါ့။
ပဇီရွာ ပြန်လည်ထူထောင်ရေးတာဝန်ခံ ကိုရောင်နီ ပြောပြတာပါ။
“ပြောချင်တာက လေယာဉ်နဲ့ပစ်တယ်။ သေတယ်။ ကျန်တဲ့ မသေမရှင်လူတွေရော ကျန်တဲ့အကောင်းလူတွေရော သားတီးဖိုက်နဲ့ ထပ်ပစ်တယ်။ အဲဒါကြောင့် လူအများကြီးသေသွားတာပေါ့ဗျာ”
ပဇီကြီးရွာ တိုက်ခိုက်ခံရတာဟာ ရွာထဲကလူတချို့ သတင်းပေးလို့ အဲဒီလူလေးယောက်ကို ဖမ်းဆီးထိန်း သိမ်း အမှုဖွင့်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီလူတွေကတော့ ဦးသိန်းရွှေ၊ ဦးချို၊ ကိုဇော်မင်းနဲ့ ဒေါ်ယဉ်ယဉ်ဝင်းတို့ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ပဇီကြီးဖြစ်ရပ်နဲ့ပတ်သက်လို့ ကလေးတွေနဲ့ အမျိုးသမီးတွေအစုအပြုံလိုက်သေရတာဟာ လေကြောင်းကနေ တိုက်လို့ မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ မိုင်းတွေ သိုလှောင်ထားတဲ့နေရာကို ဝေဟင်က လက်နက် ကျရောက်တဲ့အတွက် ဖြစ်ရတာလို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုရောင်နီကတော့ ငြင်းပါတယ်။
“ လူတွေကို ဒီလောက်အပိုင်းပိုင်း ဖြစ်သွားအောင် ဘယ်အဖွဲ့အစည်းက အဲလိုမိုင်းမျိုးရှိလို့လဲ။ကျွန်တော်တို့ရွာမှာ မိုင်းမပြောနဲ့ သေနတ်ကို ကောင်းကောင်းမရှိဘူး။”
မြန်မာ့အလင်းသတင်းစာထဲမှာ PDF အမည်ခံတွေ သေဆုံးခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ သေဆုံးသူ တွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာတော့ ဖျင်ထမီဝတ်ထားနဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကိုပါ တွေ့မြင်ရပါတယ်။
“ကျွန်တော်တို့ ဖြစ်ရပ်ကြီးဖြစ်တဲ့နေ့ကလည်း နှစ်ခါ။ နောက်တစ်ခါ မီးရှို့တော့လည်း တစ်ခါ၊ မြစ်အရှေ့ဘက် ပြေးရတာလည်း ခုနှစ်ကြိမ်ဆိုတော့၊ လေးခါတိတိ ကျွန်တော်တို့ရွာကို ပစ်တယ်။ ကျွန်တော်တို့ရွာလည်း မနေရဲဘူး"
အဲဒီနေ့က ဖြစ်ရပ်နဲ့ပတ်သက်လို့ ပဇီကြီးရွာ ပြန်လည်ထူထောင်ရေးတာဝန်ခံ ကိုရောင်နီက ...
“ခုနှစ်နာရီ မိနစ်လေးဆယ်ခန့်ပေါ့။ အဲဒီမှာ သာတီဖိုက်နဲ့ လာပြီးဗုံးကြဲတယ်။ ခပ်ဝေးဝေးက ကြည့်လိုက်တော့ မီးခိုးလုံးကြီးမြင်နေရတာ။ အဲဒီအချိန်မှာ ကျွန်တော်စိုးရိမ်သွားတာပေါ့ဗျာ။။ အဲဒီအချိန်မှာ လူတွေက စုံစုံညီညီရှိနေတာ။ အားလုံးက အပိုင်းပိုင်းအပြတ်ပြတ် အတုံးတုံးအတစ်တစ်နဲ့ ဘယ်လိုပုံစံ ဖြစ်နေတာလဲဆိုတော့ ဟင်းကို တောက်တောက်စင်းပြီး ဖြန့်ကြဲပစ်ထားသလိုကြီး မြင်လိုက်ရတာ။ အဲဒီလိုမြင်ကွင်းကို ကျွန်တော်တို့ တစ်သက်တစ်ခါမှ မမြင်ဖူးဘူး။ ပြောချင်တာက လေယာဉ်နဲ့ပစ်တယ်။ သေတယ်။ ကျန်တဲ့ မသေမရှင်လူတွေရော ကျန်တဲ့အကောင်းလူတွေရော သားတီးဖိုက်နဲ့ ထပ်ပစ်တယ်။ အဲဒါကြောင့် လူအများကြီးသေသွားတာပေါ့ဗျာ”
အဲဒီတိုက်ခိုက်ခံရတဲ့အချိန်က လင်ယောက်ျားသေဆုံးသွားတဲ့ အမျိုးသမီးတစ်ယောက်ကလည်း သူ့ကိုယ်တွေ့ကို ပြောပြပါတယ်။
“ယောက်ျားပါသွားပါတယ်။ သမီးလေးက ဆယ့်ငါးနှစ်သမီးလေး။ ကျွန်မအိမ်သားက လူမှုရေးဆိုပြီး သွားတာ။ ကျွန်မသမီးလေးကလည်း ထမင်းစားဆိုပြီး သွားတာ။ ဝုန်းကနဲအသံကြားတော့ ကျွန်မက အဲဒီဘက် လှည့်ကြည့်လိုက်တော့ လေယာဉ်ပျံ ဘာကြီးလဲ မသိဘူး။ ဂျက်ဖိုက်တာကြီးလား မသိဘူးဆိုပြီးတော့ အဲဒီဘက်ကို လှည့်ကြည့်လိုက်တော့ မီးခိုးလုံးကြီး မြင်ရပါတယ်။ မီးခိုးလုံးကြီး မြင်ရတော့ သေကြ ပြီနေမှာပါဆိုပြီး ကျွန်မသမီးငယ် ငါးနှစ်သမီး လက်ဆွဲပြီး လွတ်ရာလွတ်ကြောင်း ထွက်ပြေးခဲ့တာပါ”
အဲဒီဖြစ်ရပ်ဆိုးပြီးတဲ့နောက်မှာလဲ ပဇီကြီးရွာသားတွေဟာ ကောင်းကောင်းမွန်မွန်မနေရပါဘူး။ စစ်ကောင်စီက လေကြောင်းကနေ မကြာခဏတိုက်နေလို့ တောထဲမှာဆက်ပြီး တိမ်းရှောင်နေရတာ အခုထိပါပဲလို့ လုံခြုံရေးအရ နာမည်ထုတ်မပြောတဲ့ ရွာသားတစ်ယောက်က ပြောပါတယ်။
“ကျွန်တော်တို့ ဖြစ်ရပ်ကြီးဖြစ်တဲ့နေ့ကလည်း နှစ်ခါ။ နောက်တစ်ခါ မီးရှို့တော့လည်း တစ်ခါ၊ မြစ်အရှေ့ဘက် ပြေးရတာလည်း ခုနှစ်ကြိမ်ဆိုတော့၊ လေးခါတိတိ ကျွန်တော်တို့ရွာကို ပစ်တယ်။ ကျွန်တော်တို့ရွာလည်း မနေရဲဘူး။ ဘာအငြှိုးကြီးတယ်လို့တော့ မသိဘူးပေါ့ဗျာ။ ကျွန်တော်တို့က ခံစားရတဲ့သူတွေ။ အခုဆိုရင် စဖြစ်ကတည်းက နှစ်လကျော်ရှိပြီ။ ကျွန်တော်တို့ရွာက ရွာပျက်ကြီးလိုလည်းဖြစ်နေတယ်။ ပဇီကြီးရွာသားတွေက ပြန်ချင်ပေမယ့် လုံခြုံမှုမရှိဘူးပေါ့ဗျာ။”
ပဇီကြီးရွာသားတွေဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိကလုပ်ကိုင်ရတဲ့သူတွေပါ။ ဒါပေမဲ့ အခု မိုးရာသီ ထွန်ယက်ဖို့တောင် အတော့်ကို ခက်နေပြီ၊ ဒါကြောင့် အသက်ရှင်လျက်နဲ့ သေနေတဲ့သူတွေလို ဖြစ်နေတယ်လို့ ရွာသားတစ်ယောက်ကပြောပါတယ်။
“မွေးမြူရေးက တစ်ဖက်၊ တောင်သူက တစ်ဖက်၊ အဲဒီလိုအခြေအနေမှာ ကောင်းကင်က ဗုံးပဲ လာကြဲသွားမှာလား ပစ်သွားမှာလား။ ဒါတွေက သူရောကိုယ်ပါ ခံစားဖူးတဲ့သူတွေမှ သိတာ။ ဒီလောက် ကြောက်နေကြတာလားလို့ အောက်မေ့ချင် အောက်မေ့လိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ဘဝဟာ ဆိုးတယ်လို့ ထင်မှတ်မိတယ်။ အဲတော့ ကျွန်တော်တို့ရွာလည်း မပြန်ရဲဘူး။ လုပ်ကိုင်စားသောက်ရမှာလည်း တောင်သူတွေ။ ကျွန်တော်တို့ဒီလိုသာ အကြမ်းဖက်နေမယ်ဆိုရင် ကျွန်တော်တို့ ပဇီကြီး ကျေးရွာသူကျေးရွာသားတွေရဲ့ ဘဝတွေလည်း ရှင်နေလျက်နဲ့သေသလို ဖြစ်နေရပါပြီ”
ခင်ပွန်းသည် ဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူဇနီးကလည်း သူ့ဘဝဆက်တိုင်း ဒီလိုမတရားခံရတာကို ကျေနပ်မှာ မဟုတ်ဘူးလို့ပြောပါတယ်။
“ကျွန်မတို့က သူတို့ကို တော်လှန်တိုက်ခိုက်နေတာလည်း မဟုတ်ဘဲနဲ့ သက်သက်ဗုံးချတာပါ။ မင်းအောင်လှိုင် ဆိုတဲ့အသံကို ကျွန်မဘဝဆက်တိုင်း မကျေနပ်နိုင်ပါဘူး။ ကျွန်မတို့ မိသားစုခံစားရသလို သူတို့လည်း ခံစားစေချင်ပါတယ်။”