ဘုရားစျေးက စက္ကူရုပ် ဖန်တီးသူများ
2024.07.09

ဘုရားစောင်းတန်းစျေးတို့၊ ပွဲစျေးတို့မှာတွေ့ရတဲ့ စက္ကူအရုပ်လေးတွေကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့က အသက် ၅၄ နှစ်အရွယ် ဦးမောင်မြင့်အောင် တစ်ယောက် လုပ်နေတာပါ။
အခုလို ဆေးရောင်စုံစိုစိုနဲ့ ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်ရုပ်၊ နွားရုပ်၊ မြင်းရုပ်၊ ဖိုးဝရုပ်၊ သစ်ကုလားအုပ် အရုပ်လေးတွေက ကလေးတွေလိုချင်အောင် စွဲဆောင်လွန်းလှပါတယ်။
ဒီအရုပ်လေးကို သုံးပြီးသား ဗလာစာအုပ်တွေ၊ စာရွက်တွေ၊ ဆန်မှုန့်ကော်တွေနဲ့ လုပ်တာဖြစ်လို့ အခုခေတ် ကျယ်ပြန့်လာတဲ့ လှုပ်ရှားမှုအရဆိုရင် Eco Friendly Products၊ recycled products ဆိုတဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ ကုန်ထုတ်လုပ်မှုတစ်ခုလို့လည်း ပြောရမှာပါ။
"အဟောင်းဆိုင်က စက္ကူတွေကိုဝယ်ပြီး ကော်ကျိုမယ်။ အရုပ်လုံးပေါ်မှာ စက္ကူနဲ့ ကော်မပေါက်အောင် ကပ်။ ကပ်ပြီး နေလှန်း၊ နေလှန်းပြီး ခြောက်လာရင်ခွဲ။ ခွဲပြီး အဲဒါကို ကွဲစိမယ်။ ကွဲစိပြီး အဲဒီကောင်လေးကို ခြောက်အောင် ပြန်လှန်းရပါတယ်။ ခြောက်သွားပြီဆိုမှ ဒီအရုပ်တွေကို UPG ဆေးတွေနဲ့ အဖြူတို့၊ အဝါတို့၊ အနီတို့ ဖြစ်အောင် နွားဆို နွား၊ ဖိုးဆံမောင်ဆို ဖိုးဆံမောင် (ဖိုးဝရုပ်) ဖြစ်အောင် အဆင့်ဆင့်လုပ်ပြီးတော့ ရွှေတိဂုံဘုရားကို သွားပို့ရတယ်"
ဒီအတတ်ပညာကို ဦးမောင်မြင့်အောင်က သူ့အဒေါ်ဆီကနေ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်ကတည်းက သင်ယူ တတ်မြောက်ခဲ့တာပါ။ ဒီပညာနဲ့ပဲ မိသားစု အသက်မွေးဝမ်းကျောင်းခဲ့ရတယ်လို့ သူ့ရဲ့အစ်မ ဒေါ်အေးအေးမူက ပြောပြပါတယ်။
"အဒေါ်တွေက အရင်တုန်းက အရုပ်လုပ်ငန်းကို လုပ်တယ်။ တူတွေ၊ တူမတွေ အရုပ်လုပ်ငန်းကို လာလုပ်ကြည့်၊ သင်ပေးမယ်ဆိုပြီး အဒေါ်က ခေါ်တာနဲ့ပဲ အရုပ်လုပ်ငန်းကို လုပ်ဖြစ်သွားတာ။ သူက အရုပ်လုပ်ငန်းကို စသင်ပေးတာ။ အရုပ်ကပ်ပုံ၊ ပိတ်ပုံ၊ ခွဲပုံ အစစအရာရာ အဒေါ်က အကုန်သင်ပေးတယ်"
လက်မှုပညာနဲ့လုပ်ထားတဲ့ ဒီ စက္ကူရုပ်လေးတွေဟာ အခုအချိန်ထိလည်း ရန်ကုန်မြို့ရဲ့ အထင်ကရ ရွှေတိဂုံဘုရားစောင်းတန်းစျေးမှာ နေရာယူထားပါတယ်။
သာမန်ရက်တွေမှာ ဒီအရုပ်လေးတွေ အရောင်းအဝယ်ပါးပေမဲ့ လပြည့်နေ့လို အခါကြီး ရက်ကြီး ဘုရားဖူးဧည့်သည် များတဲ့အချိန်တွေမှာတော့ ဦးမောင်မြင့်အောင်တို့ရဲ့ စက္ကူရုပ်လေးတွေ အရောင်းသွက်တယ်လို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် စောင်းတန်းမှာ ဆိုင်ခန်းဖွင့်ထားတဲ့ ဒေါ်သီတာက ပြောပြပါတယ်။
"ဒီပစ္စည်းလေး စရောင်းကတည်းက သူ့ဆီက ယူရောင်းတာပါ။ သူနဲ့ပဲ အမြဲတမ်းပေါ့၊ အရောင်းအဝယ် လုပ်ခဲ့တာပါ။ သူ့လက်ရာလေးတွေကလည်း ကောင်းတယ်လေ။ ဒီလို ဆင်လေးတွေ၊ နွားလေးတွေ၊ မြင်းလေးတွေ၊ ကျားလေးတွေ၊ ဖိုးဝရုပ်လေးတွေ အကုန်လုံးပဲ သူက ဆွဲတာလေ။ အဲဒါလေးတွေကို နိုင်ငံခြားသားတွေလည်း ကြိုက်တယ်၊ မြန်မာကလေးတွေ၊ လူကြီးတွေလည်း ကြိုက်ပါတယ်။ ရောင်းရပါတယ်ရှင့်"
စက္ကူရုပ်လေးတွေဟာ စျေးကွက်ရှိနေသေးပေမဲ့လည်း အသုံးပြုရတဲ့ သင်္ဘောဆေး၊ ကော် စတဲ့ ကုန်ကြမ်းပစ္စည်းတွေ စျေးတက်လာတာ၊ သယ်ယူပို့ဆောင်စရိတ် ကြီးလာတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့ ကြိုးစားရင်း ဘဝရပ်တည်ရေး ခက်ခဲလာခဲ့ပါတယ်။
"သုံးတဲ့ သင်္ဘောဆေးတွေ၊ UPG တို့ဆိုလည်း အရင်က လေးထောင်လောက်ဝယ်ရတဲ့ဟာ အခုတော့ သောင်းကျော်နေပြီ၊ အစစပေါ့။ အခုဆို ကော်မှုန့်ဆိုလည်း အရင်က တစ်ထောင်လောက်က အခု သုံးထောင်လောက်ဖြစ်တယ်။ အရုပ်မခြောက်ရင် ကင်တဲ့အခါသုံးတဲ့ မီးသွေးဆိုလည်း အရင်က ရှစ်ထောင်လောက်က အခု ၁၅၀၀၀ လောက် ဖြစ်သွားတယ်။ သွားပို့တဲ့အခါ ကားခတွေကလည်း အရင်က ၁၅၀၀၀ လောက်က အခုဟာက သုံး၊ လေးသောင်းဖြစ်သွားတယ်။ အဲဒီတော့ ဘဝတွေကလည်း ဒီလိုပဲ လည်ပြီး ကုန်ဆုံးသွားတယ်"
"သုံးတဲ့ သင်္ဘောဆေးတွေ၊ UPG တို့ဆိုလည်း အရင်က လေးထောင်လောက်ဝယ်ရတဲ့ဟာ အခုတော့ သောင်းကျော်နေပြီ၊ အစစပေါ့"
ဦးမောင်မြင့်အောင်တို့ မောင်နှမတွေ အခုလို အခက်အခဲတွေ ကြုံတွေ့ရပေမဲ့လည်း ဝါသနာအရင်းခံပြီး အနှစ်သုံးဆယ်ကျော်လုပ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းပညာနဲ့ပဲ ဘဝကို ဆက်ရပ်တည်သွားမယ်လို့ ဆုံးဖြတ်ထားတာ တွေ့ရပါတယ်။
"ဒီအလုပ်ကလေးက လုပ်လာတာ အနှစ်သုံးဆယ်လောက် ရှိပေမဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးဖြစ်လို့ အခက်အခဲ ဘယ်လောက်ရှိရှိ သန္နိဌာန်ချပြီး ဆက်လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်"