ရန်ကုန်ရောက် ချင်းစစ်ဘေးဒုက္ခသည်တွေရဲ့ အခက်အခဲ

2021.12.27
ရန်ကုန်ရောက် ချင်းစစ်ဘေးဒုက္ခသည်တွေရဲ့ အခက်အခဲ မှော်ဘီမြို့နယ် မြောင်းတကာမှာနေထိုင်နေကြတဲ့ ချင်းစစ်ဘေးဒုက္ခသည်များကို ၂၀၂၁ ဒီဇင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာမှာရှိတဲ့ ဗေသလရွာကို ရောက်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်က စစ်ဘေးဒုက္ခသည် ချင်းတိုင်းရင်းသား၂၅၀လောက်ဟာ တစ်နှစ်နီးပါး အလှူရှင်တွေရဲ့ ကူညီမှုနဲ့ စားဝတ်နေရေးကို ရပ်တည်နေခဲ့ကြရတာပါ။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်း ကစပြီး အလှူရှင်တွေ မလာသလောက် နည်းသွားသလို အလုပ်အကိုင်လည်း ရှာဖွေရ ခက်ခဲသွားတာကြောင့် အဲဒီမှာနေထိုင်တဲ့ ခူမီးနဲ့ မြို စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံနေရပါတယ်။

ကျီးလေရွာကနေ ထွက်ပြေးလာတဲ့ ဦးကံထွန်းတို့ မိသားစုက အလှူရှင်တွေ ရောက်မလာတဲ့ နောက်ပိုင်း ကြုံနေရတဲ့ အခက်အခဲတွေကို ရှင်းပြပါတယ်။

“ကျနော်တို့က ဒီမှာစိုက်ပျိုးရေး နယ်မြေမကျွမ်းတဲ့ အခါကျတော့ ဒီအတိုင်းအိမ်မှာ ငုတ်တုတ်ထိုင်ပြီးတော့ စားနေရတာဆိုတော့ အခက်အခဲတော့ရှိတာပေါ့၊ အသွားအလာလည်း ကျနော်တို့က မသွားတတ်ဘူး ဆိုတော့ မြို့ထဲမှာလည်း မသွားတတ်ဘူး အလုပ်လည်း မလျှောက်တတ်ဘူးဆိုတော့ ဒီလိုပဲ အိမ်မှာပဲ ငုတ်တုတ်ထိုင်ဆိုတော့ အခက်အခဲတွေ ရှိပါတယ် ”

စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်အခဲအပြင် ပလက်ဝကနေ ထွက်လာချိန်မှာ မှတ်ပုံတင်နဲ့ ထောက်ခံစာ ပါမလာလို့ လက်ရှိနေထိုင်တဲ့ ရပ်ကွက်ကနေ ထောက်ခံစာ တောင်းလို့မရတဲ့ ပြဿနာနဲ့ ရင်ဆိုင် နေရပြီး အလုပ်လျှောက်မရတာ၊ ကျောင်းတက်ဖို့ ခက်ခဲတာတွေပါ ရင်ဆိုင်နေကြရပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ အထည်ချုပ်စက်ရုံ အလုပ်သမားကနေ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ပလက်ဝမြို့က မနန့်သီတာကလည်း အလှူရှင်တွေရဲ့ ကူညီမှုကိုပဲ မျှော်လင့်နေရပါတယ်။

“ တိုက်ပွဲတွေဘာတွေဖြစ်တယ် ကိုယ့်ရွာမှာ စားဝတ်နေရေး အခက်အခဲရှိတယ်၊ အလုပ်အကိုင်တွေလည်း လုပ်လို့မရဘူး၊ ဘယ်မှ ထွက်လို့မရဘူးပေါ့၊ အခက်အခဲစုံလို့ ဒီကိုရောက်လာတာ ဖြစ်ပါတယ်၊ ဒီမှာ ကျနော့် စားဝတ်နေရေးတော့ အလှူရှင်တွေ ပေးတာပဲ စားရတာပါ၊ အလုပ်အကိုင်တော့လည်း မရှိဘူး၊ စက်ရုံမှာတော့ အလုပ်ရှိတယ် အခုတော့ မရှိတော့ပါဘူး ”

မနန့်သီတာဟာ လက်ရှိအိမ်မှာပဲ ချင်းရိုးရာ အထည်လေးတွေ ချုပ်နေပေမယ့် အလုပ်အပ်သူက တစ်ခါ တလေမှပဲ ရှိတာကြောင့် ပုံမှန်ဝင်ငွေ မရှိပါဘူး။

မီးလက်ဝရွာကနေ ဟားခါးမြို့ဘက် ထွက်ပြေးခဲ့ရပြီး အဲဒီမှာ အဆင်မပြေလို့ ရန်ကုန်ကို ရောက်လာတဲ့ ဦးအောင်လေးတို့ မိသားစုဟာ ရန်ကုန်မှာလည်း အဆင်မပြေတဲ့ ဘဝကို ရင်ဆိုင်နေရပါတယ်။

“အလုပ်က မရှိပါဘူး၊ ဒီရတဲ့အလုပ်ကိုပဲ ဥပမာ နေ့စားရှိရင်တော့ နေ့စားလုပ်တယ်၊ မရှိရင်တော့ ဒီအတိုင်း ပဲပေါ့၊ ဒီဆရာခေါင်းဆောင်တွေက သူတို့ ကျနော်တို့ကို မပေးရင်တော့ ကျနော်တို့လည်း ဘာမှမတတ် နိုင်ဘူး၊ ကျနော်တို့က အသိအကျွမ်းလည်း မရှိဘူး၊ ဒီမှာ အိုးအိမ် ကိုယ့်မြေအပိုင် အကွက်တောင်မှ မရှိဘူး၊ သူများမြေနေရာမှာပဲ လုပ်နေရတာ ”

ဒီလိုအချိန်မှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရပေမယ့်လည်း ပလက်ဝမှာ တိုက်ပွဲတွေကြား နေခဲ့ရတာ ထက်စာရင်တော့ ဒီမှာက ပိုပြီးအဆင်ပြေတယ်လို့ ဦးအောင်လေးက သူ့ကိုယ်သူ ဖြေသိမ့်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ အလှူရှင်တွေ လှူဒါန်းထားတဲ့ မြေနဲ့အိမ်တွေမှာ နေထိုင်နေကြရပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း အလှူရှင်တွေ ရောက်မလာတော့တာကြောင့် ခူမီးဧဝံဂလိအသင်းတော်က ရှိတာနဲ့ ခွဲဝေပေးနေရပါတယ်။

"အလုပ်က မရှိပါဘူး စားဝတ်နေရေးတော့ အလှူရှင်တွေ ပေးတာပဲ စားရတာပါ။"

ဒီလိုကူညီမှုကလည်း ဘယ်လောက်ကြာကြာ ရလိမ့်မယ်ဆိုတာ မသေချာတာကြောင့် ပလက်ဝမြို့က ထွက်ပြေးလာတဲ့ ဒေါ်နန့်ဗစ်က စိုးရိမ်နေပါတယ်။

nawbi-chin-refugees
(ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက ဗေသလရွာမှာရှိတဲ့ ချင်းစစ်ဘေးဒုက္ခသည်များ နေထိုင်ရာ စခန်းကို ၂၀၂၁ ဒီဇင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်) Photo: RFA

“ ဒီမှာက ငါးလလောက်ကြာပြီ၊ စားဝတ်နေရေးက အခက်အခဲကြုံတယ်၊ အခုလောလောဆယ်ကတော့ ဆရာကြီးတွေပေးလို့ စားရတာပါ၊ သူတို့ပေးလို့ လောလောဆယ်က အဆင်ပြေတယ် ဒါပေမဲ့ နောင်မှာ ပြောလို့မရတော့ဘူး၊ အလုပ်တွေက ဘာမှမရှိတော့ဘူးရှင့် ”

သူကိုယ်တိုင် ကြုံရာကျပန်း လုပ်မယ်ဆိုပြီး အလုပ်ရှာပေမယ့်လည်း အခက်အခဲ အမျိုးမျိုးကြောင့် အလုပ် ရှာမရဘဲ အသင်းတော်က ပေးတာနဲ့ပဲ စားနေရတာလို့ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ဦးဆောင်ကူညီပေးနေတဲ့ ခူမီး ဧဝံဂလိအသင်းတော်ရဲ့ သင်းအုပ်ဆရာ ဦးကံလွတ်က ဒုက္ခသည်တွေ ကြုံနေရတဲ့အခြေအနေကို ရှင်းပြပါတယ်။

“ စားဝတ်နေရေးကတော့ အများအားဖြင့် ကျနော်တို့ရဲ့ အဓိကတော့ ရန်ကုန်တိုင်းဒေသ အနီးတစ်ဝိုက်မှာ ရှိတဲ့ ယုံကြည်သူ မိဘပြည်သူများ အလှူရှင်များကိုပဲ မှီခိုပြီးတော့ စားသောက်နေရတယ်၊ ကျနော်တို့ ဒီအာဏာ မသိမ်းခင်က စာလို့ရှိရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း အလှူရှင်တွေ သိပ်မလာရဲတော့ဘူး၊ အရင်ကဆိုရင်တော့ အလှူရှင်တွေက ကားအကြီးတွေနဲ့ပေါ့နော် လာပြီးတော့ ဆန်၊ ဆီ၊ ဆားတွေ အပြည့် အဝ ယူလာပေးတဲ့ ပို့ပေးတဲ့ အခြေအနေတွေရှိတယ်၊ ဆန်အိတ်ဆိုရင်လည်း အကြီးကြီး တွေပေါ့၊ အခု ဒီ နောက်ပိုင်းကျလို့ရှိရင်တော့ ဆန်အိတ်က အသေးလေး တစ်ပြည် နှစ်ပြည် စသဖြင့် အဲတာပဲရှိတော့တယ် ”

ဒုက္ခသည် အားလုံးဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကဖြစ်ပြီး အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေး လာခဲ့ကြတာပါ။

ဒါပေမဲ့ အသက် ၇၀ အရွယ် ရီမ၀ ရွာသူ ချင်းအဖွားအို ဒေါ်ဆယ်သိန်းကတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာမှ ရန်ကုန်ကို လူကြုံနဲ့အတူ ရောက်လာခဲ့သူပါ။

“ အစားအသောက်လည်း အဆင်မပြေဘူး၊ ဟိုသွားဒီသွားလည်း လုပ်လို့မရဘူး အဲတာကြောင့် ဒီကို ရောက်လာရတာ၊ လောလောဆယ် နေစရာအိမ်လည်း မရှိသေးဘူး၊ အဓိက ကတော့ အလှူရှင်ပေးတာ ကျွေးတာကို မျှော်လင့်ဖို့ပဲ ရှိတော့တယ်”

ဒေါ်ဆယ်သိန်းဟာ သူနေထိုင်တဲ့ ပလက်ဝမြို့နယ် ရီမဝရွာမှာ စားသောက်နေထိုင်ရေး ဘယ်လိုမှ အဆင် မပြေတာကြောင့် စက်လှေနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို လာခဲ့ပြီးမှ ကျောက်တော်ကနေ လူကြုံ အကူအညီနဲ့ ရန်ကုန်ကို ရောက်လာတာပါ။

အခုတော့ သူ့လို စစ်ဘေးဒုက္ခသည် မိသားစုတစ်စုကပဲ ဒေါ်ဆယ်သိန်းကို ပြန်ပြီး ကူညီထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။