ကန္တာရထဲက အိုအေစစ် (သို့) ပဲခူးရိုးမတောင်ခြေက တိုင်းရင်းသားမိဘမဲ့ကျောင်း

ပဲခူးရိုးမတောင်ခြေအနီးက ဒီနေရာလေးဟာ ခိုလှုံရာရင်ခွင့်မဲ့ပြီး ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ နေရတဲ့ အရွယ်မျိုးစုံ မိဘမဲ့ကလေးတွေကို မေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးထားတဲ့ တိုင်းရင်းသား မိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးကျောင်း ဖြစ်ပါတယ်။
ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၄၉ မိုင်အနီး ပဲခူးတိုင်း၊ တောင်ငူမြို့ အနောက်ဘက် ၁၃ မိုင်အကွာက အနောက်အင်ဒိုင်းကျေးရွာမှာ တည်ရှိပါတယ်။
ဒီကျောင်းမှာ တောင်ငူ၊ ဖြူးနဲ့ အုတ်တွင်း မြို့နယ်အပိုင် ပဲခူးရိုးမတောင်ခြေအနီး ကျေးရွာတွေက မိဘမဲ့ကလေး၊ မိဘရှိပေမယ့် မကျွေးမွေးနိုင်၊ ပညာသင်မပေးနိုင်တဲ့ ကလေး ၁၀၈ ဦး ရှိပါတယ်။ ကလေးတွေဟာ အရွယ်မျိုးစုံဖြစ်ပြီး သုံးလကနေ အသက် ၂၀ နီးပါးထိ ပါဝင်ပါတယ်။
ဒီကျောင်းကို စတင်တည်ထောင်သူက ဦးဆောင်ဆရာတော် ဦးသေဋ္ဌိလပါ။ ဆရာတော်က ကလေးတွေအတွက် နေ့စဉ် စားဝတ်နေရေးသာမက မူလတန်းနဲ့ အလယ်တန်းအဆင့်ကို အစိုးရကျောင်းတွေမှာ ထားပေးပါတယ်။ အထက်တန်းအဆင့်ကိုတော့ ကိုယ်ပိုင်ကျောင်း အဖြစ် သင်ကြားနိုင်အောင် ဆရာတော်က စီစဉ်ပေးထားပါတယ်။
ဒီကျောင်းဟာ မြို့နဲ့အလှမ်းဝေးကွာပြီး ပဲခူးရိုးမတောင်ခြေမှာ ရှိတာကြောင့် အစ ကတည်းက လာရောက် လှူဒါန်းသူ နည်းပါတယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနဲ့ အာဏာသိမ်း နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် အခုချိန်မှာတော့ ကလေး တစ်ရာကျော်အတွက် နေ့စဉ် ထမင်းသုံးနပ်ကို လောက်ငအောင် စီစဉ်ဖို့ အတော်ခက်ခဲလာတယ်လို့ ဦးဆောင်ဆရာတော် ဦးသေဋ္ဌိလက မိန့်ပါတယ်။
"အလှူရှင်တွေကတော့ အခုအချိန်အခါမှာ မနက်အစောကြီး အစောဆွမ်း အရုဏ်ဆွမ်း ကျတော့လည်း လာမလှူနိုင်ဘူးပေါ့။ ညနေစာကျတော့လည်း မှောင်ရင် သွားရလာရ ခက်ခဲတာကြောင့် မလာကြဘူး။ နေ့လယ်စာကတော့ တော်တော်များများ လာကြတယ်။ ဒီကလေးတွေအတွက်တော့ ဦးပဉ္စင်းတို့က တာဝန်ယူထားတာ ဖြစ်တဲ့အတွက်ကြောင့် အဆင်မပြေ၊ ပြေအောင်တော့ လုပ်တာပေါ့။ နောက်ဆုံး အဆင်မပြေတဲ့အခါ ရှိရင်လည်း ချေးငှားပြီး ကျွေးရတာပေါ့"
ကလေးငယ်တွေအတွက် မနက်စာနဲ့ ညနေစာကို လာရောက်လှူဒါန်းသူမရှိတာ လအတော် ကြာနေပါပြီ။
"နောက်ဆုံး အဆင်မပြေတဲ့အခါ ရှိရင်လည်း ချေးငှားပြီး ကျွေးရတာပေါ့"
အလှူရှင်တွေ လှူဒါန်းလိုရင် ကူညီစောင့်ရှောက်ထားသူ ရဟန်းသံဃာတွေအတွက်နဲ့ ကလေးတွေအတွက် အာရုံဆွမ်း တစ်နပ်ကို ကျပ်တစ်သိန်း၊ နေ့ဆွမ်းတစ်နပ်ကို ကျပ် တစ်သိန်း နှစ်သောင်း၊ ညနေစာအတွက်ကို ကျပ်တစ်သိန်းနဲ့ စီစဉ်ချက်ပြုတ်ပေးနေတယ်လို့ ဆရာတော်က မိန့်ပါတယ်။
ပဲခူးရိုးမအနီးတစ်ဝိုက် ကျေးရွာတွေက ကလေးငယ်တွေ ပညာသင်ကြားဖို့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလွန်းတာကြောင့် လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကစလို့ ဆရာတော် ဦးသေဋ္ဌိလက ဘုန်းကြီးကျောင်းမှာ ခေါ်ထားရာကနေ အခုလို မိဘမဲ့ကျောင်းလေး ဖြစ်လာတို့လို့ ဆရာတော်ကရှင်းပြပါတယ်။
ဒီမိဘမဲ့ကျောင်းရဲ့ ဦးဆောင်ဆရာတော်က ကလေးတွေကို အရမ်းဂရုစိုက်တာ တွေ့ရပြီးတဲ့ နောက်မှာ အခက်အခဲတွေကို ကူညီလိုတဲ့စိတ်နဲ့ ကိုယ်တိုင် မကြာခဏလှူဒါန်းသလို တခြားအလှူရှင်တွေကိုလည်း ကူညီရှာဖွေပေးနေတယ်လို့ တောင်ငူမြို့ခံ ကိုကဲက ပြောပါတယ်။
"ဒီမွေးကင်းစကနေ ဆယ်တန်းပြီးတဲ့အထိ ဦးပဉ္စင်းက ကလေးတွေကို အကုန်လုံး ဂရုစိုက်ပေးတယ်။ ပညာရေးကို အရမ်းအားပေးတယ်။ ပညာသင်ဖို့တောင် ဆရာတွေကို ဦးပဉ္စင်းက အမြန်လမ်းဘက်ကနေ တောင်ငူမြို့ထဲကို အကြိုအပို့ လုပ်ပြီးတော့ ဦးပဉ္စင်းရဲ့ အခက်အခဲတွေကိုလည်း ကိုယ်ချင်းစာတယ်ဗျာ။ အဲဒါကြောင့် အမြဲတမ်း လှူဖြစ်အောင် အလှူရှင်တွေ ရှာပေးတယ်။ ကိုယ်တိုင်လည်း ကူညီတယ်"
ကလေးတွေကို ချစ်တဲ့စိတ်စေတနာ တစ်ခုတည်းနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစပြီး လာရောက် လှူဒါန်းရင်းကနေ အခုဆို လတိုင်းနီးပါး တတ်နိုင်သလောက် လာရောက် ကူညီဖြစ်တယ်လို့ ကိုကဲက ဆိုပါတယ်။
ပဲခူးရိုးမအနီး မြပင်ကူးကျေးရွာက ဆယ်ကျော်သက်အရွယ် မယုမွန်အောင်ကတော့ ဒီမိဘမဲ့ ပရဟိတကျောင်းကနေ ဆယ်တန်းအောင်ခဲ့သူပါ။
အခုတော့ သူက ဒီကျောင်းမှာ ထမင်းဟင်းချက်ရင်း အားတဲ့အချိန်တွေမှာ ကလေးတွေကို စာသင်ပေးနေပါတယ်။
သူ့မှာ မိဘတွေရှိပေမယ့် ပညာဆုံးခန်းတိုင်အောင် မထားပေးနိုင်တာကြောင့် ဆရာတော်ရဲ့ ကျောင်းမှာ လာရောက် ခိုလှုံရင်း ဆယ်တန်းအောင်ခဲ့တာပါ။
အခုချိန်မှာ အလှူရှင်နည်းလွန်းတာကြောင့် ဆရာတော်က ကလေးတွေအတွက် နေ့စဉ် အစားအစာကို ခက်ခက်ခဲခဲ စီစဉ်ပေးနေရတယ်လို့ မယုမွန်အောင်က ပြောပါတယ်။
"အပြင်ဘက် ကိုယ့်ရွာတွေဘက်၊ အိမ်တွေဘက်မှာဆိုရင် အစားအသောက် တော်တော် ဆင်းရဲကုန်ပြီလေ။ ကုန်ပစ္စည်းတွေ ဆိုရင်လည်း အကုန်လုံး ဈေးတက်နေပြီ။ ဒါပေမဲ့ ဘုန်းဘုန်းက အဲဒီကြားထဲကနေမှ အလှူရှင်တွေ မရှိတဲ့အခါကျရင် ကြာဇံပြုတ် ကျွေးတယ်။ ဈေးသွားတယ်။ ကြက်ဥကြော်ကျွေးတယ်။ တို့ဟူးကျိုကျွေးတယ်။ အဲလိုမျိုး မရှိတဲ့ကြားကနေပဲ ဟင်းသီးဟင်းရွက်တွေ ချက်ကျွေးတယ်။ အဲလိုလုပ်ပေးတယ်"
ခုအခါမှာ တိုင်းပြည်မငြိမ်မသက်လည်း ဖြစ်နေသလို ပဲခူးရိုးမအနီးမှာလည်း တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကျေးရွာဒေသခံတချို့က သားသမီးတွေကို လုံခြုံစိတ်ချရဖို့ ဒီကျောင်းကို လာပို့ထားတဲ့ ကလေး ၂၀ ကျော်လည်း ရှိနေပါတယ်။

ကျောင်းတည်ရှိနေတဲ့နေရာဟာ တောတောင်ထဲမှာဖြစ်တာကြောင့် နေထိုင်ရေးက အဆင်ပြေနေပေမယ့် အခုလို ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အချိန်မှာ ဆန်၊ ဆီစတဲ့ အခြေခံ စားကုန်တွေ လိုအပ်လာတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“အခုအချိန်ကတော့ အလှူရှင် ဒကာ၊ ဒကာမကလည်း သူတို့လည်း ငွေရေးကြေးရေး ရှားပါတယ်လေ။ ရှားပါး ခက်ခဲတော့ အရင်ကဆိုရင်တော့ လှူနိုင်တာပေါ့။ ဆန်ဆိုရင် လည်း ဆွမ်းလာကပ်တယ်ဆိုရင်လည်း ဆန် တစ်အိတ်လောက် တင်လာတယ်။ အခု ကျတော့ ဆွမ်းကပ်ရုံလောက်ပဲ ကပ်နိုင်တာပေါ့။ ဆန်ဘာညာကျတော့ ဈေးကြီးတော့ ဆီဘာညာ၊ ကြက်သွန်ဘာညာဆိုလည်း တစ်ပိဿာ လေးထောင်လောက်ဖြစ်နေတော့ အလှူရှင်က မလှူနိုင်ဘူးပေါ့ ”
ဒီကျောင်းမှာ လသား နို့စို့အရွယ် ကလေးငယ်တွေရှိနေပြီး နို့မှုန့်ကူညီသူမရှိတာကြောင့် ဆရာတော်ကို လှုဒါန်းတဲ့ ငွေထဲကနေ ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ရင်ခွင်မဲ့နေတဲ့ ကလေးတွေရဲ့ဘဝကို ဒီကျောင်းကနေ ဘဝသစ် တစ်ခုကို ဖန်တီးပေးနိုင်ဖို့ ကလေးတွေ ကိုယ့်ခြေပေါ်ကိုယ်ရပ်ပြီး လှပတဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ကြိုးစားရုန်းကန်ပြီး စောင့်ရှောက် သွားမယ်လို့လည်း မိန့်ကြားပါတယ်။