ငွေဆောင်ကမ်းခြေကို မှီခိုနေသူတွေရဲ့ အခက်အခဲ

စိုးသိမ်း
2021.01.26

ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ဧရာဝတီတိုင်းထဲက ကမ်းခြေတွေကို ခရီးသွားလာခွင့် ပိတ်ထားတာ ၁၀ လကျော်ကြာမြင့်နေပါပြီ။ ကမ်းခြေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်း လုပ်နေကြသူတွေလည်း စားဝတ်နေ ရေး ခက်ခဲနေပါတယ်။

“အရင်တုန်းကတော့ ငါးကင်ရောင်းရတော့ ဝင်ငွေကောင်းတယ်။ အခုကတော့ ဝင်ငွေမကောင်းဘူး။ တော တက်၊ တောင်တက်ပြီးတာ့ ငှက်ပျောရိုးရောင်းတယ်။ အဝတ်လျှော်တယ်ပေါ့။ အဲဒီ အလုပ်ကိုလုပ်တယ်။ ဒါပေမဲ့ ငါးကင်ရောင်းသလောက်တော့ ဝင်ငွေ မကောင်းဘူးပေါ့“

“ကမ်းခြေလေး ပြန်ပြီးတော့ ပွင့်လင်းတယ်။ လမ်းပန်းဆက်သွယ်ရေးလေး ပွင့်လင်းတယ် ဆိုလို့ရှိရင် ကိုယ် က ခေါင်းရွက်ဗျက်ထိုး ရောင်းချစားတဲ့သူဆိုတော့ ရောင်းချစားတာ ပွင့်လင်းလို့ရှိရင် အဆင်ပြေတယ် အခု အိမ်လစာဖိုးတွေ အဆင်ပြေတယ်ပေါ့နော်။ အခုက သူများကြွေးတွေနဲ့ အဆင်မပြေတာက အများကြီးပဲ၊ ကြွေးတွေက ပေးဖို့ရှိတယ်။ ဒီလို ကိုဗစ်ကြီးမှာ ကြွေးသမားတွေကို တောင်းပန်လို့ကလည်း မရဘူး။ စီးနင်းပြီးတောင်းတဲ့ သူနဲ့ နောက်ပြီး မကျေနပ်လို့ရှိရင် အိမ်ရှေ့လာပြီး ဆဲတဲ့ ဆိုတဲ့ သူနဲ့ ကိုယ့်မှာက အလုပ်အကိုင်ကလည်း မရှိတဲ့အခါကျတော့ ဘယ်လိုမှ မပေးနိုင် မကမ်းနိုင်ဘူး“

“ကိုဗစ် စဖြစ်ပြီ ဆိုကတည်းက အခုအချိန်အထိ ဟိုတယ်တွေ ပိတ်သွားတာပေါ့။ အရောင်းတွေ ရပ်သွား တာပေါ့။ အဓိက ကတော့ ဧည့်သည်ကို အားကိုးပြီးတော့ ရောင်းနေရတဲ့ ကမ်းခြေဖြစ်တဲ့အတွက် ဟိုတယ် တွေလည်း ပိတ်တယ်။ ဧည့်သည်လည်း မလာတော့ဘူးဆိုတဲ့အတွက် ဦး အပါအဝင် ဆိုင်အားလုံးက စားဝတ်နေရေး အခက်အခဲလေးတွေတော့ ရှိကြတာပေါ့နော်။ ဝင်ငွေ မရှိတော့ သလောက်ဖြစ်သွားတယ်“

ကမ်းခြေမှာ သုံးဘီးဆိုင်ကယ်မောင်းသူတွေ လည်း အခက်တွေ့နေတာပါ။

“အားလုံးပေါင်းဆိုရင် ကျွန်တော်တို့ အစီးရေ ခြောက်ဆယ် ဝန်းကျင်လောက်ရှိမယ်။ ကျွန်တော်တို့ ဧည့်သည်ကို စောင့်ပြီးတော့ လုပ်ကိုင်စားသောက်တဲ့ သုံးဘီးအဖွဲ့က အယောက် ခြောက်ဆယ်လောက် ရှိမယ်။ အကုန်လုံးက ဘယ်လိုလဲဆိုတာ့ အလုပ်လက်မဲ့ ပုံစံမျိုးပေါ့၊ အလုပ်မရှိတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။ နေရ ထိုင်ရတာ သွားရလာရတာက အရင်လို လုပ်ကိုင်စားသောက်လို့ အဆင်မပြေတော့ဘူး။ ကျွန်တော်တို့က ဧည့်သည်ကို မျှော်ပြီးစားသောက်ရတာ ဧည့်သည်မလာတော့ စားဝတ်နေရေးကအစ အခက်အခဲ ရှိတာပေါ့။ ဘာတွေလုပ်ပြီး ဖြေရှင်းရလဲဆိုတော့ ကမ်းနားသွား၊ ငါးလေး၊ ဖားလေးရှာပေါ့။ အဲဒီလိုပဲ ရှာကြံစားသောက်နေရတာပေါ့“

“Guest House က မဖွင့်ရဘူး ။ မတ်လ ၂၃ ရက်နေ့ ကနေ စပြီးတော့ ပိတ်ထားတယ်ဆိုတော့ တစ်နှစ် ပြည့်တော့မယ်ပေါ့နော်။ အခု ကတော့ အခက်အခဲ ဖြစ်တာက ဝင်ငွေမရှိဘူးပေါ့။ တည်းခိုခန်းနဲ့ ပတ်သက်ပြီးတော့“

“အားလုံးပေါ့လေ။ ကိုဗစ်ရောဂါဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးတော့ အားလုံးပြည်သူတွေ ဒုက္ခရောက်ကြ တာပေါ့။ ဒါပေမဲ့ အထူးသဖြင့် ငွေဆောင်ဆိုတာကတော့ ဧည့်သည်ကို မှီပြီးတော့မှ စီးပွားရှာရတယ်။ လုပ်ကိုင်စားသောက်ကြရတယ်။ အဲဒီအပေါ်မှာတော့ ဧည့်သည်တွေ လုံးဝပိတ်လိုက်တယ်။ ဟိုတယ်တွေလည်း ပိတ်လိုက်ရတယ်။ ဧည့်သည်တွေလည်း အဝင်အထွက် မလုပ်ရဘူး ဆိုတဲ့အခါမှာတော့ တော်တော်ကြီးကို ဒေသတစ်ခုလုံး တော်တော်နစ်နာပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ တည်းခိုခန်း၊ စားသောက်ဆိုင်ကြီးတွေကတော့ ဝင်ငွေ မရှိဘူးဖြစ်သွားတာပေါ့။ ကျွန်တော်တို့ဆိုရင် ဝင်ငွေ ဇီးရိုးနဲ့ နေခဲ့ရတာ ရှစ်လ၊ မိုးရာသီကိုဖယ်ရင် မနှစ်က မတ်၊ ဧပြီဆိုတာ တစ်ကယ့်ကို ဝင်ငွေအကောင်းဆုံး အချိန်မှာ ပိတ်လိုက်ရတာ တအားကို နစ်နာဆုံးရှုံးမှုရှိတာပေါ့“

ကမ်းခြေဒေသတွေဟာ ပွင့်လင်းရာသီမှာ ဧည့်သည်ဝင်တာများပြီး မိုးကာလမှာတော့ ဧည့်သည်နည်းပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ မတ်လကတည်းက ကမ်းခြေတွေကို ပိတ်ထားလို့ ကမ်းခြေကိုမှီခိုနေသူတွေ အခက်အခဲ ဖြစ်နေပေမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ငွေဆောင်ကမ်းခြေတဝိုက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တစ်ဦးမှ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။