မြစ်ကြီးနားမြို့က စေတနာ့ဝန်ထမ်း ကက်သလစ်သီလရှင် အန်နူးတောင်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2021.08.10

‘ရွာမှာက သိတဲ့အတိုင်း အမြဲတမ်းပဲ စစ်ကြောင်းဝင်ရင် ထွက်ပြေးရတယ်။ ပုန်းရှောင်ရတယ်။ တောထဲမှာ ထွက်ပြေးရ၊ ဗုံးကျင်းခိုရ၊ သူတို့ပြန်သွားမှ ရွာကို ပြန်လာရတယ်။ ငယ်ငယ်ကတည်းက သူတို့ပေါ်တာဆွဲတာ။ သတ်ဖြတ်တာတွေ တွေ့ခဲ့ရတော့ စစ်သားဝတ်စုံတွေ့ရင် ရဲဝတ်စုံ တွေ့ရင် အရမ်းကြောက်တယ်၊ တုန်နေတယ်’

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကက်သလစ်သာသနာပြု သီလရှင် စစ္စတာ အန်နူးတောင်ဖြစ်ပါတယ်။

ရှမ်းပြည်နယ် နမ့်ခမ်းမြို့ကနေ စစ်ပြေးဒုက္ခသည် တစ်ယောက်အနေနဲ့ ပြေးရင်းလွှားရင်း အခု အသက် ၄၀ အရွယ်မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘဝတူ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူပါ။

ငွေကြေးချို့တဲ့သူတွေ စစ်ဘေးဒုက္ခသည်တွေအတွက် ရည်ရွယ်ဖွင့်ထားတဲ့ ကက်သလစ်သာသနာပြုအဖွဲ့ ဆေးခန်းမှာ သူနာပြုတစ်ဦးလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေကြားမှာ ကြီးပြင်းခဲ့ရလို့ မြန်မာစစ်သားတွေကို မြင်တာနဲ့ ကြောက်နေတယ်ခဲ့တယ်ဆိုပေမယ့် စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့က ဆန္ဒပြပွဲတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကြမ်းဖက် ဖြိုခွဲချိန်မှာ စစ္စတာ အန်နူးတောင်ဟာ စစ်သားတွေရဲ့ ရှေ့ကနေ ရပ်ပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် မပစ်ခတ်ဖို့ ငိုကြွေး တောင်းပန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်က မြန်မာလူမှုကွန်ရက်ကနေ နိုင်ငံတကာအထိ လူသိများသွားခဲ့ပါတယ်။

sis-anNuu.jpg
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြစ်ကြီးနားမြို့မှာ ဆန္ဒပြသူတွေကို မဖြိုခွင်းဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှေ့က တောင်းဆိုနေတဲ့ စစ္စတာ အန်နူး။  (Photo: CJ)

‘စစ္စတာ ငိုယိုပြီးတောင်းပန်တယ်။ရဲတွေရှိတဲ့ နေရာ၊ စစ်သားတွေရှိတဲ့ နေရာကိုပြေးပြီး အရူးလိုပဲ ကြက်မက ကလေးတွေကို ကာကွယ်တဲ့ ပုံစံပဲ။ ကိုယ့်ဟာကိုယ်တောင် သတိမရဘူး။ သေလည်း သေပါစေဆိုပြီး ပြည်သူတွေ အသတ်ခံရမှာ စစ္စတာ မလိုလားဘူး’

‘အဲ့ဒီနေ့ကဆိုရင် ဆန္ဒပြတဲ့သူတွေထဲမှာ ရှေ့နေတွေရော ကျောင်းဆရာ၊ ဆရာမတွေရော ဘာသာပေါင်းစုံ ဌာနပေါင်းစုံပါတယ်။ လန့်သွားတာပေါ့။ သူတို့ကို သတ်မှာ ကြောက်လို့ ရိုက်မှာ ကြောက်လို့ဆိုပြီးပဲ စိတ်ထဲမှာ ရှိတယ်။ သေပါစေ၊ ရိုက်ပါစေ သူတို့ရပ်တဲ့အထိ တောင်းပန်မယ်ဆိုတဲ့ စိတ်ပဲရှိခဲ့တယ်’

သူ ဒီလိုတောင်းပန်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေကတော့ အမိန့်အတိုင်း ဆက်လက်ပစ်ခတ်ခဲ့တာမို့ စစ္စတာ အန်နူးတောင် တစ်ယောက် သူ့ရှေ့မှာတင် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း လိုက်လံကောက်ယူခဲ့ရပါတယ်။

sister-annuuw.jpg
မတ်လလယ်ပိုင်းက မြစ်ကြီးနားမြို့မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖြိုခွင်းမှုကြားက စစ္စတာ အန်နူး။ (Photo: CJ)

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ လူပေါင်း ၉၀၀ ကျော် ရှိသွားပါပြီ။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထုကို လှုပ်လို့မရအောင် ဖိနှိပ်တာက တစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တတိယလှိုင်းက အတော်လည်း ပြန်ဆိုးလာတာမို့ လတ်တလော မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ခပ်ကြဲကြဲပဲ တွေ့ရပါတော့တယ်။

ဆန္ဒပြပွဲတွေမှာ စစ်ကောင်စီ တပ်သားတွေကို ပစ်ခတ်လို့ သေဆုံးတဲ့ အလောင်းတွေကို လိုက်လံကောက်သိမ်း၊ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှု ပေးခဲ့ရတဲ့ စစ္စတာ အန်နူးဟာ အခု ကိုဗစ်တတိယလှိုင်း ဆိုးလာတဲ့အချိန်မှာတော့ ကိုဗစ်လူနာတွေကို ဆက်လက် ကုသနေပေးနေရပြန်ပါတယ်။

ကက်သလစ် သာသနာပြုဆေးခန်းကိုလာတဲ့ ကိုဗစ်လူနာတွေအပြင် မလာနိုင်တဲ့ ဝေးလံတဲ့ရွာတွေအထိ သွားပြီး စစ္စတာအန်နူးတောင်ဟာ ကိုဗစ်လူနာတွေနဲ့ နေ့စဉ်ထိတွေ့နေရပါတယ်။

‘ကိုဗစ် လက္ခဏာရှိတယ်။ စစ်တဲ့နေရာက မရှိဘူး။ စစ်ဖို့ ပိုက်ဆံက မရှိဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ခွဲနေရမယ် ဆိုတာကိုလည်း အသိပညာ အားနည်းကြတယ်။ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို မသိတဲ့သူတွေ အများကြီးရှိတယ်’

‘သူတို့ မိသားစုတွေ ခံစားနေရတာတွေ့တယ်။ ဆုံးရှုံးနေရတာ တွေ့တယ်။ သေကြေနေတာတွေ တွေ့တယ်။ အဲ့လိုတွေ့တော့ မနေနိုင်တော့ဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကူးချင်ကူးပါစေ။ သူတို့ကို ကူးရင်းနဲ့ သေသွားရင်လည်း မတတ်နိုင်ဘူး။ ကြောက်နေလို့ မဖြစ်တော့ဘူး။ အသက်တွေ အများကြီး ဆုံးရှုံးရတော့မယ်’

sisannuu.jpg
ကိုဗစ်လူနာတွေကို ကူညီကုသပေးဖို့ ပြင်ဆင်နေတဲ့ စစ္စတာ အန်နူး။ (Photo: CJ)

စစ္စတာ အန်နူးဟာ နိုင်ငံရေး၊ လူမှုရေးတွေ လုပ်ရင်း လူသိများလာတာကြောင့် အာဏာပိုင်တွေရဲ့ စောင့်ကြည့်တာ ခံနေရတယ်လို့လည်း ဆိုပါတယ်။

‘အမှန်တရား လုပ်တဲ့သူ ကောင်းတာ လုပ်တဲ့သူဆိုရင်တော့ လူမုန်းများတယ်။ တချိန်လုံး ကြောက်နေမယ်။ သူများ အပြစ်တင်မှာစိုးလို့ မလုပ်ရဲ မကိုင်ရဲဖြစ်နေမယ်။ ကြောက်နေမယ်ဆိုရင် ဘာမှလုပ်ဖြစ်တော့ဘူး မဟုတ်ဘူး’

ကက်သလစ် သီလရှင် စစ္စတာ အန်နူးထောင်ကတော့ အခုမြန်မာနိုင်ငံသားတွေအပေါ် ကျရောက်နေတဲ့ စစ်အာဏာသိမ်းမှု အမြန်အဆုံးသတ်ဖို့၊ ကိုဗစ်ကပ်ရောဂါတွေ ကင်းဝေးဖို့နဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ် နိုင်ငံတော်ကြီး ပေါ်ပေါက်လာဖို့ ဆုတောင်းနေမိတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။