စစ်ဘေးဒဏ်သင့်ပြည်သူတွေကို မြောင်လူငယ်ကွန်ရက်ကူညီနေ
2022.12.15
မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေမီးရှို့လို့ ပြည်သူတွေရဲ့အိမ် တစ်သောင်းကျော် မီးလောင်ဆုံးရှုံးခဲ့ရသလို သောင်းနဲ့ချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ မကြာခဏ စစ်ကြောင်းထိုးနေတာတွေကြောင့်လည်း နေ့တိုင်းလိုလို စစ်ပြေးဒုက္ခသည်ထောင်နဲ့ချီ ရှိနေပါတယ်။
သူတို့ကို ကူညီဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ ကစလို့ လူထုအကျိုးပြု မြောင်လူငယ်ကွန်ရက် (Youths for Community - YFC Myuang) ကို ဖွဲ့စည်းခဲ့တဲ့အကြောင်း အဲဒီကွန်ရက်က မအမရာ က ပြောပြပါတယ်။
“ ဒီအဖွဲ့ဖြစ်ပေါ်လာရတဲ့ ရည်ရွယ်ချက်ကတော့ မြောင်မြို့နယ် တော်လှန်ရေးကာလအတွင်းမှာ ဒီလူငယ်တွေက တော်လှန်ရေးမှာ အားသွန်ခွန်စိုက် အားဖြည့်ပါဝင်နေသလိုမျိုးပဲ တော်လှန်ရေး ကာလအလွန်မှာလည်း ဒီလူငယ်တွေက ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေကို ပါဝင်ပြီးတော့မှ တစိုက်မတ်မတ်နဲ့ ပါဝင်ပြီး အားဖြည့်ပေးဖြစ်နေမယ်”
လက်နက်ကိုင်တော်လှန်ရေးမှာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်တဲ့ လူငယ်တွေနဲ့ YFC အဖွဲ့ကို ဖွဲ့စည်းထားတာလို့လည်း မအမရာက ပြောပါတယ်။
“မြောင်လူငယ်ကွန်ရက်အတွင်းမှာရှိနေတဲ့ လူငယ်တွေက ဘွဲ့ရလူငယ်တွေ ရှိတယ်။ နောက်တောင်သူလူငယ်တွေ ရှိတယ်။ တက္ကသိုလ် ကျောင်းတက်နေတဲ့သူတွေ ဘွဲ့ရလူငယ်တွေနဲ့ ဖွဲ့စည်းထားတယ်။ စံတန်ဖိုးထားမှုအပိုင်းတွေကကျတော့ လူငယ်တွေက ဖက်ဆစ်အာဏာရှင် စနစ်ကျဆုံးဖို့အတွက် အာဏာရှင်ဆန်နေတဲ့ နည်းမျိုးစုံကို တွန်းလှန်နေတယ်။ နောက်တစ်ခုက လူငယ်တွေကိုယ်တိုင်က ဖက်ဒရယ်ရဲ့ အမြင် ဒီမိုကရေစီရဲ့အနှစ်သာရတွေကို တန်ဖိုးထားမှုတွေနဲ့ ချီတက်နေတဲ့ လူငယ်တွေဖြစ်တယ်။”
လက်ရှိမှာ မြောင်လူငယ်ကွန်ရက်အနေနဲ့ သူတို့ဒေသက အိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအားလုံးအတွက် မကူညီနိုင်သေးဘဲ နှစ်ဆယ်ရာခိုင်နှုန်းစာလောက်ပဲ ဆောင်ရွက်ပေးနိုင်သေးတယ်လို့ ပြောပြပါတယ်။
“ ပြည်သူလူထူရဲ့ အခက်အခဲအကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်တဲ့ အတိုင်းအတာက ရာခိုင်နှုန်းအားဖြင့် ပြောရမယ်ဆိုရင် ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူတွေက လွန်ခဲ့တဲ့အပတ်ကဆို သောင်းဂဏန်းအထိ ရှိသွားတယ်။ နောက်တစ်ခုက မီးဘေးသင့်ကျေးရွာပေါင်း ကိုးရွာရှိခဲ့တယ်။ ပြည်သူလူထုရဲပြဿနာက စားဝတ်နေရေး ပြဿနာတွေ ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှု မရနေတဲ့ ပြဿနာတွေ၊ နောက်အမိုးအကာမရှိနေတဲ့ ပြဿနာတွေ၊ နောက်အားလုံးက မီးဘေးသင့်ပြည်သူတွေ ဖြစ် သွားပြီးတဲ့ ပြဿနာရဲ့နောက်မှာ အနွေးထည်၊ အဝတ်အထည်ကအစ လုံခြုံမှုမရှိနေတာ နွေးထွေးမှုမရှိနေတဲ့ အပိုင်းတွေပေါ့။ လိုအပ်ချက်တွေများ နေတဲ့အပိုင်းမှာ ကျွန်မတို့အနေနဲ့ နောက်ကွယ်ကနေ ကူညီပေးနိုင်တဲ့ အစိတ်အပိုင်းက စားနပ်ရိက္ခာ အသင့်အတင့်ဖြည့်တင်းပေးနိုင်တဲ့ အပိုင်းတွေနဲ့ ပြည်သူကနေ ပြည်သူကို ဖေးမကူညီပေးနေတဲ့ အနွေးထည်ကူညီပေးတာ အမိုးအကာကူညီပေးတာလောက်လေးတွေကိုပဲ ကူညီပေးနိုင်တဲ့ အခြေအနေမျိုးပဲ ရှိပါသေးတယ်ရှင့်”
(YFC) လူငယ်ရဲ့ စစ်မီးသင့်ဒေသခံတွေအတွက် စားသောက်ရေးကို လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ဖို့ ကိုယ်ပိုင်မြေကွက်လေးတွေမှာ ဟင်းသီးဟင်းရွက်တွေကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးတဲ့ အစီအစဉ်ကို အောင်အောင်မြင်မြင်ဆောင်ရွက်နေပါတယ်။ အဲဒီအကြောင်းကိုအဖွဲ့ရဲ့ ဒု-တာဝန်ခံ ကပြောပြပါတယ်။
“ ဒီကိုယ့်မှာ ရှိထားတဲ့ ယာမြေလေးတွေကို အသုံးချပြီးတော့မှ စိုက်ကွက်လေးတွေ ဖော်ဆောင်တယ်။ ဒီစိုက်ကွက်ကနေ ရလာတဲ့ အကျိုးအမြတ် အသီးအနှံအားလုံးက ပြည်သူလူထုအတွက် အခြေခံခြင်း ဖြစ်တဲ့အတွက်ကြောင့် ဒီစိုက်ကွက်ရဲ့အကျိုးအမြတ်အားလုံးသည် မြို့နယ်အတွင်းမှာ တော်လှန်ရေးကာလအတွင်းမှာ ရှိနေတဲ့ စားဝတ်နေရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်ရှင့်”

သူတို့အနေနဲ့ ကိုယ်တတ်နိုင်တဲ့ထောင့်ကနေ ကူညီဖို့ကြိုးစားနေတာလို့လဲ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
“ကျွန်မတို့ မီးဘေးရှောင်၊ စစ်ဘေးရှောင် အဲဒီသူတွေကို ကျွန်မတို့က စားနပ်ရိက္ခာ၊ သစ်သီးဝလံလေး တွေကို ကိုယ်ပိုင်စိုက်ခင်းလေး လုပ်ပြီးတော့ ပို့နေပါတယ်။ ခရမ်းချဉ်တို့ ချဉ်ပေါင်တို့ ဘူးရွက်တို့ ဟင်းနုနွယ်တို့ ငရုတ်သီးတို့ အဲဒီလိုလေးတွေ ပို့နေပါတယ်။ ကျွန်မတို့တော်လှန်ရေးမှာ ရှေ့တန်းကနေ ပြီးတော့ မတိုက်ခိုက်နိုင်တဲ့အတွက်ကြောင့်ကို ကိုယ်နိုင်တဲ့ဘက်က တစ်ထောင့်တစ်နေရာက နေပြီးတော့ အသီးအရွက် စိုက်ခင်းလေးတွေ စိုက်ပြီးတော့ ထောက်ပံ့နေတာပါရှင့်”

လူထုအကျိုးပြု မြောင်လူငယ်ကွန်ရက်မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် လူငယ်အင်အား ၅၀ ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။ သူတို့ရဲ့ စိုက်ခင်းစီမံချက်ကနေ သီးနှံထွက်တာ နှစ်လရှိခဲ့ပါပြီ။ အဲဒီ နှစ်လအတွင်း စစ်ဘေးဒုက္ခသည်နဲ့ စစ်မီးဘေးသင့်အိမ်ထောင်စုပေါင်း ၅၀၀၀ နီးပါးကို ဟင်းရွက် သီးနှံရိက္ခာထောက်ပံ့နိုင်ခဲ့တယ်လို့ပြောကြပါတယ်။
တော်လှန်ရေးအင်အားစု သုံးစုနဲ့ နွမ်းပါးတဲ့ဒေသခံတွေကိုလည်း စားစရာ ဝေမျှနိုင်ခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒေသထဲမှာ ပိုပြီးစုဖွဲ့မှာဖြစ်သလို စံနှုန်းကောင်းတွေနဲ့ လူငယ်ကွန်ရက်အဖြစ် ဆက်လက်ရပ်တည်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ သူတို့ရဲ့ ယုံကြည်ချက် ခံယူချက်ကိုလည်း မအမရာက အခုလိုပြောပြပါတယ်။
“ကျွန်မကတော့ ယုံကြည်ထားတယ်။ လူငယ်တွေဟာ နွေဦးတောင်လှန်ရေးမှာ ခံယူချက်အပြည့်နဲ့ ကိုယ်တွေချမှတ်ထားတဲ့ အန္တိမပန်းတိုင်ကို အရောက်သွားမယ်ဆိုတာမျိုးက ယုံကြည်ထားပါတယ်။ ဒီတော်လှန်ရေးကာလအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက်နဲ့ စိတ်ခံစားမှုက မတူနေကြဘူး။ ဝမ်းနည်းကြေကွဲမှုတွေလည်း ကြုံကြရသလို၊ မစ်ရှင်တွေအောင်လို့ပျော်ခဲ့ရတဲ့ အခြေအနေမျိုးတွေ လည်းကြုံခဲ့ရတယ်။ ဒါကြောင့်ဘယ်လိုဝမ်းနည်းခြင်းတွေပဲကြုံခဲ့ရ ကြုံခဲ့ရပါစေ ... ဆက်လက်ပြီးတော့မှ ရှေ့ဆက်ပြီး လျှောက်လှမ်းမယ့် အနာဂတ်အတွက်ပေါ့နော်။ ခွန်အားများအဖြစ် ပြောင်းလဲပြီး ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းချင်ပါတယ်ရှင့်”