ဆက်ခံသူရှားလာတဲ့ မြန်မာ့ရိုးရာ ဆေးမင်ကြောင်ပညာ
ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ မြန်မာ့ရိုးရာဆေးမင်ကြောင်ပညာရပ်ဟာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေပါတယ်။
-
RFA Burmese
2023-08-08 -
-
-
ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ မြန်မာ့ရိုးရာဆေးမင်ကြောင်ပညာရပ်ဟာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေပါတယ်။
"အထက်ကို ထိုးတဲ့စုတ်တံနဲ့ ခါးအောက်ကိုထိုးရင် အထိုးခံရတဲ့သူက မကောင်းတာ သွားဖြစ်တယ်။ ခါးအောက်ထိုးတဲ့ဆေးကို ခန္ဓာကိုယ်အပေါ်ပိုင်းထိုးမယ်ဆိုရင်လည်း မသန့်ရှင်းတာပေါ့။ ဘာဖြစ်လဲဆိုတော့ ကောင်းကျိုးထက် ဆိုးကျိုးတွေများသွားမယ်။ အဲဒါကြောင့် ဆေးမင်ကြောင်ထိုးတဲ့ဆရာတွေအနေနဲ့ အောက်ပိုင်းနဲ့ ခါးအထက်ထိုးတာ သက်သက်ခွဲထားရတယ်"
ကုန်းဘောင်ခေတ်လောက်ကတည်းက မြန်မာတွေဂုဏ်ယူစွာနဲ့ တန်ဆာဆင်ခဲ့ကြတဲ့ ရိုးရာမင်ကြောင်ထိုးကွင်းတွေဆိုတာ ဒီနေ့ခေတ် လူငယ်တွေရဲ့ အရေပြားပေါ်မှာ မြင်ရခဲသွားပါပြီ။
ခေတ်ပေါ်တက်တူးတွေ လူငယ်တွေကြား ရေပန်းစားလာတာနဲ့အမျှ မြန်မာ့ရိုးရာ ဆေးမင်ကြောင်တွေလည်း မှေးမှိန်လာခဲ့ပါတယ်။
ဦးသက်နိုင်ကတော့ ရိုးရာဆေးမင်ကြောင်ဆရာအနည်းစုလေးထဲက တစ်ဦးပါ။
မြန်မာ့ရိုးရာဆေးမင်ကြောင်ကို အဆောင်အဖြစ်ထိုးကြသလို အလှသက်သက်လည်း ထိုးကြပါတယ်။
"တချို့က အကာအကွယ်နဲ့ ထိုးချင်တာရှိတယ်၊ အလှထိုးချင်တာရှိတယ်။ အလှထိုးတာကျတော့ စုတ်နဲ့မှင်ချည်းသက်သက် ထိုးပေးရတယ်။ လှလည်းလှချင်တယ်၊ အစွမ်းသတ္တိလည်း လိုချင်တယ်ဆိုတဲ့သူတွေကိုတော့ ကာယဆေးတွေနဲ့ ပေါင်းစပ်ပြီးမှ ထိုးရတာပေါ့"
ရိုးရာဆေးမင်ကြောင်ကို စုတ်ထိုးကျွမ်းကျင်ရုံနဲ့တော့ ထိုးမရပါဘူး။ အချိန်အခါကောင်းတွေ၊ နက္ခတ်တွေကြည့်တတ်ပြီး တတ်သင့်တဲ့ပညာတွေရှိဖို့လည်း လိုသေးတဲ့အကြောင်း အခုလိုပြောပါတယ်။
"ဆေးမင်ကြောင် ဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာ တတ်အပ်တဲ့အတတ်တွေ၊ ဗေဒင်အတတ်တွေ၊ အချိန်အခါတွေ၊ နက္ခတ်တွေ ကျွမ်းကျင်ပြီးမှ စုတ်ချက်ငြိမ်အောင်၊ နေရာကျအောင်၊ ကိုယ်တိုင်ကလည်း စောင့်ထိန်းရမယ့်အရာတွေ စောင့်ထိန်းနိုင်မှ ဖြစ်တာ"
မန္တလေးမြို့မှာတော့ ရိုးရာဆေးမင်ကြောင်ထိုးတဲ့သူဟာ ဦးသက်နိုင် အပါအဝင် သုံးဦးသာရှိတော့သလို တစ်နိုင်ငံလုံး အတိုင်းအတာအရဆိုရင်လည်း အယောက် ၂၀ လောက်ပဲရှိတော့မယ်လို့ သူက ခန့်မှန်းပါတယ်။
စီးပွားဖြစ် လုပ်စားလို့မရတာကြောင့် ရိုးရာဆေးမင်ကြောင်ပညာရပ်နဲ့ ဝေးကွာသွားတဲ့ ဆရာအချို့လည်းရှိတယ်လို့ ဆိုပါတယ်။
အင်း၊ ဂါထာ စတာတွေကို အဆောင်အဖြစ်အစွမ်းသတ္တိရအောင် ထိုးရင်တော့ လုပ်ဆောင်ရတာတွေက ရှုပ်ထွေးနက်ရှိုင်းပါတယ်။
ထိုးပေးတဲ့ဆရာကလည်း တတ်အပ်တဲ့ပညာရပ်တွေ တတ်ဖို့လိုသလို အထိုးခံတဲ့သူ ကလည်း စောင့်ထိန်းရမယ့်သီလတွေ မြဲဖို့လိုတယ်လို့ ဆိုပါတယ်။
"မြန်မာ့ရိုးရာကို စိတ်ဝင်စားတယ်၊ ဒါကိုပဲထိုးချင်တယ်။ မြန်မာရိုးရာကို ထိန်းသိမ်း ချင်တာပေါ့။ ခေတ်စားနေတဲ့ တက်တူးတွေကို မကြိုက်ဘူးတော့ မဟုတ်ဘူး၊ ကြိုက်တယ်။ ဒါပေမဲ့ ရိုးရာနဲ့ယှဥ်ရင်တော့ သိပ်ပြီးသဘောမကျဘူး။ ဖက်ရှင်အနေနဲ့ ကြည့်ရင်တော့ ကောင်းတာပေါ့။ ကျွန်တော့်ကိုယ်မှာတော့ ကာယပီယပိုင်းအတွက် ထိုးထားတယ်။ အဓိက ရည်ရွယ်ပြီးထိုးဖြစ်တာက မူးယစ်ဆေးဝါးကို ကိုယ်ကသုံးချင်ရင် တောင်မှ ဒါထိုးထားတဲ့အတွက် မသုံးချင်တော့ဘူး။ ထိန်းချင်တဲ့သဘောနဲ့ ထိုးလိုက်တာ"
"ဒီဆယ်စုနှစ်အတွင်းလောက်မှာပဲ ဆရာတော်တော်များများက ရှားသွားလိမ့်မယ်"
အိမ်နီးချင်းနိုင်ငံတွေမှာတော့ ရိုးရာဆေးမင်ကြောင်ကို ဆိုင်ခန်းတွေနဲ့ ကျကျနန အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ ရပ်တည်နိုင်ကြပေမယ်ေ့ မြန်မာနိုင်ငံမှာတော့ အဲဒီလို မဟုတ်ပါဘူး။
"သူ့ခေတ်သူ့အခါနဲ့ကတော့ ကောင်းတယ်ပေါ့နော်။ သူတို့ရည်ရွယ်ချက်နဲ့သူတို့ရှိမှာပဲ။ အဆောင်လား၊ အကာအကွယ်လားပေါ့။ အခုခေတ်လူငယ်တွေနဲ့ကျတော့ အဆင်ပြေမှာ မဟုတ်ဘူးဗျ။ ဒါက ပေါ်ပင်တစ်ခုဖြစ်သွားပြီ။ လူငယ်တွေက ပုံမှန် အရုပ်ရေးတာ လောက် စိတ်ဝင်စားကြတော့တာလေ။ အင်းတွေ၊ အိုင်တွေ သိပ်မသိကြတော့ဘူး။ လူကြီးတွေခေတ်ကို မမီကြတော့ဘူးလေ"
ရိုးရာဆေးမင်ကြောင်ထိုးတဲ့ ဆရာတွေဟာ ဝါသနာအရ အမြတ်တနိုး ထိန်းသိမ်း နေကြရသလို လူငယ်တွေရဲ့ စိတ်ဝင်စားမှုတွေ နည်းပါးလာတဲ့အတွက် ဒီပညာကို ဆက်ခံမယ့်သူကတော့ ရှားသထက် ရှားလာလိမ့်မယ်လို့ ဦးသက်နိုင်က ယူဆပါတယ်။
"အခုဆိုရင် ဆရာ့ဆီမှာ ဆေးတပည့်မရှိတော့ဘူး။ အစ်ကိုသေသွားရင် ဇာတ်လမ်းက ပြတ်ကရော။ တခြားဆရာတွေဆီမှာ ဖြစ်တဲ့သူတွေရှိရင် ရှိမှာပေါ့။ နောက်ပိုင်းမှာ ကျတော့ ဒီဟာတွေက ပြတ်သွားမယ်လို့ထင်ပါတယ်။ ထိန်းသိမ်းနိုင်မယ့် လူငယ်တွေလည်း မရှိသလောက်နည်းသွားမယ်။ ဒီဆယ်စုနှစ်အတွင်းလောက်မှာပဲ ဆရာတော်တော်များများက ရှားသွားလိမ့်မယ်"
လက်ရှိမှာတော့ မြန်မာ့ရိုးရာဆေးမင်ကြောင်ကို လူငယ်တွေပြန်လည်စိတ်ဝင်စားလာစေဖို့ တက်တူးပြိုင်ပွဲတွေမှာလည်း သီးသန့်ထည့်သွင်းတာတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။