ထိုင်းနယ်စပ်က မြန်မာရွှေ့ပြောင်းကျောင်းတွေ အကူအညီလိုအပ်

RFA Burmese
2024.03.10
ထိုင်းနယ်စပ်က မြန်မာရွှေ့ပြောင်းကျောင်းတွေ အကူအညီလိုအပ် ထိုင်း- မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ရှိ ဆူကိုထိုင်း မြန်မာရွှေ့ပြောင်းကျောင်းတွင် စာသင်ကြားနေသည့် မြင်ကွင်းတစ်ခု။
Photo: RFA

ထိုင်း- မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်က ဆူကိုထိုင်းလို့ ခေါ်တဲ့ မြန်မာကျောင်းမှာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေနဲ့ စစ်ဘေးဒုက္ခသည်ကလေးငယ်တွေ စာသင်ကြားနေကြတာပါ။ ဒီကျောင်းကို ဦးဆောင်ဖွင့်လှစ်သူကတော့ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နီပါ။

“ရွှေ့ပြောင်းမြန်မာကလေးတွေ တော်တော်များများက ကျောင်းမနေရဘူး။ ကလေးတွေက ရပ်ကွက်ထဲမှာပဲ နေတယ်။ သူများ အိမ်သွားတယ်။ ဆော့တယ်။ ကစားတယ်။ စာမတတ်ဘူး။ အသက်ဆို ၁၃ နှစ် ၁၄ နှစ်ဖြစ်နေပြီ။ ကျောင်းမနေရဘူး။ အဲလိုကလေးတွေ အပြင်မှာတစ်ပုံကြီးပဲ။ အသက်တွေကကြီးပြီး ကျောင်းမနေရတဲ့ ကလေးတွေ တစ်ပုံကြီးပဲ။ တချို့ဆို ကကြီး ခခွေးတောင် မတတ်ဘူး"

ဒီစာသင်ကျောင်း ဖွင့်လှစ်ထားတာ ၁၄ နှစ်ရှိပြီဖြစ်ပြီး လက်ရှိသူငယ်တန်းကနေ ပဉ္ဓမတန်းအထိ ပညာသင်ကြားနေတဲ့ ကျောင်းသားဦးရေ ၁၄၀ ရှိပါတယ်။ ဒီကျောင်းဟာ အနီးနား ရပ်ကွက်က စိုက်ပျိုးရေးခြံတွေ၊ တောင်ယာလုပ်ငန်းခွင်တွေမှာ နေ့စားလုပ်ကိုင်နေကြရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ သားသမီးပညာရေးအတွက် အားကိုးစရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးအများစုဟာ မိဘတွေကို ကူညီလုပ်ကိုင်ပေးရတာတွေကြောင့် ပညာကောင်းကောင်းမသင်နိုင်ကြပါဘူး။

“ကျောင်းက ဆရာမတွေက စာသင်ရင် တစ်ခါတည်းရအောင် သင်ပေးရတယ်။ ကျက်စာရော တွက်စာရော အတတ်သင်ပေးရတယ်။ အိမ်မှာ သူတို့စာလုပ်ချိန်မရှိဘူး။ အိမ်ရောက်ရင် မိဘကို ကူရတယ်။ နှစ်တန်းလောက်အရွယ်ကတည်းက အလုပ်လုပ်ရပြီ။ စနေ တနင်္ဂနွေ ကျောင်းပိတ်ရင် မိဘ ငရုတ်သီးခူးရင် ငရုတ်သီး လိုက်ခူးရတယ်။ မိဘတွေ စားဝတ်နေရေး အဆင်မပြေတဲ့ အခါကျတော့ အဲဒီအပိုင်းတွေ ရှိတယ်"

ပညာသင်ယူလိုစိတ်ရှိတဲ့ ကလေးတွေအတွက် မိဘတွေအနေနဲ့ပညာရေးကို ဦးစားပေးပြီး ဆရာမတွေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တယ်လို့ ဒီကျောင်းမှာ ကူညီစာသင်ပြပေးနေတာ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ဆရာမ သဲစုလှိုင်က ပြောပါတယ်။

“တချို့ကျတော့လည်း မြန်မာပြည်က ကလေးတွေလိုပဲ စာလိုက်နိုင်တယ်။ ကြိုးစားတယ်။ တချို့ကလေးဆိုရင်လည်း မြန်မာပြည်လို ကျူရှင်မရှိတဲ့အတွက် သူတို့ဒီမှာစာကိုပဲ ရအောင် လုပ်သွားတယ်။ မသိရင် ဆရာမကို လာမေးတယ်။ တစ်နေ့စာ တစ်နေ့ ပုံမှန်လုပ်သွားတယ်။ တချို့မိဘတွေက ပညာရေးဦးစားမပေးဘူး။ ကလေးက သင်ယူချင်စိတ်ရှိတယ်။ အဲဒီအတွက် မိဘတွေ ပညာရေး ဦးစားပေးစေချင်တယ်။ ဆရာမတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးစေချင်တယ်”

မဲဆောက်မြို့ အပါအဝင် တာ့ခ်ခရိုင်ထဲမှာ ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ဖွင့်ထားတဲ့စာသင်ကျောင်း ၆၄ ကျောင်းရှိပါတယ်။ ဒီကျောင်းတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ကလေးတွေနဲ့ စစ်ဘေးရှောင် ကလေးငယ် တစ်သောင်းကျော်ခန့်က ပညာသင်ကြားနေကြတာပါ။ ဒါပေမဲ့ မိသားစုစားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် ပညာသင်ခွင့် ဆုံးရှုံးနေရတဲ့ ကျောင်းနေအရွယ်ကလေးငယ် ၄၀ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နီက ဆိုပါတယ်။

“အဓိကတော့ မိဘတွေအလုပ်မရှိတာ။ အဆင်မပြေတဲ့အခါ ကျောင်းလာတက်ဖို့အတွက် အဓိက ကားခပေါ့။ ရပ်ကွက်ထဲက ၁ဝဝ မှာ ၄၀ ရာခိုင်နှုန်းလောက်က ကျောင်းမနေရတဲ့ ကလေးတွေရှိနေတယ်။ ကျောင်းကားခက တစ်လကို ၃ဝဝ ပေးရတယ်။ အဲဒီ ၃ဝဝ ကို ကူညီမယ့်သူများ ရှိခဲ့မယ်ဆိုရင် မိဘလက်ထဲကို ကိုယ်တိုင်သွားထည့်စေချင်တယ်။ ကျွန်မတို့ကျောင်းမှာ ကျောင်းကားက ငှားရတယ်။ ကိုယ်ပိုင်ကျောင်းကားဆိုတာ မရှိဘူး။ ကျောင်းကားအသစ်လေးမဟုတ်ရင်တောင် တစ်ပတ်ရစ်လေးထောက်ပံ့နိုင်တောင် တစ်ဖက်တစ်လမ်းက အဆင်ပြေနိုင်တယ်။ ကလေးတွေကို ကျောင်းထဲကို အများကြီး ဆွဲခေါ်နိုင်မယ်"

ထိုင်း- မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ရှိ ဆူကိုထိုင်း မြန်မာရွှေ့ပြောင်းကျောင်းတွင် စာသင်ကြားနေသည့် မြန်မာကလေးငယ်တစ်ဦး။ (Photo: RFA)
ထိုင်း- မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ရှိ ဆူကိုထိုင်း မြန်မာရွှေ့ပြောင်းကျောင်းတွင် စာသင်ကြားနေသည့် မြန်မာကလေးငယ်တစ်ဦး။ (Photo: RFA)

ဆူကိုထိုင်း မြန်မာကျောင်းဟာ မြေနေရာငှားရမ်း ဆောက်လုပ်ထားရတာဖြစ်ပြီး တစ်နိုင်တစ်ပိုင်လှူတန်းငွေတွေနဲ့ ရပ်တည်နေရတာဖြစ်ပါတယ်။ လစဉ် ရေဖိုး၊ မီးဖိုး၊ စားနပ်ရိက္ခာ အပါအဝင် ကျောင်းမှာ စာသင်ကြားနေတဲ့ ဆရာမ ခြောက်ဦးအတွက် ထောက်ပံ့ငွေ ပုံမှန်ပေးနိုင်ဖို့ ရုန်းကန်နေရတာပါ။ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း အလှူရှင်တွေ လျော့ကျသွားတဲ့နောက် ကျောင်းဆက်လက်ရပ်တည်နိုင်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ ဆရာမ ဒေါ်နွယ်နီကပြောပါတယ်။

“ ကျောင်းက အလှူရှင်နဲ့ပဲ ရပ်တည်ရတဲ့အနေအထား။ အခုအလှူရှင်က တစ်ဦးပဲ ရှိတယ်။အဲဒီအလှူရှင်က ဆရာမ လေးယောက်အတွက်ထောက်ပံ့တယ်။ ဆရာမနှစ်ယောက်အတွက် ထောက်ပံ့မယ့်သူ မရှိဘူး။ တစ်လကို နှစ်ထောင်နှုန်းပေ့ါ။ တကယ်ဆိုရင် ကျွန်မက အခက်အခဲတွေ အများကြီး ကြိုးစားခဲ့ရလို့ မလုပ်ချင်တော့ဘူး။ ဒါပေမဲ့ တချို့မိဘတွေက သူတို့ကလေးတွေ ဘယ်မှာကျောင်းနေရမလဲ ငိုပြီး အကူအညီလာတောင်းခဲ့တယ်။ အဲဒါနဲ့ ကိုယ့်ရဲ့ မြန်မာပြည်မှာရှိတာတွေ ပြန်ရောင်းချပြီး ဒီကျောင်းကို ဆောက်ပြီး ရပ်တည်ခဲ့ရတယ်။ မနှစ်ကလည်း တစ်နှစ်လုံး ကိုယ့်ပိုက်ဆံနဲ့ပဲ ဆရာမတွေကို ထောက်ပံ့မှုပေးခဲ့ရတယ်"

ဒါပေမယ့် ဘယ်လိုပဲအခက်အခဲတွေရှိရှိ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာကြတဲ့ မြန်မာနိုင်ငံသားကလေးတွေ ပညာရေးအတွက် ရေရှည်ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်လို့ ကျောင်းအုပ်ဆရာမက ဒေါ်နွယ်နီက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။