စစ်မီးလျှံကြားက စစ်ကိုင်း

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်မှာ စစ်ကိုင်းတိုင်းဟာ မီးလောင်ပြာကျနေတဲ့နေရာတစ်ခုဖြစ်နေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်တဲ့စစ်တပ်ကို ဒေသခံတွေက ခုခံတိုက်ခိုက်နေတာပါ။
“ကျမတို့ဟာ မိသားစုလေးယောက်ပါ”
အခုမြင်နေရတဲ့ အမေအိုကတော့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ ပြီးခဲ့တဲ့မေလက အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေဝင်စီးပြီး ရွာသား ၃၀ ကျော်လောက်ကို သတ်ဖြတ်လိုက်တဲ့အထဲမှာ သား သုံးယောက်ပါသွားတဲ့မိခင်ဖြစ်ပါတယ်။
“အမေကမနိုင်လို့လွှတ်လိုက်ရတာ။ တစ်ရက်မှမမေ့ဘူးလို့။ မနိုင်လို့လွှတ်လိုက်ရတာမမေ့ဘူး။ အမေ့သား ၃ ယောက်ကို ဘာအပြစ်မှမရှိဘဲနဲ့အသတ်ခံရတာ။”
အဲဒီရွာမှာသတ်ဖြတ်မှုတွေကျူးလွန်သွားတဲ့ စစ်သားတွေထဲက တစ်ယောက်ကျကျန်ခဲ့တဲ့တယ်လီဖုန်းထဲက ဓါတ်ပုံတွေ ဗီဒီယိုတွေ RFA က ရခဲ့တဲ့အကြောင်း ဇွန်လ ၁၇ ရက်နေ့ကတင်ပြခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေထဲကတစ်ပုံဖြစ်တဲ့ ရွာသားတွေအသတ်မခံရခင်လက်နောက်ပြန်ကြိုးတုတ်ခံထားရတဲ့ ဓာတ်ပုံထဲမှာ အသတ်ခံရတဲ့သူ့သားသုံးယောက်ထဲက နှစ်ယောက်ကိုလည်း RFA ကဖော်ထုတ်နိုင်ခဲ့ပါတယ်။
“ကျွန်တော်ပြောတာ ၂၆ ယောက် သတ်ဖူးတယ် ဘယ်လိုသတ်ဖူးလဲလို့ လူကို။ သေနတ်နဲ့ပဲပစ်သတ်ဖူးတာလား။”
“မဟုတ်ဘူးလေကွာ အဲဒီလိုတော့ သေနတ်နဲ့ ပစ်တာတော့ရှိတယ်လေကွာ။ လက်နဲ့တော့ မသတ်ခဲ့ဘူး။”
“ကျွန်တော်က လည်ပါလှီးခဲ့တယ်။”

အဲဒီတယ်လီဖုန်းထဲကနေ ဓာတ်ပုံပေါင်း ၁၄၄ ပုံရရှိခဲ့သလို၊ လူတွေကိုသူတို့ဘယ်လိုသတ်ခဲ့လဲ၊ ဘယ်နှစ်ယောက်သတ်ခဲ့လဲဆိုတာတွေကို စစ်ကောင်စီတပ်သားတွေအချင်းချင်းပြောနေတဲ့ ရုပ်သံဖိုင်လည်း ပါဝင်နေပါတယ်။ အဲဒီလို ထိုင်ပြောနေတဲ့ စစ်သားသုံးယောက်ထဲက နှစ်ယောက်ကိုလည်း အသတ်ခံထားရတဲ့ရွာသားတွေနားမှာ ရပ်နေတာကိုတွေ့ရပါတယ်။

“အခုဒီနေရာကနေပြီးတော့ပြောချင်ပါတယ်။ ကျွန်မတို့ရွာကိုစစ်သားတွေဝင်ပြီး ကျွန်မတို့လိုပြည်သူတွေ အပြစ်မဲ့ပြည်သူတွေကို သတ်သွားပါတယ်။ သတ်သွားတဲ့ အပြစ်မရှိတဲ့ပြည်သူတွေကိုသတ်သွားပြီး ကျွန်မတို့လိုမုဆိုးမတွေဖြစ်နေရစ်ပါတယ်။ အခုဆိုကျွန်မမှာ သားလေးတစ်ယောက် ၉ နှစ်သားလေး ရှိပါတယ်။”
မြန်မာပြည်မှာ အစိုးရရုံးစိုက်တဲ့ နေပြည်တော်ရဲ့မြောက်ဖက် မိုင် ၁၅၀ လောက်သာအဝေးမှာရှိတဲ့ စစ်ကိုင်းတိုင်းဟာ နိုင်ငံအတွက် ဗဟာဗျူဟာကျတဲ့ဒေသတစ်ခုဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဟာ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့အလယ်ပိုင်းကို ဆက်စပ်ပေးတဲ့ဒေသဖြစ်ပြီး၊ အနောက်ဖက် အိန္ဒိယနိုင်ငံနဲ့လည်း နယ်မြေချင်း ထိစပ်နေပါတယ်။ စစ်ကိုင်းတိုင်းဟာ မြန်မာလူမျိုးအများစု နေထိုင်တဲ့ဒေသလည်းဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်တည်ထောင်သူ ဗိုလ်နဂါးက ....
“တစ်တိုင်းပြည်လုံးပါဝင်တဲ့ပြည်သူ့တော်လှန်ရေးလို့ပြောရလောက်အောင် အသွင်သဏ္ဍာန်ကို ကျွန်တော်တို့ မြေပြန့်မှာ စစ်ကိုင်းကစပြီးတော့ အားကောင်းမောင်းသန်ဦးဆောင်ခဲ့တယ်လို့လည်း ပြောတယ်။ ဒါက စစ်ကိုင်းကတော်လှန်ရေးရဲ့ မြေပြန့်တပ်ဦးလိုလည်း ဖြစ်နေတယ်။ အခုအချိန်မှာ စစ်ကိုင်း အောင်လိုက်တာနဲ့ ကျွန်တော်တို့လွတ်လပ်ရေးကလည်း ရသလောက်ဖြစ်နေပြီး စစ်ကိုင်း၊ မကွေး အားလုံးပြိုဆင်းပြီးတော့ ကျွန်တော်တို့နေပြည်တော်ကိုဖြိုလိုက်လို့ရတယ်။”
စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်မှုပေါင်း ၄၀၀၀ ကျော်ဖြစ်ခဲ့ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေထက်များတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့ဖူးပါတယ်။
စစ်ကိုင်းတိုင်းဟာ ခုခံတော်လှန်မှုအတွက် အရင်းအနှီးကြီးကြီးပေးဆပ်ထားရပါတယ်။ စစ်ကောင်စီ တပ်သားတွေဟာ စစ်ကိုင်းက ခုခံမှုတွေကိုတန်ပြန်စစ်ဆင်တဲ့အနေနဲ့ မြေလှန်မီးရှို့စနစ်ကို ကျင့်သုံးနေပြီး အခုဆိုရင်အိမ်ပေါင်းနှစ်သောင်းကျော်မီးရှို့ခံရပြီး ဖြစ်ပါတယ်။ လူပေါင်း ၅၀၀ လောက် အသတ်ခံရပြီးလည်း ဖြစ်ပါတယ်။
ဒီပဲယင်းနယ် ရွှေဘိုခရိုင်တပ်ရင်း-၂၀ ရဲ့ တပ်ခွဲမှူး ဗိုလ်ကျားကြီးက ပြီးခဲ့တဲ့ဇူလိုင်လ ၂၃ ရက်နေ့မှာ RFA ကို အခုလိုပြောပြပါတယ်။
“ဒီပဲယင်းမြို့နယ်အနေနဲ့က မီးရှို့ခံရတဲ့ ရွာပေါင်း ၅ဝ ကျော် ၆ဝ ရှိပါပြီ။ ကျွန်တော်တို့ ဒီပဲယင်းထဲကို စစ်ကြောင်းတစ်ကြောင်းထိုးတယ်။ ထိုးလာတဲ့စစ်ကြောင်းဟာ သူတို့ဝင်တဲ့ရွာတွေကို အများအားဖြင့် ရွာတိုင်းလိုလိုကို မီးရှို့တယ်ပေါ့နော်။ ပြည်သူတွေမှာ စစ်ကြောင်းထိုးတယ်ဆိုတော့ ထွက်ပြေးရတယ်။ သူတို့ ရွာထဲကိုဝင်လာပြီဆိုရင် လက်နက်ကြီးတွေ ဖောက်လိုက်ပြီဆိုတာနဲ့ ပြည်သူတွေမှာ ထွက်ပြေးတိမ်းရှောင်ရတယ်ပေါ့နော်။”
ပြီးခဲ့တဲ့နှစ်မှာ အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းလိုက်ပြီး စစ်တပ်အာဏာ သိမ်းလိုက်တဲ့အတွက် နိုင်ငံအနှံ့ဆန့်ကျင်ဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ပေါ်ပေါက်ခဲ့ပါတယ်။
ဆန္ဒပြပွဲတွေကို စစ်ကောင်စီက သေနတ်တွေနဲ့ပစ်ခတ်ဖြိုခွဲတဲ့အချိန်မှာတော့ ပြည်သူတွေကလည်း ဆန့်ကျင် အန်တုနိုင်ဖို့ လက်နက်ကိုင်ခဲ့ကြပါတော့တယ်။
စစ်ကောင်စီတပ်တွေဟာ ရွာတွေကိုဖျက်တာအပြင် လေကြောင်းကနေလည်း ပိုပြီးတိုက်ခိုက်လာခဲ့ပါတယ်။ ဒါဟာ မြေပြင်မှာယှဉ်မတိုက်နိုင်တော့လို့ လေကြောင်းသုံးနေတာလို့ မြန်မာ့တော်ဝင်နဂါး တပ်တော်ရဲ့ခေါင်းဆောင် ဗိုလ်နဂါးက သုံးသပ်ပါတယ်။
“ဒီမှာနေ့စဉ်နဲ့အမျှလေယာဉ်တွေသုံးပြီး တိုက်ခိုက်နေတယ်။ ဒါက ကျွန်တော်တို့ဘယ်လောက် စိုးမိုးထားနိုင်တယ်။ သူတို့ဘယ်လောက်ကို စစ်ကိုင်းနဲ့ပတ်သက်ပြီး ပြာယာခတ်နေရပြီဆိုတာ ခန့်မှန်းလို့ရတယ်။ ကျွန်တော်ကတော့ ပြည်သူတွေကို အလကားနေရင်း မဟုတ်တမ်းတရားနဲ့ အားတက်စေချင်ပြီး ပြောတာမဟုတ်ဘူး။ စစ်ကိုင်းကတော့ ကျွန်တော်တို့စိုးမိုးထားတယ်လို့ပြောလို့ရတယ်။ တကယ်လို့သာသူတို့ အဲဒီလေယဉ်တွေမပါကြည့်။ စစ်ကိုင်းမှာသူတို့ ခြေချလို့တောင်မရတော့ဘူးလို့ ပြောလို့ရတယ်။ သူတို့ဌာနတွေကလွဲရင်ပေါ့။”
စစ်ကိုင်းတိုင်းမှာ အခုဆိုရင် ပြည်သူပေါင်းသိန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွါတိမ်းရှောင်နေရပါတယ်။ ကုလသမဂ္ဂကတော့ စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည်လေးသိန်း ခုနစ်သောင်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီပြည်သူတွေမှာ စားနပ်ရိက္ခာခက်ခဲနေသလို၊ အကူအညီပေးမယ့် အဖွဲ့တွေလည်း တားမြစ်ခံနေရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကတော့ လျော့မသွားပါဘူး။
မြောင်မြို့ နယ်မှာဆိုရင် စစ်ကောင်စီလက်သပ်မွေးထားတဲ့အဖွဲ့တွေက ဒီနှစ်ထဲမှာ အိမ်ပေါင်း ၅၀၀ ထက်မနည်း မီးရှို့ခဲ့ပါတယ်။ ဒါကြောင့် အိမ်ရှင်မတွေ၊ ကျောင်းဆရာ ဆရာမတွေကလည်း လက်နက်ကိုင်တိုက်ပွဲဝင်နေကြပါတယ်။
ဒါနဲ့ပတ်သက်လို့ မြောင်အမျိုးသမီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် မမဟူရာ က"ကျမတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပြာကျတဲ့အထိ ဖျက်ဆီးတဲ့အခါ ကျမတို့ရင်ထဲက အမုန်း တရားတွေဟာ ပိုပိုပြီး ကြီးထွားလာတာပဲ ရှိတယ်။ သူတို့(စစ်ကောင်စီ)အပေါ်ကို ကြောက်ရွံ့ သွားစိတ်လုံးဝမရှိခဲ့ဘူး။”
စစ်ကိုင်းတိုင်းကတိုက်ပွဲတွေကတော့ သဲကြီးမဲကြီးဆက်ဖြစ်နေပါပြီ။ လူတွေအသက်ဆုံးရှုံးရတဲ့ အရည်အတွက်ကလည်း တိုးသထက်တိုးနေဆဲပါ။