ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ဗဟိုလမ်းမပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ သပိတ်စခန်းကို အာဏာသိမ်းစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့ ဆန္ဒပြ ပြည်သူတွေကို ညှိနှိုင်းမှုမရှိဘဲ မတ်လ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်မှာ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။
ဆန္ဒပြပြည်သူတွေရဲ့ အတားအဆီးတွေကို ဘူဒိုဇာနဲ့ ထိုးဖယ်ပြီး အသံမိုင်း၊ မီးခိုးဗုံး၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပြီး ရာဘာကျည်ဆံတွေနဲ့ ပစ်တာကြောင့် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ရပ်ကွက်နေ ပြည်သူတွေနဲ့ ဆန္ဒပြလူငယ် လေးဦးကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဆန္ဒပြသူတွေဟာ အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိကြောင်း၊ ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေနဲ့ ဆန္ဒပြ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ဖို့ အာဏာရှင်ကို ဆက်လက်မကာကွယ်ဘဲ လူထုနဲ့ ပူးပေါင်းတိုက်ပွဲဝင်ဖို့၊ လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်းနဲ့ ဒီမိုကရေစီ ရရှိဖို့ ကြွေးကြော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းချိန်မှာ နိုင်ငံတကာ စံနှုန်းတွေအရ သတိပေးတာမရှိဘဲ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းဖမ်းဆီးမှုတွေကို ဆောင်ရွက်နေကြပါတယ်။