အမျိုးသမီး နိုင်/ကျဉ်းတွေကို မဲဆောက်မြို့ကနေ ထောက်ပံ့နေတဲ့အဖွဲ့
2024.05.15

စစ်ကောင်စီလက်ထက် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အဆိုးဝါးဆုံး ခံနေရတယ်လို့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ ကူညီထောက်ပံ့ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတွေက အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ကူညီထောက်ပံ့ပေးနေတာပါ။
တစ်ပြည်လုံးက အကျဉ်းထောင်ပေါင်း ၄၆ ထောင်မှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၅၀၀၀ ကျော်ရှိပြီး သူတို့ကို အဓိကထား ကူညီထောက်ပံ့ပေးနေတာလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလက မြန်မာ-ထိုင်းနယ်စပ်တစ်နေရာမှာ အဲဒီအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီး လက်ရှိမှာ အဖွဲ့ဝင်ပေါင်း ၆၀ ကျော်တို့က နိုင်ငံရေးအကျဉ်းသူတွေရဲ့မိသားစုဝင်တွေနဲ့ချိတ်ဆက်ပြီး ကူညီထောက်ပံ့ နေပါတယ်။
ဒီအဖွဲ့စတင်ဖွဲ့စည်းခဲ့တာနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ ဦးဆောင်အကြံပေးအဖွဲ့ဝင် အလှလေးသူဇာက အခုလို ပြောပါတယ်။
"အင်းစိန်လိုနေရာမျိုးမှာတောင် ရေပြတ်လို့ ခွက်ရေနဲ့ချိုးရတယ်၊ သာယာဝတီလိုနေရာမျိုးကတော့ တော်တော်ကို ဆိုးဆိုးဝါးဝါး ရေပြတ်လို့ သူတို့ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတဲ့ Information တွေရတယ်၊ အဲတော့ စဉ်းစားကြည့်လေ ဒီလိုပူလောင်နေတဲ့ရာသီဥတုမှာ အပူဒဏ်ကိုခံစားရတဲ့အပြင်ကို သူတို့ရဲ့သန့် ရှင်းရေးကိုပါ သူတို့မှာ လုံလုံလောက်လောက်မရရှိဘူးဆိုရင် သေချာတယ် ခွက်ရေနဲ့ရေချိုးရတယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဘယ်လိုမှအဆင်မပြေဘူး၊ ကျွန်မတို့တုန်းကဆိုရင် ခွက်ရေနဲ့ ရေချိုးရတာ အဆင်မပြေလို့ တောင်းဆိုခဲ့တာတွေ အများကြီးပဲ၊ အဲတော့ အခုပြန်ပြီးတော့ ရင်ဆိုင်နေရပြီဆိုတော့ သူတို့ရဲ့ကျန်းမာရေး၊ သူတို့ရဲ့အပူဒဏ်တွေကြောင့် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေတွေ အစားအသောက်တွေကြောင့် ဖြစ်ပေါ်လာရတဲ့ ကျန်းမာရေးအခြေအနေတွေ၊ ပြီးတော့လည်း အင်းစိန်ဆိုတာ တကယ့်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒါပြောရရင် စံပြထောင်အနေနဲ့ပေါ့နော် အကောင်းဆုံးဆိုပြီး ပြောထားတဲ့ အင်းစိန်လိုထောင်ထဲမှာ ဆေးဝါးမလုံလောက်ဘူးဆိုရင် နယ်ထောင်တွေဆို ဘယ် လောက်ဆိုးမလဲ။’’
အင်းစိန်၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ မြစ်ကြီးနား၊ သာယာဝတီ၊ ပခုက္ကူ၊ ဖျာပုံ၊ မြင်းခြံ၊ ဂန့်ဂေါ၊ ကသာနဲ့ ကလေး စတဲ့အကျဉ်းထောင်တွေမှာ သောက်သုံးရေ မလုံလောက်လို့ အရေပြားရောဂါတွေ အဖြစ်များနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ကလည်း မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ထုံးဓာတ်ပါတဲ့ရေတွေကို သောက်ရတာ၊ ရေကို ဝဝလင်လင် မရတာတွေကြောင့် ဗီတာမင်ဓာတ်ချို့တဲ့ပြီး၊ အောက်ပိုင်းချည့်နဲ့ လေဖြန်းတဲ့အထိ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ခုလိုအခြေအနေဆိုးတွေကို တတ်နိုင်တဲ့ဘက်က ထောက်ပံ့နိုင်ဖို့အတွက် မြန်မာအစားအသောက်တွေ ရောင်းချပြီး ရန်ပုံငွေရှာပြီး အကူအညီပေးနေတယ်လို့လည်း ဆိုပါတယ်။
အဖွဲ့ကို စတင်ဖွဲ့စည်းပြီး လေးလကျော်အတွင်း အမျိုးသမီး နိုင်ငံရေးအကျဉ်းသူပေါင်း ၈၀ ကျော်ကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့ တာဝန်ခံ မဇူးဇူးမေယွန်း က ဆိုပါတယ်။
"လေးလပိုင်းမှာဆို ညီမတို့က အကျဉ်းသူ ၅၀ ကျော်လောက်ပေါ့နော် ပံ့ပိုးပေးနိုင်ခဲ့တယ်ပေါ့နော်၊ ဒီမေလမှာဆိုရင် ညီမတို့က ၃၀ ကျော် အထိတောင် ပံ့ပိုးပေးထားနိုင်ပြီပေါ့နော်၊ အဲဒါလည်း ဘာလို့ဆိုရင် ဒီအထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အပြင်မှာရှိတဲ့ မိသားစုဝင်တွေ ကျန်းမာရေးမကောင်းတာမျိုး၊ ဆေးရုံ အရေးပေါ်တက်ရတာမျိုးလည်း ညီမတို့ ပံ့ပိုးပေးနိုင်ခဲ့တယ်၊ ပြီးတဲ့အခါကျရင် ခက်ခဲနေတဲ့ နိုင်/ကျဉ်းတွေ ရဲ့မိသားစုဝင်တွေကိုလည်း ပံ့ပိုးနိုင်ခဲ့တယ်၊ ပြီးတဲ့အခါကျရင် ထောင်ထဲမှာ ကျန်းမာရေး မကောင်းဘူးပေါ့နော်၊ အဓိကတော့ ကင်ဆာအဆင့်အထိဖြစ်နေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေလည်း ရှိတယ်ပေါ့နော်၊ တတ်နိုင်တဲ့အပိုင်းကပေါ့နော် ကျန်းမာရေးစောင့်ရှောက်မှုတွေကို အဓိက အထဲကို ဘယ်လိုမျိုးလေး ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးပေးနိုင်မလဲ ဈေးဘား သူတို့ကိုဘယ်လိုမျိုး အဆင်ပြေမလဲဆို တာတွေ ကြိုးစားနေပါတယ်။’’
အမျိုးသမီးတွေကို ထောင်ဝန်ထမ်းတွေက လိင်ပိုင်းဆိုင်ရာစော်ကားတာမျိုးတွေရှိနေပြီး ကိုယ့်ရဲ့အရှက်နဲ့ သိက္ခာအတွက် ထုတ်ဖော်မပြောရဲကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ထောင်ဝန်ထမ်းတွေ နှုတ်ကနေ လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုတာမျိုးတွေ ကိုယ်တိုင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိအကျဉ်းထောင်တွေထဲမှာ ဆေးဝါးအခက်အခဲက အဆိုးဆုံးဖြစ်နေတယ်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဇင်မေသက်ကလည်း ပြောပါတယ်။
"အထဲမှာ အမျိုးသမီးတွေအနေနဲ့ ခက်ခဲတာဆိုရင်တော့ အဓိက ဆေးဝါးပိုင်းပေါ့နော်၊ လစဉ် ညီမတို့ အမျိုးသမီးတွေ ရာသီစက်ဝန်းဖြစ်တဲ့အခါမျိုးတွေကအစပေါ့နော်၊ ပြည့်ပြည့်ဝဝ ဘာမှ အဆင်ပြေအောင် မလုပ်နိုင်တာတွေ အဲလိုမျိုး အခက်အခဲတွေ အများကြီးရှိတယ်၊ အဓိက ဆေးဝါးတွေ ဟို စားတာသောက် တာကတော့ အားလုံးလည်းသိပါတယ် ထောင်ထဲဆိုတဲ့အတွက်ကြောင့် ထွေထွေထူးထူး ပြောစရာမလိုတဲ့အတွက်ကြောင့် အဆင်ပြေခြင်းဆိုတာ တစ်ခုမှရှိမနေပါဘူး၊ ဒါပေမဲ့ ပိုပြီးခက်ခဲတာကတော့ ဒီအမျိုးသမီးတွေအတွက်ပေါ့နော် လစဉ်ကျန်းမာရေးပိုင်း ပြီးတော့ ဆေးဝါးပိုင်းကတော့ အများကြီး ခက်ခဲတယ်၊ ညီမတို့ကိုယ်တိုင်လည်း ကြုံခဲ့ရတယ်ပေါ့နော် အဲဒီအတွက်လည်း သူတို့တွေကို ပိုပြီးတော့ ဆေးဝါးပိုင်းတွေ မိသားစုတွေကနေတစ်ဆင့် အဆင်ပြေအောင် လုပ်ပေးနေတယ်ပေါ့။’’
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတွေဟာ အကျဉ်းထောင်တွေထဲ သွားရောက်ကြည့်ရှုခွင့်ရနိုင်ဖို့ စစ်ကောင်စီနဲ့ ဆေးနွေးညှိနှိုင်းနေပေမဲ့ အကောင်အထည်ပေါ်မလာသေးပါဘူး။
လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကအထိ ICRC ဟာ အကျဉ်းထောင်တွေထဲ ဝင်ထွက်ကူညီခွင့်ရခဲ့ပေမဲ့ ၂၀၂၀ ပြည့်နှစ် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အကျဉ်းထောင်ထဲ ဝင်ရောက်ခွင့် အပိတ်ခံခဲ့ရပြီး စစ်တပ်အာဏာ သိမ်းပြီးတဲ့နောက် ခုချိန်အထိ ဝင်ခွင့်မပြုတော့တာဖြစ်ပါတယ်။