ပေါင်းမိုးလှေနဲ့ ရေထဲနေပြီး ဘဝရပ်တည်ကြသူများ
2023.11.01

လှေပေါ်မှာ ဝါး၊ ဓနိတွေနဲ့ အိမ်လိုဆောက် မြစ်ချောင်းတွေထဲနေပြီး ပိုက်ဘဝင်းလို့ခေါ်တဲ့ ငါးဖမ်းပိုက်နဲ့ လှည့်လည်နေထိုင်တဲ့ တံငါသည်တွေကို ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသမှာ အရင်က တော်တော်များများ မြင်တွေ့ရပါတယ်။
အခုနောက်ပိုင်းမှာတော့ ချောင်းလေလံကြေးတွေ မြင့်လာသလို ငါးရတာလည်း နည်းလာလို့ သူတို့လို မိသားစုတွေ တွေ့ရတာ နည်းသွားပါတယ်။
ချောင်းလေလံကြေး တစ်နှစ်ကို ကျပ် လေးသောင်းပေးရတဲ့ လပွတ္တာမြို့နယ်ထဲက မြစ်ချောင်းတွေမှာတော့ တွေ့နိုင်ပါသေးတယ်။
အဲဒီလို ရေထဲနေပြီး ဘဝရပ်တည်နေတဲ့သူတွေထဲမှာ အသက် သုံးဆယ်အရွယ် ကိုမောင်မောင်လေးနဲ့ မမြင့်မြင့်ခိုင်တို့ ဇနီးမောင်နှံလည်း ပါပါတယ်။ သူတို့ အိမ်ထောင်သက် ငါးနှစ်ရှိပြီး လပွတ္တာမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအုပ်စု၊ စလောင်းကျရွာမှာ နေပါတယ်။
ဒီအလုပ် လုပ်ခဲ့တာတော့ အခုဆိုရင် နှစ်နှစ်ရှိလာသလို သူတို့အတွက်တော့ လှေဟာ အိမ်လိုဖြစ်လာပါတယ်။ မိုးလေ ပြင်းထန်တဲ့နေ့တွေဆိုရင်တော့ လှေပေါ်မှာ ညမအိပ်ရတာလည်း ကြုံခဲ့ရသလို လှေမြုပ်တဲ့အထိပါ ကြုံခဲ့ကြပါတယ်။
ဒီလို ခက်ခက်ခဲခဲနဲ့ လှေပေါ်မှာ နေထိုင်စားသောက်ပြီး ပိုက်ဘဝင်း ပိတ်လို့ရတဲ့ ဝင်ငွေဟာ အခုဆိုရင် အခြေခံ ကုန်စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဝမ်းဝဖို့ မနည်း ကြိုးစားနေရတယ်လို့ ကိုမောင်မောင်လေးက ပြောပါတယ်။
“ကိုယ်က ဒီကရတဲ့ဟာက ပုံမှန် မရှိဘူးလေ။ တစ်နေ့ လေးငါးရှစ်ထောင်လည်း ပြီးရင်ပြီးတာ။ အခုလိုကျတော့လည်း နှစ်သောင်း သုံးသောင်းလည်း ရတယ်။ လေးသောင်းလည်း ရတယ်ပေါ့။ ရတဲ့အခါက နည်းပါတယ်။ မမျှဘူး။ စားဝတ်နေရေးက မပိုလျှံဘူးပေါ့။ မစုမိဘူး။ ဒီတိုင်းပဲ။ ရှာလိုက်စားလိုက်နဲ့ပဲ ကုန်နေတာ။ ဆန်အိတ်ဖိုးနဲ့ ဒီစျေးဖိုးနဲ့ အဲဒါကုန်နေတာ။ စျေးတွေကလည်း တက်တာကိုး။ စျေးတက်တဲ့အခါကျတော့ ကိုယ်တွေက မတတ်နိုင်ဘူးလေ။ အဲဒါ ကြည့်ကျက်ချွေတာပြီးတော့ စားနေရတာ”
ကိုမောင်မောင်လေးရဲ့ဇနီး မမြင့်မြင့်ခိုင်က မကွေးတိုင်းဇာတိပါ။ သူက ရန်ကုန်မြို့မှာ အထည်ချုပ် စက်ရုံတစ်ရုံမှာ အလုပ်ဝင်လုပ်ရင်း လူမှုကွန်ရက်ကနေတစ်ဆင့် ကိုမောင်မောင်လေးနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ကျခဲ့တာပါ။ အခုတော့ ခင်ပွန်းရဲ့ စလောင်းကျရွာမှာ အခြေချပြီး အရင်က မလုပ်ဖူးတဲ့ အလုပ်တွေနဲ့ ဘဝတည်ဆောက်နေရပါတယ်။ ဒါကြောင့် ရေလုပ်ငန်းကိုစွန့်ပြီး သူလုပ်ဖူးတဲ့ စက်ရုံအလုပ်မှာ ပြန်လုပ်ဖို့စိတ်ကူးပေမယ့် အလုပ်အကိုင် ခက်ခဲနေတဲ့ အခုလိုကာလမှာ ရန်ကုန်ကို ပြန်သွားရမှာကိုလည်း တွေဝေနေပါတယ်။
လောလောဆယ်တော့ ငါးဖမ်းတဲ့အလုပ်နဲ့ ရရစားစား ဖြစ်နေတဲ့အကြောင်း မမြင့်မြင့်ခိုင်က ပြောပါတယ်။
“စျေးဆိုင်က တစ်ရေ (၁၅ ရက်) ဆိုင်းတွေ အဲဒီလိုထုတ်ပေးတာကိုး။ စျေးချိန်လိုက်လို့ရှိရင် ဓာတ်ဆီဖိုးနဲ့ ဘာနဲ့ဆိုရင် သုံးသောင်းကျော် ကုန်သွားရော။ သုံးသောင်းကျော် လေးသောင်း ကုန်သွားရော။ တစ်ခါ ဆန်ကျတော့ တစ်ရေကို တစ်ပိုင်းကုန်တယ်။ အဲဒီလိုတွေ ကုန်တာပေါ့။ အဲဒါ တစ်ရေပြန်သွားလို့ ကိုယ်က ပိုက်ဆံတွေစု။ စုပြီးတော့ အဲဒီကျမှ တစ်ခါပြန်ချိန်လိုက်တော့ ပိုက်ဆံက ပိုလျှံမှုဆိုတာ မရှိဘူး”
ကိုမောင်မောင်လေးတို့ ပိုက်ဘဝင်းပိတ်လို့ ရလာတဲ့ ငါး၊ ပုစွန်တွေကို စက်လှေတစ်စီးနဲ့ လိုက်ဝယ်တဲ့သူကတော့ အသက် ၄၄ နှစ်အရွယ် ကိုဇော်မိုးပါ။
“ကျွန်တော်ကောက်တော့ တိုက်ရိုက်ကောက်တော့ လိုတာ တိုက်ရိုက်ဝယ်လာတယ်။ ဓာတ်ဆီဆိုလည်း ဓာတ်ဆီပုံးလိုက် ထောင်ပြီး ဝယ်လာတယ်။ သူတို့ ဘာမှမလိုဘူး။ သူတို့ ပိတ်တဲ့နေရာမှာပဲ သူတို့နေကြ။ အသွားအလာ သက်သာတာပေါ့လေ။ အဲဒီလို။ လိုတာကို ကျွန်တော်က ဝယ်ပေးရတာ။ ဆီလိုရင် ဆီ။ ဆန်လိုရင် ဆန်။ ဓာတ်ဆီလိုရင် ဓာတ်ဆီ။ ကွမ်းလိုရင်ကွမ်း အဲဒီလိုဝယ်ပေးရတာ”
အသက် ၃၇ နှစ်အရွယ် မမြမြသင်းကတော့ ကိုမောင်မောင်လေးတို့နဲ့ တစ်ရွာတည်း နေထိုင်သူတွေပါ။ သူက ကိုမောင်မောင်လေးတို့ ဇနီးမောင်နှံကို ဒီအလုပ်လုပ်ဖို့ တွဲခေါ်လာတဲ့သူ ဖြစ်ပါတယ်။ လှိုင်းလေကြောင့် ကိုမောင်မောင်လေးတို့ လှေနစ်တဲ့အချိန်မှာလည်း ဝိုင်းကူခဲ့တယ်လို့ မမြမြသင်းက ပြောပြပါတယ်။
“အရင်တုန်းထဲက သူတို့ကို သိပေမယ့် အရင်တုန်းထဲက သူတို့က ဒီလိုပဲ လုပ်လုပ်စားစားပဲလေ။ အခုလည်း ဘဝင်းပိတ်တယ်။ ကိုယ်တွေနဲ့တွဲပြီး ပိတ်ကြတာပဲ။ အဲဒါ တွဲခေါ်လာရတာပေါ့ သူတို့ကို။ သူတို့ဆိုရင် ခဏခဏ ကြုံတယ်။ ဒီဘေးက ကောင်မလေးတွေဆိုရင်။ တစ်ခါတလေကျလို့ရှိရင် အဲဒီမှာ လှေကြီးမြုပ်လို့။ အဲဒီမှာ သူတို့ကိုဆွဲပြီး ကိုယ်ကကူပြီး လုပ်ပေးရတာပေါ့။ ကိုယ့်လှေပေါ် အကုန်ဆွဲတင်။ တင်ပြီး အဲဒီလိုမောင်းရတာ”
ပိုက်ဘဝင်းလို့ခေါ်တဲ့ ငါးဖမ်းပိုက်ချတာဟာ အရင်ခေတ်ကတော့ ဝါးခြမ်းတွေကို နွယ်ကြိုးတွေ၊ အုန်းဆံကြိုးတွေနဲ့ ကျစ်ထားတဲ့ ယင်းလိပ်တွေနဲ့ ချောင်းဘေးတွေမှာ ခြံစည်းရိုးလိုကာပြီး ငါးဖမ်းတာပါ။ အခုနောက်ပိုင်းမှာတော့ ဝါးနဲ့ရက်ထားတဲ့ ယင်းတွေအစား ခေတ်မီတဲ့ ပိုက်တွေနဲ့ အစားထိုးလာကြတာလည်း တွေ့ရပါတယ်။
ကိုမောင်မောင်လေးနဲ့ မမြင့်မြင်ခိုင်တို့ဟာ နှစ်ပတ်မှာ ဆယ်ရက်လောက် လှေပေါ်မှာနေပြီး ငါးဖမ်းကြပါတယ်။ လုပ်ခါစက လှေနဲ့ပိုက်ကို ငွေတိုးနဲ့ယူပြီး ဝယ်ခဲ့တဲ့အတွက် အခုတော့ ကိုယ်ပိုင်ဖြစ်နေပါပြီ။ ဒါပေမဲ့ အလုပ်ပြောင်းချင်နေပြီလို့ ကိုမောင်မောင်လေးက ပြောပါတယ်။
“အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ မလုပ်ချင်ဘူး။ မလုပ်ချင်ပေမယ့်လည်း ကိုယ့်ဘဝ အခြေအနေအရတော့ လုပ်ရတာပေါ့။ စားဝတ်နေရေးအရ အဲဒီလိုပေါ့။ လုပ်ချင်တာတော့ ကုန်းပေါ်မှာ အေးအေးချမ်းချမ်းလေးနဲ့ အဲဒီလို လုပ်စားချင်တယ်။ ရှိရင်တော့ စျေးရောင်းချင်တယ်ပေါ့။ စျေးရောင်းချင်တယ်”