မကွေးတိုင်းက နွေဦးခရီးသည် စာကြည့်တိုက်
မကွေးတိုင်းအနောက်ခြမ်းမှာ CDM တက္ကသိုလ်ကျောင်းသားတွေ တည်ထောင်ထားတဲ့ နွေဦးခရီးသည် စာကြည့်တိုက် ရှိနေပါတယ်။
-
RFA Burmese
2025-02-06 -
-
-
မကွေးတိုင်းအနောက်ဘက်ခြမ်း၊ မင်းဘူးခရိုင်ထဲက ရခိုင်ရိုးမတောင်ခြေတစ်နေရာမှာ "နွေဦးခရီးသည်" ဆိုတဲ့ စာကြည့်တိုက်လေးရှိပြီး ဒေသခံတွေနဲ့ လူငယ်တွေအတွက် စိတ်အာဟာရပေးနေပါတယ်။
ဒီစာကြည့်တိုက်ကို မကွေးတက္ကသိုလ်က ထွက်လာတဲ့ CDM ကျောင်းသားတွေက ၂၀၂၂ ခုနှစ် အစောပိုင်းမှာ စပြီးတည်ထောင်ခဲ့တာဖြစ်လို့ အခုဆိုရင် သုံးနှစ်နီးပါး သက်တမ်းရှိလာပါပြီ။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မကွေးမြို့မှထွက်လာတဲ့ သပိတ်မှောက်ကျောင်းသားတွေက နွေဦးရဲ့ ခရီးသည်တွေလို့ သူတို့ကိုယ်သူတို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒီလူငယ်တွေအစပြုခဲ့တဲ့ စာကြည့် တိုက်လေးဖြစ်တဲ့အတွက် "နွေဦးခရီးသည်" လို့ နာမည်ဖြစ်လာတဲ့အကြောင်း စာကြည့်တိုက်တာဝန်ခံ မမေတူးက ပြောပြပါတယ်။
"မြန်မာ့နွေဦးတော်လှန်ရေးဆိုပြီး သပိတ်မှောက်ဆန္ဒပြတဲ့ မကွေးမြို့ လမ်းမပေါ်တွေကစပြီး ဒီခရီးကိုပဲ အတူတူသွားခဲ့ကြတယ်။ အဖမ်းခံရတဲ့အချိန်မှာလည်း အတူတူအဖမ်းခံခဲ့ရတယ်။ လွတ်တဲ့အချိန်မှာ လည်း အသုတ်တွေခွဲလွတ်ခဲ့ပေမဲ့ လွတ်ပြီးတဲ့နောက်မှာလည်း နွေဦးခရီးသည် အုပ်စုလေးဟာ တစ်စုတစ်စည်းတည်း တော်လှန်ရေးကို ဆက်ပါဝင်နေကြတယ်"
နွေဦးခရီးသည်အဖွဲ့ဝင်တွေထဲမှာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက စာကြည့်တိုက်လုပ်ခဲ့တဲ့သူတွေ၊ ကျောင်းသားသမဂ္ဂနဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာလုပ်ခဲ့ဖူးတဲ့ ကျောင်းသားနဲ့ လူငယ်တွေ ပါဝင်ပါတယ်။ သူတို့ဟာ စာကြည့်တိုက်မှာ အားဖြည့်ကြသလို တစ်ဖက်မှာလည်း တော်လှန်ရေးတာဝန်ကို ကိုယ်စီထမ်းဆောင်နေကြတယ်လို့ ပြောပါတယ်။
အစောပိုင်းမှာ နွေဦးခရီးသည်အဖွဲ့ဝင်တစ်ဦး မတည်တဲ့စာအုပ်တွေနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ ပြည်သူကထောက်ပံ့တဲ့ စာအုပ်တွေလည်းရှိလာပါတယ်။ ဒါကြောင့် အခုဆိုရင် သူတို့စာကြည့်တိုက်မှာ အုပ်ရေ ရှစ်ရာလောက်ရှိနေပါပြီ။ နိုင်ငံရေးသမိုင်းနောက်ခံစာအုပ်တွေ၊ ရသစာပေတွေကို ပြန့်ပွားစေချင်တဲ့အတွက် အဲဒီလိုစာပေအမျိုးအစားတွေကို ဦးစားပေးစုဆောင်းတယ်လို့ ပြောပါတယ်။
"ခက်ခဲတဲ့အချိန်တွေမှာတောင်မှ ပြင်ပဗဟုသုတနဲ့ ပတ်သက်တာတွေ ဆက်လေ့လာခွင့်ရတယ်"
စာကြည့်တိုက်အတွက် စေတနာ့ဝန်ထမ်းလုပ်နေတဲ့ ကျောင်းသားလူငယ်တွေထဲမှာ အသက် ၁၇ နှစ်အရွယ် မိုင်ချောက်ကိုဆိုတဲ့ အရှိုချင်းလူမျိုး မိန်းကလေးတစ်ဦးလည်း ပါပါတယ်။
"စာကြည့်တိုက်နဲ့ မတွေ့ခင်က အားငယ်တဲ့အချိန်တွေ ရှိခဲ့ဖူးတယ်။ စာကြည့်တိုက်နဲ့ တွေ့တဲ့အချိန်မှာ စာကြည့်တိုက်က စာဖတ်ဖို့လည်း အရမ်းအားပေးခဲ့ကြတယ်။ စာတွေ အများကြီးဖတ်ဖြစ်ခဲ့တယ်။ ခက်ခဲတဲ့အချိန်တွေမှာတောင်မှ ပြင်ပဗဟုသုတနဲ့ ပတ်သက်တာတွေ ဆက်လေ့လာခွင့်ရတယ်"
စာကြည့်တိုက်ကို မနက် ၈ နာရီကနေ ညနေ ၆ နာရီထိ ဖွင့်ထားပါတယ်။ စာဖတ်သက်ရလာတဲ့သူတွေက ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ နိုင်ငံရေးနောက်ခံစာအုပ်တွေကို ပိုစိတ်ဝင်စားကြတယ်လို့ မမေတူးက ပြောပါတယ်။
"သူတို့တွေရဲ့ စာအုပ်ရွေးချယ်မှုမှာတော့ အစပိုင်းမှာ ပေါ့ပေါ့ပါးပါး ရသဝတ္ထုတွေ ဖတ်ကြတယ်ဆိုပေမဲ့ အခုနောက်ပိုင်းမှာဆိုရင် သမိုင်းနောက်ခံစာအုပ်တွေကို ရွေးဖတ်လာနိုင်ပြီ။ သူတို့ဖြတ်သန်းရတဲ့ ခေတ်က တော်လှန်ခေတ်ဆိုတော့ တော်လှန်ရေးကာလတစ်လျှောက်မှာ မြင်ရတဲ့ နိုင်ငံရေးအခြေအနေတွေပေါ်မှာ သူတို့ ဖတ်ထားတဲ့စာတွေနဲ့ သူတို့အချင်းချင်း ပြန်သုံးသပ်နေတာတွေ ကြားရတဲ့အခါ စာဖတ်တဲ့ လူငယ်ဆိုတာ ဒီလိုပါလားဆိုတဲ့ စိတ်ဖြစ်ရတယ်။ ဒါကတော့ စာကြည့်တိုက်သမားတွေရတဲ့ ပီတိဖြစ်မှာပေါ့နော်။ များသောအားဖြင့် ဖတ်ကြတာကတော့ ကျောင်းသားနိုင်ငံရေးသမိုင်းတွေ တော်လှန်ရေးနောက်ခံ ရသစာအုပ်တွေဆိုရင်တော့ လက်မလည်အောင် ငှားရတယ်"
ဆက်နွှယ်သောသတင်းများ
စာကြည့်တိုက် တည်ထောင်ထားတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား
ဒီးမော့ဆို တိုက်ပွဲသံတွေကြားက နွေဦးဂုရုလေးများ
ဖတ်ချင်ရင် ယူသွားဆိုတဲ့ ရန်ကုန်မြို့ လမ်းဘေးက စာပေဒါန
တောထဲတောင်ထဲမှာ တည်ဆောက်ထားရတဲ့ စာကြည့်တိုက်မို့ အခက်အခဲတွေက များပါတယ်။ ရိုးမတောင်ကြောပေါ်အထိ စာအုပ်တွေရောက်ဖို့ ထမ်းတင်ရတာရှိသလို ရာသီဥတုဒဏ်ကြောင့် စာအုပ်တွေ မပျက်စီးအောင် ထိန်းသိမ်းရတာလည်း သူတို့အတွက် စိန်ခေါ်မှုဖြစ်နေပါတယ်။
အခက်အခဲတွေကြားက တည်ထောင်ထားရတဲ့ ဒီစာကြည့်တိုက်ဟာလည်း စာပေနဲ့ ပညာကို ကာကွယ်တာဖြစ်တယ်လို့ မိုင်ချောက်ကိုက ခံယူထားပါတယ်။
"နွေဦးခရီးသည် စာကြည့်တိုက်လိုမျိုး စာကြည့်တိုက်တစ်ခုရှိနေတာက သမီးတို့ရဲ့ စာပေတွေ၊ ပညာရေးတွေကို ကာကွယ်တဲ့ တော်လှန်ရေးတစ်ခုပဲဖြစ်တယ်"
တခြားတော်လှန်ရေးနယ်မြေတွေမှာလည်း စာကြည့်တိုက်တွေ ပေါ်ပေါက်စေချင်တယ်လို့ သူက ပြောပါတယ်။
အနာဂတ်ပညာရေးစနစ်မှာ ကလေးတွေ စာဖတ်တဲ့အလေ့အကျင့်ကောင်းတွေ ဖြစ်လာဖို့လိုတယ်လို့လည်း မမေတူးက သူ့အမြင်ကို ပြောပြပါတယ်။
"အနာဂတ်နိုင်ငံကို တည်ဆောက်တဲ့အခါမှာ ပညာရေးကို ပြန်ကိုင်ကြရလိမ့်မယ်။ အဲဒီအချိန်မှာ ညီမတို့ ဖော်ဆောင်တဲ့ ပညာရေးမှာ စာဖတ်ခြင်းယဉ်ကျေးမှုကို ကလေးတွေအတွက် ဘာတွေ ဆက်လုပ်ပေးမလဲ။ စာဖတ်တဲ့ကလေးတွေဖြစ်အောင် ဘယ်လိုဆက်လုပ်ပေးကြမလဲဆိုတာကို ထည့်သွင်းစဉ်းစားနေကြမယ်လို့ ယုံတယ်။ ထည့်စဉ်းစားရမှာလည်းဖြစ်တယ်"
တော်လှန်ရေးပြီးလို့ အိမ်ပြန်ရတဲ့အခါမှာလည်း ဒီစာကြည့်တိုက်ကို ဒေသခံလူငယ်တွေဆီ လက်လွှဲခဲ့ချင်တယ်လို့လည်း စာကြည့်တိုက်တာဝန်ခံ မမေတူးက ပြောပါတယ်။