ဖယောင်း သို့မဟုတ် ခွဲခြားမှုတွေကြားက ကြိုးစားရှင်သန်သူ

RFA Burmese
2023.06.20
ဖယောင်း သို့မဟုတ် ခွဲခြားမှုတွေကြားက ကြိုးစားရှင်သန်သူ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လိင်စိတ်ခံယူမှုကွဲပြားသူ ဖယောင်းကို ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။
RFA

အသက်၂၄ နှစ်အရွယ် ဖယောင်းတစ်ယောက် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ကေလာရွာအနီးက ရေပေါ် ခရမ်းချဥ်သီးစိုက်ခင်းတွေ ကြားမှာ အလုပ်လုပ်နေပါတယ်။

မွေးချင်းသုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပေမယ့် မိသားစုက နွမ်းပါးတာကြောင့် ကိုးတန်းနဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ သူက အင်းလေးကန်ရဲ့ ရေပေါ်ကျွန်းမျော ခရမ်းချဉ်သီး စိုက်ခင်းတွေကြားမှာ အလုပ်လုပ်ရင်း မိသားစုအတွက် ထောက်ပံ့နေသူပါ။

အကြီးနှစ်ယောက်က မိသားစုကိုယ်စီ ရှိနေတာမို့ လူလွတ်ဖြစ်တဲ့ ဖယောင်းကပဲ နှလုံးရောဂါသည် မိခင်အတွက် စားဝတ်နေရေးနဲ့ ဆေးဖိုးကို ထောက်ပံ့နေရုံမက အမရဲ့သားသမီးတွေဖြစ်တဲ့ တူ၊ တူမလေးတွေကိုလည်း သူက ထောက်ပံ့လေ့ရှိပါတယ်။

" အခြေအနေပေးမယ်ဆိုရင် ပညာတွေ ဆက်သင်ယူပြီးတော့ မိတ်ကပ်ပညာရှင်ကြီးအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်သွားချင်တာပေါ့နော်"

မနက် ၇ နာရီမထိုးခင် ကေလာရွာရဲ့ အစွန်ဆုံး ဝါးတဲလေးကထွက် နေပူပူကိုအံတုရင်း ညနေ နေဝင်ချိန်ထိ ခရမ်းချဉ်သီးခူး၊ ပေါင်းနုတ် စတဲ့အလုပ်တွေကို ဖယောင်းတစ်ယောက် တစ်နေကုန် လုပ်ကိုင်ရပါတယ်။

လိင်စိတ်ခံယူမှု ကွဲပြားသူ LGBT တစ်ဦးဖြစ်တာကြောင့် အမြဲလိုလို ခွဲခြားဆက်ဆံခံရပေမယ့် ယုံကြည်ချက် အပြည့်နဲ့ ကြိုးစားရှင်သန်တယ်လို့ ဖယောင်းက ပြောပါတယ်။

''လူတွေကမြင်ရင် ဟာ နင်မရှက်ဘူးလား၊ ယောက်ျားဖြစ်ပြီးတော့ အဲလိုမျိုး မိန်းကလေးလုပ်နေတာ မရှက်ဘူးလားတဲ့၊ ဒါပေမဲ့ ကိုယ်က မကောင်းတာ လုပ်နေတာမှ မဟုတ်တာပဲ။ အဲလိုမျိုး မိန်းကလေးလိုနေတာ မကောင်းတာ လုပ်နေတာမှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်နဲ့ အဲလိုမျိုးနေတာပေါ့"

LGBT တစ်ဦးဖြစ်တာကြောင့် လူ့အသိုက်အဝန်းမှာ အထင်မြင်သေးခံရရုံမက လုပ်အားခလည်း တန်းတူ မရပါဘူး။

ရေပေါ်ကျွန်းမျော ခရမ်းချဉ်သီးစိုက်ခင်းတွေမှာ အလုပ်လုပ်ရင် အမျိုးသားတစ်ဦး တစ်နေ့ကို ကျပ် ကိုးထောင် ရပေမယ့် ဖယောင်းကတော့ အမျိုးသမီးလုပ်အားခဖြစ်တဲ့ တစ်ရက်ကို ခြောက်ထောင်ကျပ်ပဲ ရပါတယ်။ နည်းပါးပေမယ့် မိခင်အတွက် ဆေးဖိုးလိုအပ်တာကြောင့် ဒီအလုပ်ကိုပဲ ဖယောင်း ဆက်လုပ်နေပါတယ်။

နေ့စဉ် ဝမ်းရေးနဲ့ ဆေးဖိုးအတွက် ဖယောင်းက အဓိက ထောက်ပံ့ပေးနေတာကြောင့် ဝမ်းသာရတယ်လို့ အသက် ၄၃ နှစ်အရွယ် မိခင် ဒေါ်ရင်မေက ပြောပါတယ်။

''အိမ်မှာ သူတစ်ယောက်တည်း ပိုက်ဆံရှာပေးတာ၊ အမေကတော့ ကျန်းမာရေး မကောင်းတော့ မလုပ်နိုင်တော့ဘူးလို့။ သူပိုက်ဆံရလို့ရှိရင် လာပို့တယ်။ အဲလိုမျိုးဆိုတော့ ဝမ်းသာတာပေါ့၊ ဆေးလည်း ထိုးရတယ်"

နွေရာသီအကုန် မိုးရာသီအကူးမှာ ရေပေါ်စိုက်ခင်းတွေကြား အလုပ်လုပ်နိုင်ပေမယ့် ဆောင်းရာသီမှာ ဒီအလုပ် မရှိတာကြောင့် ဖယောင်းတို့ မိသားစု စားဝတ်နေရေး ခက်ခဲပါတယ်။

အဲဒီအချိန်မှာ သူကိုယ်တိုင်လည်း ဝါသနာပါတဲ့ မိတ်ကပ်နဲ့ အလှဖန်တီးမှုပညာနဲ့ သူတတ်သလောက် ဝင်ငွေရှာပါတယ်။ ကေလာရွာနဲ့ အင်းလေးကန်ဝန်းကျင်က ရှင်ပြု၊ အလှူနဲ့ မင်္ဂလာပွဲတွေမှာ ဖယောင်းက မိတ်ကပ်နဲ့ ပန်းအလှတွေ ဖန်တီးပေးပါတယ်။

သူ့ရဲ့ အနာဂတ်အိပ်မက်က မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်ချင်တာပါ။ ဒါကြောင့် အခုကတည်းက လိုအပ်တဲ့ ပစ္စည်းတွေကို တတ်နိုင်သလောက် ဝယ်ယူစုဆောင်းလေ့ ရှိပါတယ်။

မိတ်ကပ်ပြင်ဆင်ပေးနေသည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လိင်စိတ်ခံယူမှုကွဲပြားသူ ဖယောင်းကို ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မိတ်ကပ်ပြင်ဆင်ပေးနေသည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လိင်စိတ်ခံယူမှုကွဲပြားသူ ဖယောင်းကို ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဖယောင်းက သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ရရာအလုပ်လုပ်ပြီး မိခင်ကို အမြဲထောက်ပံ့လေ့ရှိတယ်လို့ အမဖြစ်သူ အသက် ၂၆ နှစ်အရွယ် မဇာနည်ထွန်းက ပြောပါတယ်။

''အဝေးက အလှပြင်တဲ့သူတွေက သူ့ကို ကြိုက်ကြတယ်လေ။ သနပ်ခါး (မိတ်ကပ်) ပြင်တော့ သူ့ကို ကောင်းတယ်ဆိုပြီးတော့လေ။ သနပ်ခါးပြင်ရတဲ့ငွေနဲ့ အလုပ်သွားတဲ့ ငွေနဲ့ သနပ်ခါး (မိတ်ကပ်) ပြင်တဲ့ ပစ္စည်းတွေလည်း ဝယ်စုတယ်။ ပိုက်ဆံက သနပ်ခါး (မိတ်ကပ်) ပြင်လို့ရတာနဲ့လည်း အမေကို ပေးတယ်။ သူက အလုပ်ကိုကြိုးစားတယ် အဲလိုမျိုး။ အလုပ်ကို တစ်မျိုးမရ တစ်မျိုးရှာတယ်။ မိတ်ကပ်ဖိုး၊ အဝတ်ဖိုး ဝယ်ဖို့ လိုခါမှ အမေ့ဆီက ပြန်တောင်းသုံးတာ။ ရတဲ့ပိုက်ဆံတွေအကုန် အမေ့ကိုပေးတယ်။ မယူဘူး သူက''

အခြေအနေပေးရင် ပညာတွေဆက်သင်ပြီး မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်နဲ့ပဲ ရပ်တည်ချင်တယ်၊ မိခင်အတွက်လည်း အိမ်ပြန်ဆောက်ပေးချင်တယ်လို့ ဖယောင်းက ပြောပါတယ်။

''တစ်ကယ်တော့ ဝမ်းစာရေးအတွက် ဒီရေခြံအလုပ်ကို လုပ်နေရတယ်ဆိုပေမယ့်လည်း မိတ်ကပ်ပညာရှင်အနေနဲ့ပဲ ရပ်တည်သွားချင်တာပေါ့နော်။ အခြေအနေပေးမယ်ဆိုရင် ပညာတွေ ဆက်သင်ယူပြီးတော့ မိတ်ကပ်ပညာရှင်ကြီးအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်သွားချင်တာပေါ့နော်။ ပြီးတော့ အိမ်က မိသားစုကိုလည်း ထောက်ပံ့ချင်တယ်။ ကိုယ့်ကို မှီခိုနေတဲ့ တူလေးတွေ၊ တူမလေးတွေလည်း ရှိသေးတာပေါ့နော်။ ပြီးတော့ ဖယောင်းတို့နေတဲ့ အိမ်လေးကလည်း သိပ်အဆင်မပြေတော့ဘူး။ အိမ်လေးလည်း ပြန်ဆောက် ပေးချင်တာပေါ့နော်''

၁၉၆၉ ခုနှစ် ဇွန်လက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ရှိ လိင်စိတ်ခံယူမှု ကွဲပြားသူတွေရဲ့ Stone Wall အရက်ဘားကို ရဲတပ်ဖွဲ့က ရိုက်နှက်ဖြိုခွင်းရာကနေ LGBT လို့ ခေါ်တဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးလှုပ်ရှားမှုတွေ စတင်ခဲ့ပါတယ်။

နှစ်စဉ် ဇွန်လရောက်တိုင်း လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် လှုပ်ရှားမှုတွေကို ကမ္ဘာ့တစ်ဝှမ်း ပြုလုပ်လေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ရှေးရိုးစွဲဆန်တဲ့ လူ့အသိုက်အဝန်းကြား ဖယောင်းတို့လို လိင်စိတ်ခံယူမှု ကွဲပြားသူတွေ တန်းတူအခွင့်အရေးရဖို့ ဆက်လက်ရုန်းကန်ရဦးမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။