အခုမြင်ရတာက မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ထန်းတောရွာမှာ အိုးစည်၊ ဒိုးပတ်နဲ့ ဗုံတွေ လုပ်နေတာပါ။
ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဆိုတဲ့ ဂီတတူရိယာတွေထဲမှာ သားရေသုံးပြီးတီးရတဲ့ ဗုံကလည်း အဓိကကျတဲ့ တူရိယာဖြစ်ပါတယ်။
အိမ်ခြေ တစ်ရာကျော်ကျော်ပဲရှိတဲ့ အဲဒီ ထန်းတောရွာလေးမှာ ဗုံထုတ်လုပ်နေတာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီလို့ ပြောကြပါတယ်။ လက်ရှိတော့ ရွာထဲမှာ မိသားစု နှစ်ဆယ်လောက်က အိမ်တွင်းလုပ်ငန်း ထူထောင်ထားပြီး တချို့ရွာသားတွေက သူတို့ဆီမှာ လက်ခစားလုပ်ကြပါတယ်။
"ဘိုးဘွားတွေကတည်းက လုပ်လာတယ်။ အစ်ကိုတွေ၊ မိဘတွေကတည်းက လုပ်လာတယ်ဆိုတော့ ဒီအလုပ်ကိုပဲ လုပ်စားတာပေါ့။ ကလေးတီးကနေပြီး လူကြီးတီး အိုးစည်၊ ဒိုးပတ်၊ စည်ဒိုး၊ ပတ်မ၊ စခွန့်ပေါ့နော်၊ အဲဒါပြီး ရှမ်းအိုးစည်ပေါ့။ လျှပ်စစ်မီးမရခင်ကတော့ ပွတ်တဲ့အခါ ကြိုးပတ်ပြီး ခြေထောက်နဲ့ပဲနင်းရတာ။ အခုလျှပ်စစ်မီးရတော့ မော်တာလေးတွေနဲ့ တစ်နိုင်တစ်ပိုင်ပေါ့"
ဆယ်ကျော်သက်အရွယ်ကတည်းက ဗုံတွေလုပ်ခဲ့တဲ့ ထန်းတောရွာသား ကိုမျိုးပြောပြတာပါ။ သူ့မှာ ဇနီးသည် မမြနှင်းနဲ့ သားသမီး သုံးယောက်ရှိပြီး ဗုံလုပ်ငန်းနဲ့ပဲ တစ်မိသားစုလုံးရဲ့ စားဝတ်နေရေး ရပ်တည်ခဲ့တယ်လို့ ပြောပါတယ်။
သူတို့အလုပ်ရုံတွေမှာ ကလေးကစားစရာ အိုးစည်၊ ဒိုးပတ်လေးတွေကစလို့ မြန်မာ့ဆိုင်းဝိုင်းကြီးတွေမှာသုံးတဲ့ စည်တို၊ စခွန့်၊ ပတ်မ၊ ပတ်တွဲတွေအပြင် တိုင်းရင်းသားတွေရဲ့ရိုးရာ အိုးစည်၊ ဒိုးပတ်တွေကိုလည်း ထုတ်လုပ်နေတာတွေ့ရပါတယ်။
တကယ်တော့ သူတို့ရဲ့ ထန်းတောရွာလေးဟာ ၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက်ကမှ လျှပ်စစ်မီးရခဲ့တာပါ။ အဲဒီမတိုင်ခင်က ဗုံအခွံတွေအတွက် သစ်သားပွတ်လုံးလုပ်ဖို့ ခြေနင်းစက်သုံးပြီး လက်မှုနည်းပညာနဲ့ပဲ လုပ်ခဲ့ကြရပါတယ်။ လျှပ်စစ်မီးရပြီးတဲ့ နောက်မှာတော့ မော်တာစက်တွေသုံးခွင့်ရလာလို့ လုပ်ငန်းပိုအဆင်ပြေလာတယ်လို့ ပြောပြကြပါတယ်။

"အစ်ကိုတို့ စလုပ်တုန်းက ရွာမှာ လျှပ်စစ်မီး မရသေးဘူး။ ပြီးတော့ လမ်းပန်း ဆက်သွယ်ရေး မကောင်းတော့ အခုလိုမျိုး ကိုယ့်ရပ်ကိုယ့်ရွာမှာ လုပ်လို့မရဘူး။ ဟိုတောင်ခြေဘက်သွားပြီးတော့မှ အဖြူထည်လေးတွေ ဖြစ်အောင်လုပ်ပြီးမှ လှည်းတွေနဲ့သယ်ရတာ။ အခုခေတ်လိုမျိုး လမ်းပန်းဆက်သွယ်ရေး မကောင်းသေးတော့ တစ်လလောက် အဲဒီမှာသွားလုပ်ပြီး အဖြူထည်ကို သယ်လာရတာ။ အဖြူထည်ကို သယ်လာပြီးမှ ဒီမှာ သားရေကပ်တဲ့လုပ်ငန်း ပြန်လုပ်ရတာပေါ့"
ဒို့ဗမာ အိုးစည်ဒိုးပတ်ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း တည်ထောင်ထားတဲ့ ကိုရန်အောင်ဝင်း ပြောပြတာပါ။ သူတို့ထုတ်တဲ့တူရိယာတွေကို မန္တလေးမြို့မှာ ဆိုင်ဖွင့်ပြီး ရောင်းကြပါတယ်။
ကိုရန်နောင်ဝင်းကလည်း ၁၇ နှစ်သားကတည်းက ဒီအလုပ်လုပ်ခဲ့တာလို့ပြောပါတယ်။
"၁၇ နှစ်လောက်ကနေစပြီးတော့ ကလေးကစားစရာကနေ ရှမ်းအိုးစည်တွေ။ အဲဒါပြီးတော့မှ ဆိုင်းဝိုင်းသုံး ပတ်လုံးတွေ၊ စည်တိုတွေ၊ စခွန့်၊ ပတ်မတို့ လုပ်တာပေါ့။ အိုးစည်ပုံဖြစ်အောင် ပွတ်ထိုးတာ၊ သစ်လုံးကို ပုံစံဖော်တာပေါ့နော်။ သားရေကနေအစ သစ်သားပုံစံအရည်အသွေး အကောင်းဆုံးဖြစ်အောင် လုပ်ရတာပေါ့"
ဗုံကောင်းတစ်လုံးရဖို့ သစ်သားကို ထွင်းထု ပွတ်ထိုး ပုံဖော်ရတာက အရေးပါသလို သားရေကျက်တာ တန်ဆာဆင်တာလည်း ကျွမ်းကျင်ဖို့လိုတယ်လို့ပြောပြကြပါတယ်။ ဒါပေမဲ့ သူတို့မှာ လုပ်ငန်းခွင်လုံခြုံရေးလို့ပြောရမယ့် အကာအကွယ်ပစ္စည်းသုံးဖို့ အားနည်းနေတာတွေ့ရပါတယ်။ ပွတ်လုံးပွတ်တဲ့အခါ လက်ချောင်းတွေ အနာတရ မဖြစ်အောင်ကာကွယ်နိုင်မယ့် သားရေလက်အိတ်ဝတ်တာ၊ မျက်လုံးတွေကို ကာကွယ်နိုင်မယ့် မှန်ကာမျက်နှာဖုံးတပ်တာ မတွေ့ရသေးပါဘူး။
"၁၇ နှစ်လောက်ကနေစပြီးတော့ ကလေးကစားစရာကနေ ရှမ်းအိုးစည်တွေ။ အဲဒါပြီးတော့မှ ဆိုင်းဝိုင်းသုံး ပတ်လုံးတွေ၊ စည်တိုတွေ၊ စခွန့်၊ ပတ်မတို့ လုပ်တာပေါ့"
ကလေးကစားစရာ ဗုံလေးတွေအတွက် ဆိတ်သားရေကိုသုံးပြီး၊ ဆိုင်းဝိုင်းတွေမှာသုံးကြတဲ့ တူရိယာကြီးတွေမှာတော့ နွားသားရေကို အသုံးပြုကြပါတယ်။
အမျိုးသမီးတွေက ကလေးကစားစရာ ဗုံလေးတွေမှာ သားရေကျက်တဲ့အလုပ်ကို လက်ခစားအနေနဲ့ လုပ်ကြပါတယ်။ ဒီအလုပ်ကိုငယ်ငယ်ကတည်းကလုပ်လာတာကြောင့် သူတို့အတွက် အခက်အခဲမရှိဘူးလို့ အိုးစည်လေးတွေကျက်နေတဲ့ ဒေါ်စောကြည်က ပြောပြပါတယ်။
"ဒါက မိရိုးဖလာအလုပ်ဆိုတော့ ငယ်ငယ်ကလေးတည်းက မျက်စိရည်၊ နားရည် ဝတာပေါ့ကွာ။ အဲတော့ မခက်ခဲဘူး။ အစဉ်အလာပေါ့။ အဘိုးတွေ၊ အဘွားတွေကလည်း ဒါပဲလုပ်စားတာ။ ကိုယ့်မိဘကလည်း ဒါပဲလုပ်စားတာဆိုတော့ ကိုယ်က နားရည်လည်သွားတာပေါ့။ အစိမ်းသက်သက်ဆို လုပ်ရတာကြာတာပေါ့။ ကိုယ့်လို ခြေထောက်ထားရတာမှအစ ခက်ခဲတယ်။ မြင်တာတော့ ဒီလိုလေးမြင်တာ။ ခြေထောက်ထားရတာခက်တယ်၊ ညောင်းတယ်"
ပွဲလမ်းသဘင်တွေပေါများတဲ့ အချိန်တွေဆိုရင် သူတို့အနေနဲ့ လက်မလည်အောင်ကို လုပ်ကြရတာလို့ ဆိုပါတယ်။ ထန်းတောရွာသားတွေဟာ အရင်ကတော့ လယ်ယာလုပ်ငန်း အားသွားတဲ့အချိန်တွေဆိုရင်၊ ရန်ကုန်၊ မန္တလေးစတဲ့ မြို့တွေက ဘုရားစျေးပွဲစျေးတွေမှာ သူတို့ထုတ်လုပ်ထားတဲ့ ဗုံတွေကို သွားရောင်းလေ့ရှိကြပါတယ်။ အခုချိန်မှာတော့ ဗုံလုပ်ငန်းတစ်မျိုးတည်းကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်လာကြပြီလို့ ကိုရန်အောင်ဝင်းက ပြောပါတယ်။
ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါကာလကရော၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာပါ သူတို့လုပ်ငန်းတွေလည်း အရင်ကလို အလုပ်မဖြစ်တော့ဘူးလို့ ပြောကြပါတယ်။ အဘက်ဘက်ကတက်နေတဲ့ ကုန်စျေးနှုန်းတွေက သူတို့လုပ်ငန်းကိုလည်း သက်သာရာ မရခဲ့ပါဘူး။
"ဈေးတွေကတော့ ကွာသွားတာပေါ့။ ဆေးဈေးတွေ၊ ကော်ဈေးတွေ နှစ်ပြန် တက်သွားတာပေါ့။ အရင်တုန်းက ဆေးတစ်ဗူးဆိုရင် နှစ်သောင်း၊ သုံးသောင်း။ အခုဆိုရင် လေး၊ ငါး၊ ခြောက်သောင်း ဖြစ်သွားပြီ။ ပွဲလမ်းသဘင်တွေသွားရင် ကိုယ့်အိုးစည်လေးတွေ၊ ဆိုင်လေးတွေမှာ ချိတ်ထားတာမျိုး၊ ဝယ်သွားတာမျိုးတွေ့ရင် ကိုယ်လုပ်ထားတာလေးတွေဆိုပြီး ဝမ်းသာမိတာပေါ့"