လားရှိုး ကချင်နှစ်ခြင်းဘုရားကျောင်းက ဖမ်းဆီးခံရသူတွေ ပြန်လွတ်မြောက်

2021.03.02

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မတ်လ ၁ ရက်နေ့ မနေ့က ဖမ်းဆီးခံခဲ့ရတဲ့ ကချင်နှစ်ခြင်းအသင်းတော်က ဓမ္မဆရာတွေအပါအဝင် အသင်းတော်ကျောင်းသား ၁၄ ဦးနဲ့ ဆန္ဒပြပွဲမှာ ပါဝင်လို့ ဖမ်းဆီးခံထားရသူ ၇ ဦး၊ စုစုပေါင်း ၂၁ ဦးကို ရဲတပ်ဖွဲ့က မတ်လ ၂ ရက်နေ့ ဒီကနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ကချင်နှစ်ခြင်းအသင်းတော်က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တွေ ဒီကနေ့ ညှိနှိုင်းပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။

ဖေဖော်ဝါရီလ ၂၈ရက်နေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူငယ်အချို့ဟာ အရပ်ဝတ်နဲ့ ရဲတပ်ကြပ်အဆင့်ရှိသူတစ်ဦးကို ဖမ်းဆီးပြီး ဘုရားကျောင်းဝန်းထဲကို ခေါ်ဆောင်သွားခဲ့တာနဲ့ ပတ်သက်ပြီး အဲ့ဒီဘုရားကျောင်းက အတွင်းရေးမှူးအပါအဝင် ၁၄ဦးကို ရဲက ဖမ်းဆီးခဲ့တာပါ။

ဆန္ဒပြပွဲမှာ လားရှိုးမြို့မရဲစခန်းရှေ့ ဖမ်းဆီးခံရတဲ့ သူတဦးကိုတော့ ပြန်မလွှတ်ပေးဘဲ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အချိန်ထိ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅)နဲ့ အမှု ဖွင့်ခံထားရသူ ၁၈ဦး၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ၃၂ဦးရှိပြီး အဲ့ဒီထဲက အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၁ ဦး ကိုဖမ်းဆီးထားပြီး ကျန်တဲ့သူတွေကိုတော့ ဖမ်းဆီးဖို့လုပ်နေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။