မြေမြှုပ်မိုင်းကြောင့် ဒုက္ခိတ ဖြစ်သွားရသူ

အာဏာသိမ်းပြီး တစ်နှစ်နီးပါးအကြာ၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဒေါ်ခင်ထွေးကြည်တစ်ယောက် တောင်ယာခုတ်ဖို့သွားရင်း မြေမြှုပ်မိုင်းနင်းမိခဲ့ပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံချောင်းရွာမှ မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည့် ဒေါ်ခင်ထွေးကြည်အား ၂၀၂၄ ခုနှစ်၊ မတ်လက တွေ့ရစဉ်။ RFA

"တောတွေထဲ ရွာထဲကို အရမ်းကြီး မသွားကြဖို့ တောင်းပန်ပါတယ်။ ကျွန်မလို မဖြစ်ကြရအောင် ဂရုစိုက်ပြီး လမ်းသွားလမ်းလာတွေကို ဆင်ခြင်ကြဖို့ သတိပေးပါတယ်"

မကွေးတိုင်း ဆောမြို့နယ်မှာ မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ဒေါ်ခင်ထွေးကြည် ပြောပြနေတာပါ။

အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်ထွေးကြည်ဟာ ဆောမြို့နယ် ကံချောင်းရွာလေးမှာ မိရိုးဖလာ တောင်ယာလုပ်ကိုင်စားသောက်နေသူပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ဆောမြို့နယ်မှာလည်း စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်တဲ့ တိုက်ပွဲတွေ ဖြစ်လာပြီး နှစ်ဖက် မိုင်းထောင်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိလာပါတယ်။

အရင်က မြေမြှုပ်မိုင်းဆိုတာကို မမြင်ဖူး၊ မကြားဖူးခဲ့ဘဲ စစ်အာဏာသိမ်းပြီးမှသာ ကြုံတွေ့ရတာဖြစ်ပြီး ဒေါ်ခင်ထွေးကြည်တစ်ယောက် မိုင်းထိသွားတာကို တွေ့ခဲ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ အိမ်နီးနားချင်းဖြစ်သူ ဒေါ်ကေသီက ပြောပါတယ်။

"မိုင်းသံကြားတော့ အိမ်နားနီး မခင်ထွေးကြည် ဖြစ်နေတော့တာတဲ့။ အဲဒါကြောင့် သူ့ထမ်းလာခဲ့တာ မြင်တော့အခါကျတော့ ကြောက်လည်းကြောက်တယ်၊ စိတ်လည်း စိတ်မကောင်းပါဘူး။ အခုလို ဖြစ်တာဟာ အာဏာသိမ်းပြီးမှ ဖြစ်တယ်ဆိုတော့ ဒီလိုတွေလည်း ကြားလည်း မကြားဖူးဘူး။ အခုမှ ကြုံဖူးတယ်၊ ကြားဖူးတယ်"

အာဏာသိမ်းပြီး တစ်နှစ်နီးပါးအကြာ၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဒေါ်ခင်ထွေးကြည်တစ်ယောက် တောင်ယာခုတ်ဖို့သွားရင်း မြေမြှုပ်မိုင်းနင်းမိခဲ့ပါတယ်။ သူ့ယာခင်းက စစ်ကောင်စီတပ်သားတွေ ဝင်ထွက်သွားလာနေတဲ့ လမ်းမှာ ရှိနေတာပါ။

"မိဘမွေးတုန်းက အကောင်းဖြစ်ခဲ့ပြီး အခုအချိန်ကျမှ ဒီလိုဖြစ်သွားတယ်ဆိုတော့ ကျွန်မဘဝ ဆုံးရှုံးပြီပေါ့။ ရှေ့လျှောက်ပြီး စားဖို့သောက်ဖို့ အဆင်မပြေဘူးဆိုတာ သိသွားတော့ ဝမ်းနည်းတာပေါ့။ ဘယ်သူထောင်တယ်ဆိုတာ မသိဘူးလေ။ ဟိုဘက်ကထောင်မှန်း ဒီဘက်ကထောင်မှန်းဆိုတာ မသိဘူး။ ကျွန်မတို့ ယာခင်းကလည်း စစ်သားတွေရဲ့ သွားလမ်းဆိုတော့ ကျွန်မတို့ မပြောတတ်ဘူး။ မိုင်းဆိုတာလည်း အခုမှပဲ ကြားဖူးတာလေ။ ခေတ်မကောင်းလို့သာ ဒါတွေ ကြားနေရတာကို။ ခေတ်ကောင်းတုန်းက ကျွန်မ ဒါတွေ သိလည်း မသိဘူး ကြားလည်းမကြားဖူးဘူး။"

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံချောင်းရွာမှ မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည့် ဒေါ်ခင်ထွေးကြည်အား ၂၀၂၄ ခုနှစ်၊ မတ်လက တွေ့ရစဉ်။ (Photo : RFA)

ဒေါ်ခင်ထွေးကြည် မိုင်းထိတဲ့အချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ မိတ်ဆွေတွေက ဆောမြို့ကနေ ပခုက္ကူမြို့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ သုံးရက် သတိလစ်သွားပြီးနောက် သတိပြန်ရချိန်မှာတော့ သူ့ခြေထောက်တစ်ဖက် မရှိတော့ပါဘူး။

စီးပွားရေး အခြေခံမရှိတဲ့ မိသားစုမှာ ဒုက္ခိတဖြစ်သွားတဲ့သူ့ကို ဆေးကုရတဲ့ စရိတ်စကတွေကြောင့် အခက်အခဲ အကျပ်အတည်းနဲ့ ပိုပြီး ရင်ဆိုင်နေရတယ်လို့ ဒေါ်ခင်ထွေးကြည်က ပြောပါတယ်။

"ခြေထောက်ရှိတဲ့ အချိန်နဲ့ အခုအချိန်နဲ့ဆိုတော့ အခုအချိန်မှာက ဘဝရဲ့တစ်ဝက်လောက် ဆုံးရှုံးသွားတာပေါ့။ စီးပွားရေးလည်း မရှိဘူး။ လူမှုရေးလည်း မရှိတော့ဘူးပေါ့။ အိမ်မှာစားဖို့သောက်ဖို့လည်း အဆင်မပြေဘူး။ အားငယ်တယ်။ လမ်းလည်း မသွားနိုင်တော့ဘူးဆိုတော့ ပိုခက်ခဲသွားတာပေါ့။ ခြေထောက်တုတပ်ဖို့လည်း မတပ်နိုင်တော့ဘူးလေ။ အရင် ဖြစ်ပြီးသား ဖောင်ဖျက်ထားတဲ့ အကြွေးကလည်း မကျေသေးဘူးဆိုတော့ ပိုအခက်အခဲ တွေ့သွားတယ်။ အကြွေးကလည်း နှစ်ဆယ်လောက် ကျန်နေသေးတယ်"

ဆေးကုသစရိတ် ကျပ် သိန်း ၅၀ နီးပါးကုန်ကျခဲ့ပြီး သိန်းနှစ်ဆယ်က လက်ရှိအချိန်အထိ မကျေသေးဘူးလို့ ပြောပါတယ်။

သားသမီးသုံးဦးမှာ သမီးအကြီးက ကယားပြည်နယ်မှာ ကျောင်းဆရာမအဖြစ် တာဝန်ကျနေချိန် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) ဝင်ထားတာလို့ ပြောပါတယ်။ သားအလတ်က ဆယ်တန်းအောင်ထားပြီး အငယ်ဆုံးသားကတော့ ဆယ်တန်းပါ။

ခြေထောက်တစ်ဖက် မရှိတော့တဲ့နောက်ပိုင်း ခင်ပွန်းဖြစ်သူက သူရင်းငှားအဖြစ် လုပ်ကိုင်ကျွေးပေမဲ့ စားဝတ်နေရေးနဲ့ ဆေးကုတဲ့အကြွေးတွေအတွက် မလုံလောက်လို့ တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ဓာတ်ဆီဆိုင်လေးမှာ တစ်နေ့ ၁၅၀၀ ကျပ်နဲ့ နေ့စားလုပ်နေတယ်လို့ ပြောပါတယ်။

"အခုလို မိုင်းထိထားတော့ ကျွန်မ ဒီလောက်ကြီး ဒုက္ခများနေတယ်။ ဒုက္ခိတဘဝ ရောက်နေတယ် ဆိုတော့ ကျန်တဲ့လူတွေ လုံးဝမဖြစ်စေချင်ဘူး။ တောတွေထဲ ရွာထဲကို အရမ်းကြီး မသွားကြဖို့ တောင်းပန်ပါတယ်။ ကျွန်မလို မဖြစ်ကြရအောင် ဂရုစိုက်ပြီး လမ်းသွားလမ်းလာတွေကို ဆင်ခြင်ကြဖို့ သတိပေးပါတယ်"

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံချောင်းရွာမှ မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည့် ဒေါ်ခင်ထွေးကြည်အား ၂၀၂၄ ခုနှစ်၊ မတ်လက တွေ့ရစဉ်။ (Photo : RFA)

မိုင်းထိပြီးကတည်းက ဒေါ်ခင်ထွေးကြည်တစ်ယောက် ရွာအနီးက တောင်ယာလေးကို မသွားရဲတော့ပါဘူး။ အဲဒီမှာ စိုက်ပျိုးလုပ်ကိုင်တာလည်း မရှိတော့ပါဘူး။

မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းခေါ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

RFA က လက်လှမ်းမှီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ မကွေးတိုင်းမှာ စစ်အာဏာသိမ်းပြီး သုံးနှစ်တာ ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၂၆၅ ဦး ထိခိုက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ ကျော်ထဲက ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ကြုံတွေ့နေရတယ်လို့ (Landmine & Cluster Munition Monitor) မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်ခင်ထွေးကြည်လို မြေမြှုပ်မိုင်းတွေကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org