စွန်လွှတ်ကစားနည်းကို လူငယ်တွေ စိတ်ဝင်စားမှုနည်းလာ

ရာသီဥတုသာယာတဲ့ ညနေခင်းတွေမှာ မန္တလေးဆင်ခြေဖုံးရပ်ကွက်တွေရဲ့ ကောင်းကင်မှာ စွန်တွေကို မြင်တွေ့ရမှာပါ။
စွန်ကို အလှလွှတ်ကြသူရှိသလို စွန်ဖြတ်ကစားဖို့ လွှတ်ကြတာလည်း ရှိပါတယ်။
မန္တလေးမြို့ခံ ကိုပိုက်ဟာ ၁၄ နှစ်သားအရွယ်ကတည်းကစွန်လွှတ်လာတာ အခုဆို နှစ်လေးဆယ် ကျော်ခဲ့ပါပြီ။
ကိုပိုက် - စွန်လွှတ်သူ။ ။ “ကျွန်တော်က ဒီနေ့ ခြောက်ကောင်ရှုံးတယ်။ နိုင်တာ ကတော့ နှစ်ဆယ် လောက်တော့ရှိမယ်။ နှစ်ဆယ့် အထက်ပေါ့၊ များတယ်နိုင်တာကတော့။ ဟိုဘက်အဖွဲ့ကို ခြောက်ကြိမ်လောက်ပေါ့။ အရှေ့ဘက်အဖွဲ့ကိုလည်း သုံးကြိမ်လောက်ပေါ့"
စွန်ဖြတ်ကစားနည်းဟာ တစ်ဖက်စွန်ရဲ့ ကြိုးကို မိမိစွန်ရဲ့ ကြိုးနဲ့ ဖြတ်တောက်ရတာဖြစ်လို့ ကစားတဲ့နေရာမှာ နည်းစနစ်ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။
"လူငယ်ပိုင်းတွေက ဖုန်းတွေပေါ်လာတော့ ဂိမ်းတွေဆီပဲ ရောက်ကုန်ကြတယ်။ လွှတ်နေတဲ့ လူငယ်တွေက နားသွားကြပြီ"
မန္တလေးမြို့မှာ စွန်လွှတ်သူအဖွဲ့ ၁၀ ကျော်ရှိပြီး စွန်ဖြတ်ပြိုင်ပွဲတွေကိုလည်း တစ်နှစ်ကို သုံးနေရာလောက် ခွဲပြီး ကျင်းပကြပါတယ်။
စွန်လွှတ်သူအများစုဟာ သက်ကြီးပိုင်းတွေနဲ့ လူလတ်ပိုင်းတွေဖြစ်ပြီး အခုခေတ် လူငယ်အတော်များများဟာ စွန်လွှတ်တဲ့ဘက်ကို အချိန်မပေးကြတော့ပါဘူး။
ဦးစိုးဟန် - မန္တလေးမြို့ခံ။ ။ "ခေတ်ကပြောင်းသွားတာပေါ့။ ဟိုတုန်းကဆိုရင် လူငယ်တော်တော် များများလွှတ်ပါတယ်။ ဒီလွှတ်နေတဲ့ထဲမှာ တွေ့မှာပါ၊ အသက်ကြီးပိုင်းနဲ့ အသက်လတ်ပိုင်းတွေပဲ များတယ်။ လူငယ်ပိုင်းနည်းတယ်။ လူငယ်ပိုင်းတွေက ဖုန်းတွေပေါ်လာတော့ ဂိမ်းတွေဆီပဲရောက်ကုန်ကြတယ်။ လွှတ်နေတဲ့ လူငယ်တွေက နားသွားကြပြီ"
မန္တလေးမှာ စွန်လုပ်ငန်းလုပ်ကိုင်သူ ၂၀ ခန့်ရှိပြီး စွန်လွှတ်သူတွေနည်းလာလို့ သူတို့လည်း တွက်ခြေမကိုက်တော့ပါဘူး။
ကိုအောင်ကိုဦး - စွန်လုပ်ငန်းလုပ်ကိုင်သူ။ ။ "ရာသီချိန်ဆိုရင်တော့ အလုပ်တော်တော်ဖြစ်တာပေါ့နော်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက သူ့ဟာနဲ့သူတော့ အလုပ်ဖြစ်တယ်။ အခုကျတော့ ကုန်ဈေးနှုန်းတွေ အဆမတန်တက် နေတော့ ဒီဘက်ကို အချိန်မပေးကြတော့ဘူးလေ။ လွှတ်တဲ့သူကလည်း နည်းသွားတာပေါ့။ ဒီဟာက သက်သက် ဖြုန်းငွေလိုဖြစ်နေတာပေါ့"
စွန်လွှတ်တာဟာ စိတ်အပန်းပြေစေသလို ကိုယ်ခန္ဓာကျန်းမာရေးအတွက်ပါ အထောက်အကူပြုတာမို့ လူငယ်တွေကို စွန်လွှတ်စေချင်တယ်လို့ ကိုဘော်ဒီက အားပေးပါတယ်။
ကိုဘော်ဒီ - စွန်လွှတ်သူ။ ။ "မပျက်စီးပေါ့ဗျာ။ သောက်စားမူးယစ်နေတာထက် စာရင်တော့။ ဒါလေးက အားကစားဆိုတော့ မျက်စိလည်း လျင်ရတယ်၊ လက်ကလည်း လှုပ်ရှားရတယ်၊ ခြေထောက်ကလည်း ပြေးရ တယ်၊ ဉာဏ်ကလည်း ကူရတာ ဆိုတော့ စွန်လွှတ်ရတာက ကောင်းတယ်ပေါ့ဗျာ။ လူငယ်တွေအတွက်ကို အားပေးတယ်"
စွန်လွှတ်ကြတဲ့ လူကြီးပိုင်းတွေကတော့ စွန်လွှတ်ကစားတဲ့နေရာတွေမှာ လူငယ်တွေပါဝင်လာတာကို ပိုပြီး မြင်ချင်နေကြပါတယ်။