ကယားပြည်နယ်က စစ်ဘေးရှောင် ကလေးတစ်ဦးရဲ့ အတွေ့အကြုံ

ခက်မာ (ဝါရှင်တန် ဒီစီ)
2022.02.26
ကယားပြည်နယ်က စစ်ဘေးရှောင် ကလေးတစ်ဦးရဲ့  အတွေ့အကြုံ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် ကလေးငယ်တွေကို တွေ့ရစဉ်
Photo: CJ

မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်နဲ့ လူငယ် ၁၂ သန်းကျော်ဟာ၊ ပုံမှန်ပညာသင်ယူလေ့ လာမှု အစီအစဉ်တွေကို လက်လှမ်းမမှီခဲ့တာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့်၊ သူတို့အားလုံးရဲ့ ပညာရေး၊ တစ်ကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ အနာဂတ်အခွင့်အလမ်းတွေအပေါ် သက်ရောက်မယ့် အကျိုးဆက်ဟာ အလွန်ကြီးမား နေပြီး အဲဒီဆိုးကျိုးတွေဟာ ပိုပြီးတော့ ဆိုးဝါးလာနိုင်တယ်လို့ ဘန်ကောက်အခြေစိုက် UNESCO၊ UNICEF နဲ့ Save the Children၊ တို့က ၂၀၂၀ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး သတိပေးခဲ့ပါတယ်။

အဲဒီဆိုးကျိုးတွေဟာ အနွမ်းပါးဆုံးနဲ့ ဝေးလံခေါင်ဖျားဒေသများက ကလေးသူငယ်တွေ အပေါ် ပိုပြီးထိခိုက်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကြီးလာကျရင် အဖွဲ့အစည်းတစ်ခုခုဝင်မယ်။ ပြီးလို့ရှိရင် သမီးတို့တိုင်းပြည်ကို သမီးတို့ ပြန်ကယ်တင်မယ်”

အဲဒီကြေညာချက်ထုတ်ပြန်တဲ့ ကာလနောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ပြည်သူပေါင်းသိန်းနဲ့ ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပါတယ်။ အဲဒီအထဲမှာ သောင်းဂဏန်းရှိတဲ့ ကလေးတွေ ပါဝင်ပါတယ်။ အဲဒီကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်နေသူ မအဲမလီက သူ့ရဲ့ လက်ရှိခံစားချက်ကို ပြောပြပါတယ်။

“သမီးဘယ်သွားချင်လဲဆိုတော့ ဒီနေရာကနေ အဝေးဆုံးကို ထွက်သွားချင်တယ်”

အဲမလီဟာ အခုဆိုရင် ကျောင်းမတက်ရတာ နှစ်နှစ်နီးပါးရှိနေပါပြီ။ အခုလို သူရှိနေတဲ့ နေရာကို ရောက်လာရတဲ့အကြောင်းကိုလည်း သူနားလည်သလို ပြောပြပါတယ်။

“သမီးတို့တွေက စစ်ရှောင်ရတာပေါ့နော။ စစ်သားတွေက သမီးတို့တွေကို ပစ်သတ်ချင် တဲ့စိတ်တွေ ပေါက်နေလို့။ အဘိုး၊ အဖွားတို့ အဖေ၊ အမေတို့နဲ့ လာခဲ့ရတာ”

သူတို့မိသားစုဟာ အဲမလီရဲ့ တစ်နှစ်အရွယ် မောင်လေးကို ချီပိုး၊ အဖိုး၊ အဘွားနှစ်ယောက် ကို တွဲကူရင်း စစ်ဘေးရှောင်လာကြရတာပါ။

သူတို့မိသားစုနေထိုင်တဲ့ ဒီးမော့ဆိုမြို့ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာသိမ်း စစ်တပ်ကို စတင်တော်လှန် တိုက်ပွဲဝင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး နိုင်ငံ တစ်ဝန်း လူထုအုံကြွမှုတွေ ပေါ်ပေါက်လာချိန် ဒီးမော့ဆိုမြို့မှာလည်း ပြည်သူတွေက လူထုသပိတ်တွေ ဆင်နွှဲခဲ့ကြပါတယ်။

အဲဒီနောက် မေလ ၂၁ ရက်နေ့မှာ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စတင်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်း က အဲမလီတို့မိသားစုဟာ စစ်ဘေးရှောင်စခန်းဆီ ရောက်ခဲ့ရတာပါ။

စစ်ဘေးရှောင်စခန်းကို ရောက်လာပြီဖြစ်ပေမယ့် အဲမလီတို့ဟာ အကြောက်တရားတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ဆက်ပြီးရှင်သန်နေရဆဲဖြစ်ပါတယ်။

“သေမှာလည်း ကြောက်တယ်။ ပြီးရင် ဟိုက်စကီးတွေ၊ လေယာဉ်ပျံတွေနဲ့ ကိုယ့်ကို မိုင်းတွေ၊ ဗုံးတွေလာကြဲမှာလည်း ကြောက်တယ်။ ရင်နာတာပေါ့နော။ ကိုယ့်အိမ်ကို လည်း ကိုယ်ပြန်ကြည့်ချင်တယ်။ ပြီးလို့ရှိရင် ကိုယ့်မိသားစုလည်း စုံစုံလင်လင်နေချင် တယ်”

အဲမလီတို့လို စစ်ဘေးရှောင်တွေဟာ အကြောက်တရားတွေနဲ့ အသက်ရှင်နေရရုံမက နေထိုင်စားသောက်ရတဲ့ ဘဝတွေကလည်း ခက်ခဲလှပါတယ်။

“အဆင်မပြေဘူး။ ဒီဘက်မှာဆို တအားနဲ့အေးတယ်ပေါ့နော်။ လေဆို တအားနဲ့တိုက် တယ်။ လေတိုက်လို့ မိုးကာတွေပြဲကုန်တယ်။ မိုးဆို တစ်ခါတစ်ခါရွာတယ်။ အဲဒါကြောင့် မို့လို့ သမီးတို့ အကုန်စိုကုန်တယ်။ အဲဒါကြောင့်မို့လို့ အနွေးထည်လည်း လိုတယ်။ စောင်လည်း လိုတယ်။ ဒီဘက်မှာကျတော့ တောင်ထဲမှာနေရတော့ သစ်ပင်တွေလည်း အများကြီးဆိုတော့ တအားနဲ့အေးတယ်ပေါ့။ စားဖို့သောက်ဖို့လည်း လိုတယ်။ ဒီဘက်မှာ ကျတော့ လူတွေအများကြီးရှိတော့ တစ်ခေါက်တစ်ခေါက်လာလို့ရှိရင် နည်းနည်းနည်း နည်းပဲရတယ်”

တိုက်ပွဲပြင်းထန်ရာနေရာမို့ အဲမလီတို့ရှိတဲ့ဆီကို အကူအညီပေးတဲ့သူတွေ အလာနည်းတာ ရော၊ စစ်ဘေးရှောင် များတာရောကြောင့် သူတို့ဟာ အစာနပ်မှန်အောင်စားရဖို့ နေ့စဉ် အားထုတ်နေကြရပါတယ်။

“သမီးတို့ဆီဆို သူများက လာမလှူနိုင်ဘူးလေ။ ဘာပင်လည်း မသိဘူး၊ အဲလိုမျိုး ကြေမွအောင်ခုတ်ပြီး ချက်စားရတယ်။ အပင်ပေါ်တက်ပြီး ငှက်ပြောဖူးတို့ဘာတို့ ရှိတယ်လေ။ အဲလိုမျိုး လိုက်လိုက်ရှာရတယ်”

အစာအဟာရလည်း ဝဝလင်လင် မစားရ၊ လုံလုံခြုံခြုံလည်း မအိပ်ရ၊ မနေရ၊ ပြန်စရာ အိမ်လည်း မရှိတော့တဲ့ အဲမလီတို့လို စစ်ဘေးရှောင် ကလေးတွေအတွက် ပညာဆက်သင် ခွင့်ရဖို့ဆိုတာ မျှော်လင့်ချက် နည်းလှပါတယ်။ အဲမလီကတော့ ကျောင်းနဲ့ဝေးခဲ့တာ နှစ်နှစ် ရှိနေပြီး ကျောင်းမတက်ရတဲ့ဘဝအတွက် စိုးရိမ်နေပါတယ်။

“တစ်နှစ်က ကိုဗစ်၊ နောက်တစ်နှစ်ကတော့ စစ်သားတွေလုပ်တော့ သမီးတို့ ကျောင်းမ တက်ရဘူးပေါ့။ ဘယ်လိုခံစားရသလဲဆိုတော့ ကိုယ်ပညာမတတ်မှာလည်း စိုးရိမ်တယ်။ အဲဒါကြောင့်မို့လို့ သမီးတို့ ကျောင်းတက်ချင်တယ်ပေါ့”

၂၀၂၀ ခုနှစ်မှာကတည်းက ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ကျောင်းတွေဟာ ၂၀၂၁ မှာတော့ အာဏာသိမ်းလိုက်တဲ့အတွက် ဖြစ်ပွားလာတဲ့ ဆန္ဒပြမှုတွေ၊ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် နှိမ်နင်းတာတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေကြောင့် ကျောင်းတွေပိတ်ရပြန်သလို အာဏာဖီဆန်တဲ့ လှုပ်ရှားမှုမှာပါဝင်တဲ့ တစ်နိုင်ငံလုံးက အခြေခံပညာ CDM ဝန်ထမ်း တစ်သိန်းနှစ်သောင်းကျော်ကို ၂၀၂၁ ခုနှစ်မေလထဲမှာ စစ်ကောင်စီက အလုပ်ဖြုတ်လိုက်ပါတယ်။

“ဒီလုပ်ရပ်ဟာ နဂိုကတည်းက အချိန်တစ်နှစ်ကျော် ပိတ်ထားရတဲ့ မြန်မာနိုင်ငံက စာသင်ကျောင်းတွေနဲ့ ပညာရေးစနစ်ကို ပိုဆိုးစေမှာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေနဲ့ လူငယ်မျိုးဆက်တစ်ခုလုံးရဲ့ သင်ယူမှုနဲ့ ဘဝတိုးတက်ရေး အခွင့်အလမ်းတွေကို လွဲချော်စေတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်” လို့ ယူနက်စကို မြန်မာစီမံကိန်းရုံးက သတိပေးထားပါတယ်။

မရေရာတဲ့ပညာရေးကြောင့် ဘဝတိုးတက်ရေး အခွင့်အလမ်းတွေကို လွဲချော်စေတဲ့ ခြိမ်းခြောက်မှုကြားမှာနေရတဲ့ အဲမလီကတော့ သူ့ရဲ့လက်ရှိဘဝကို ရင်နာပေမယ့် သူအသက်ကြီးလာရင် လုပ်ချင်တာဘာလဲဆိုတာကို ပြတ်ပြတ်သားသား ရွေးချယ် ထားပါတယ်။

“ကြီးလာကျရင် အဖွဲ့အစည်းတစ်ခုခုဝင်မယ်။ ပြီးလို့ရှိရင် သမီးတို့တိုင်းပြည်ကို သမီးတို့ ပြန်ကယ်တင်မယ်”

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်ရဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက် အရ လူဦးရေ သုံးသိန်းကျော်ရှိတဲ့ ကယားပြည်နယ်မှာ လူပေါင်း တစ်သိန်းရှစ်သောင်းနီးပါး လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

kayah-refugees.jpg
(ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်) Photo: CJ

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလလယ်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်ကနေ စတင်ပြင်းထန်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ ကယားပြည်နယ်ထဲထိ ကူးစက်လာခဲ့ပါတယ်။

လက်နက်ကြီးတွေအပြင် တိုက်လေယာဉ်တွေနဲ့ပါ အင်အားသုံးတိုက်ခိုက်တဲ့အတွက် ကယားပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖေဖော်ဝါရီလ ၂၄ ရက်မှာ နန်းမယ်ခုံ မြို့က ဆုတ်ခွာပေးလိုက်ရတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည် သုံးသောင်းဝန်းကျင်အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ကယားပြည်နယ်အတွင်းမှာ အိုးအိမ် စွန့်ခွာ စစ်ဘေးရှောင်ရသူ နှစ်သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။