လုပ်သားရှားလာတဲ့ မိရိုးဖလာ ထန်းလျက်လုပ်ငန်းများ

RFA Burmese
2023.07.18
လုပ်သားရှားလာတဲ့ မိရိုးဖလာ ထန်းလျက်လုပ်ငန်းများ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းလမ်းမပေါ်ရှိ ချောင်းရှည်ရွာက ထန်းလျှက်လုပ်ငန်းခွင် တစ်ခုကို ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့က ‌တွေ့ရစဉ်။
RFA

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ချောင်းရှည်ရွာဟာ တစ်ရွာလုံးနီးပါး ထန်းလျက် လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြတာပါ။

ထန်းလျက်ချက်တဲ့ အလုပ်ကို ထန်းရည်စထွက်တဲ့ တပို့တွဲလကနေ ဝါခေါင်လအထိ တစ်နှစ်မှာ ခုနှစ်လပဲ လုပ်ကြရပါတယ်။ အဲဒီမတိုင်ခင်လတွေမှာ စိုက်ပျိုးရေး လုပ်ကြပေမယ့် တပို့တွဲလ မတိုင်ခင်ကတည်းက ထန်းပြင်ကြရပါတယ်။ ထန်းရည် အထွက်များဖို့ ထန်းလက်ခြောက်၊ ထန်းသီးခြောက်နဲ့ ထန်းနို့ကိုင်းခြောက်တွေကို ရှင်းရတာပါ။

ချောင်းရှည်ရွာထဲက ထန်းလျက်ဖိုလေး တစ်ဖိုကို ရောက်သွားပြီး လေ့လာတော့ သူတို့က သကြားတို့ ကြံသကာတို့လည်းမရော၊ ချွတ်ဆေးလည်းမထည့်တဲ့ သဘာဝ ထန်းလျက် စစ်စစ်ကိုပဲ ရောင်းတယ်လို့ ထန်းလျက်ချက်တဲ့ မသူက ပြောပါတယ်။

"အခုက တစ်ပိဿာကို ၂၈၀၀ ရတယ်။ ဒီထန်းလျက်က ချွတ်ဆေးတွေ ဘာတွေလည်း မပါဘူး။ သဘာဝတွေပဲ။ ထန်းပင်ပေါ်ကကျတဲ့ သဘာဝစစ်ပဲ။ သဘာဝစစ်ထန်းလျက်က ဒီလိုမျိုးနီတယ်။ ချွတ်ဆေးပါရင် ဖြူတယ်လေ။ ကြံလည်းမပါဘူး။ တချို့ ထန်းလျက်ဖိုတွေက ဘာတွေလည်း မသိဘူး။ အဲဒါတွေနဲ့ ရောတယ်။ ဒါကမရောဘူး သဘာဝစစ်စစ်တွေပဲ"

ဒီလုပ်ငန်းကနေ ဝင်ငွေဘယ်လောက်ရတတ်လဲလို့ မေးကြည့်တော့ ထန်းလုပ်ငန်းမှာ ထန်းဖိုဦး၊ အလယ်သီး၊ သီးရင့်ဆိုတဲ့ သုံးရာသီရှိပြီး အလယ်သီးကာလဟာ ထန်းရည် အထွက်ဆုံး ကာလဖြစ်သလို ဝင်ငွေလည်း ပိုရတတ်တယ်လို့ မစန်းမြင့်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ပြောပြပါတယ်။

"ထန်းလျက်က ပုံမှန်မရှိတဲ့ အခါကြတော့ သေချာပြောလို့တော့ မရဘူး။ တစ်ခါတလေ ထန်းလျက်ရတဲ့ နေ့ဆို တစ်နေ့ကို သုံးလေးသောင်းလောက် ပိုတယ်။ စားပြီးသောက်ပြီး ကိုပေါ့။ အခုနေကြတော့ ထန်းလျက် လေးငါးခြောက်ပိဿာပဲရတော့ တစ်သောင်းခွဲလောက်ပဲ ပိုတယ်။ စရစ်ခါစဆို မဝင်ဘူး ပေါ့နော်။ ထန်းရည်လေး ကျလာတော့ တစ်ပိဿာ နှစ်ပိဿာကနေ တက်တာပေါ့၊ ထန်းဖိုဦးတုန်းကတော့ သိန်းနှစ်ဆယ်လောက်ရတယ်။ အလယ်သီးကတော့ စားစားသောက်သောက်ဆိုတော့ ၁၉ သိန်းလောက် ပိုတာပေါ့"

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကဆိုရင် ထန်းလျက်တစ်ပိဿာကို ကိုးရာကျပ်ကနေ ၁၂၀၀ အထိပဲရှိခဲ့ပါတယ်။ ဒါကြောင့် အဲဒီတုန်းကဆို လုပ်ငန်းတွေ ရပ်နားထားခဲ့ရဖူးတယ်လို့ ထန်းလျက်ကုန်သည် ကိုမြင့်တင်က ပြောပါတယ်။

"ပြီးခဲ့တဲ့ နှစ်နှစ်ကဆိုရင် တစ်ပိဿာမှ ၉၀၀၊ ၁၂၀၀ အဲဒီလောက်အထိကို ကျဖူးတယ်။ အခုဈေးနဲ့ တွက်ကြည့်လေ။ အရင်တုန်းကဆိုရင် ထန်းသမားကို တက်တဲ့သူမရှိဘူး။ ထိုင်း၊ မလေးရှား ပြည်ပကို ထွက်တာရှိတယ်။ အရင်တုန်းကဆိုရင် တော်တော်ကို ဆိုးတယ်။ ထန်းတွေဆို လွှတ်ထားရတယ်။ ထန်းပိုင်ရှင်တွေက နွားတွေပဲ ချိုင်ပြီး၊ စဉ်းပြီးကျွေးကြတာ"

ထန်းလျက်ပေါက်ဈေးဟာ ကုန်သည်တွေ ဈေးကစားတာရော အရည်အသွေး ကောင်း၊ မကောင်း အပေါ်မှာပါမူတည်ပြီး ပြောင်းလဲတတ်တယ်လို့ပြောပါတယ်။

ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းလမ်းမပေါ်ရှိ ချောင်းရှည်ရွာက ထန်းလျှက်လုပ်ငန်းခွင် တစ်ခုကို ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့က ‌တွေ့ရစဉ်။ (Photo: RFA)
ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းလမ်းမပေါ်ရှိ ချောင်းရှည်ရွာက ထန်းလျှက်လုပ်ငန်းခွင် တစ်ခုကို ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့က ‌တွေ့ရစဉ်။ (Photo: RFA)

ထန်းလုပ်ငန်းဟာ အန္တရာယ်များတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ ထန်းပင်ပေါ်ကနေ ပြုတ်ကြလို့ ကိုယ်လက်အင်္ဂါတွေ ထိခိုက်ပျက်စီးပြီး ဒုက္ခိတဖြစ်သွားကြတာရှိသလို၊ အသက်ဆုံးရှုံးရတဲ့အထိ လည်းရှိတယ်လို့ ထန်းသမား ဦးအေးသာက ပြောပါတယ်။

"ထန်းပင်ပေါ်က လိမ့်ကျရင်း ကျိုးတာ၊ သေတာတွေလည်း ရှိတယ်။ သာသာလေး ကျတာမှ မဟုတ်ဘဲ အနည်းဆုံး မသေရင်ကျိုးတယ်။ တစ်သက်လုံး လုပ်စားလို့ မရတဲ့သူတွေလည်း ရွာထဲမှာ ရှိတယ်။ ထန်းလှီးလို့လည်း မရတော့ တိရိစ္ဆာန် ကျောင်းရုံလောက် အိမ်မှာ အစောင့်အရှောက်လောက်ပဲ လုပ်နိုင်တော့တဲ့ ထန်းသမားတွေလည်း ရှိနေတယ်။ သေသွားတဲ့ လူတွေလည်း အများကြီးရှိတော့ ထန်းကို မလှီးချင်ကြတော့တာ။ တကယ်ဝီရိယနဲ့ လှီးရတာ ထန်းက၊ တော်တော်လေးလည်း ဂရုစိုက်ရတယ်။ ဂရုစိုက်တဲ့ ကြားကနေ ဖြစ်နေကြတော့ အသက်အန္တရာယ်ကို စိုးရိမ်ပြီး အလှီးနည်းသွားတာလည်း ရှိတယ်"

ချောင်းရှည်ရွာမှာဆိုရင် ထန်းတက်ရင်းပြုတ်ကြလို့ ခန္တာကိုယ်အစိတ်အပိုင်း ကျိုးပဲ့တာနဲ့ သေဆုံးတဲ့သူ ဆယ်ယောက်ထက်မနည်း ရှိနေတယ်လို့ သူကပြောပါတယ်။

"အရင်တုန်းကဆိုရင် ထန်းသမားကို တက်တဲ့သူမရှိဘူး။ ထိုင်း၊ မလေးရှား ပြည်ပကို ထွက်တာရှိတယ်။"

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပနိုင်ငံကို အလုံးအရင်းနဲ့ထွက်ပြီး အလုပ်လုပ်ကုန်ကြလို့ စိုက်ပျိုးရေးနဲ့ ထန်းလုပ်ငန်းတွေမှာ အားကောင်းမောင်းသန်လုပ်နိုင်တဲ့ လုပ်သားတွေ မရှိသလောက် နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ထန်းပင်တွေကို တရုတ်နိုင်ငံသားတွေက လိုက်ဝယ်တဲ့အတွက်ကြောင့် ထန်းတောပိုင်ရှင်တွေက ခုတ်လှဲပြီးရောင်းချကြတဲ့အတွက် ထန်းပင်တွေ နည်းလာတယ်လို့လည်း ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။