စစ်အာဏာရှင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူမှု ထိရောက်မှုနည်းနေ
2023.12.10

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဆိုပြီး သတ်မှတ်ခဲ့တာ ဒီနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ဆိုရင် ၇၅ နှစ် ပြည့်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခေတ်အဆက်ဆက် အာဏာရှင်လက်အောက်မှာနေခဲ့ရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ ပပျောက်ဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။
လက်ရှိအာဏာသိမ်းထားတဲ့ စစ်ကောင်စီအဖွဲ့ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းကနေ လူတွေအစုလိုက်အပြုံလိုက်ကို ပစ်ခတ်သတ်ဖြတ်တာ၊ ရွာတွေ မီးရှို့ဖျက်ဆီးတာတွေ စတဲ့လုပ်ရပ်တွေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုသမိုင်းမှာ အဆိုးဝါးဆုံးအချိန်ပဲလို့ မနေ့က အခမ်းအနား ထုတ်ပြန်ချက်က ဆိုထားပါတယ်။
စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားစီရင်နိုင်ဖို့အတွက် လွတ်လပ်တဲ့ခုံရုံးတစ်ခုဖွဲ့နိုင်ဖို့ ကုလသမဂ္ဂကို တောင်းဆိုထားတယ်လို့ ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
“အခုအချိန်မှာ ကျွန်မတို့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး ကောင်စီနဲ့ပြောနေတာက စစ်အုပ်စုရဲ့ ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ မှတ်တမ်းမှတ်ရာတွေ သက်သေအထောက်အထားတွေ စုထားတာ အများကြီးရှိနေပြီ၊ နောက်တစ်ဆင့်က သူတို့ကို တရားစွဲနိုင်တဲ့ လွတ်လပ်တဲ့ခုံရုံးတစ်ခု ဖွဲ့စည်းပေးဖို့ကို ကျွန်မတို့ ကုလသမဂ္ဂကို တောင်းဆိုနေတာ ရှိပါတယ်။ သူတို့ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ ရှောင်မသွားနိုင်ဖို့ အဓိကအရေးကြီးဆုံးက သူတို့ ကျူးလွန်မှုတွေရဲ့ သက်သေအထောက်အထားမှတ်တမ်းတွေ၊ သူတို့ကျူးလွန်လိုက်လို့ ခံလိုက်ရတဲ့ပြည်သူတွေ မြင်လိုက်ရတဲ့ ပြည်သူတွေက သက်သေ အထောက်အထားကို ခုချိန်မှာမပျောက်မပျက်စုပြီး မှတ်တမ်းတင်ဖို့တော့ လိုပါတယ်။ သိမ်းဆည်းထားဖို့ လိုမယ်။ ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားဆီကိုလည်း ပို့ပေးရမယ်။ ဒါမှပဲ သူတို့ဘက်က သေသေချာချာ စနစ်တကျနဲ့ မပျောက်မပျက် ထိန်းသိမ်းပြီးတော့ ဥပဒေကြောင်းကနေ တရားစီရင်ရေး ယန္တရားထူထောင်နိုင်ပြီဆိုရင် စစ်အုပ်စုကို မှန်မှန်ကန်ကန် အရေးယူမှုတွေ လုပ်နိုင်ပြီဖြစ်ပါတယ်”
လူသားတိုင်း မွေးရာပါအခွင့်အရေးတွေကို လူတိုင်းသိရှိနားလည်ဖို့ အသိပညာပေးစည်းရုံးလှုံ့ဆော်ဖို့၊ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားကြဖို့ လိုအပ်တယ်လို့လည်း မနေ့က အခမ်းအနားကို တက်ရောက်လာကြတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။
ခေတ်အဆက်ဆက် မြန်မာစစ်အာဏာရှင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မဲဆောက်မြို့ကို ဆယ်စုနှစ် သုံးခုကျော်တဲ့အထိ လာရောက်အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေလည်း အဲဒီအခမ်းအနားကို တက်ရောက်ကြတာ တွေ့ရပါတယ်။
စစ်အာဏာရှင် အဆက်ဆက်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂရဲ့ အရေးယူမှုတွေက မထိရောက်သေးဘူးလို့ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးခင်ဝင်း ကပြောပါတယ်။
“၄၈ ကနေ ၅၈ ဆယ်နှစ်တာကာလအတွင်းက ကျွန်တော်တို့နိုင်ငံရဲ့ အထွတ်အထိပ်ကာလ။ ဒီဘက် ၅၈ နောက်ပိုင်း ၆၂ နောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာ တဖြည်းဖြည်းနဲ့ကို မြင့်တက်လာတယ်၊ ၆၂ ကနေ ၇၄ ဆိုရင်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ ၇၄ ကနေ ၈၈ ဒီလိုပဲ ပိုမိုပြီးတော့ မြင့်တက်လာတယ်။ ဆိုးဝါးခြင်းတွေ ခံရတယ်၊ အခု ၈၈ ကနေ ၂၀၂၁ ကျတော့ ကမ်းကုန်သွားပြီ၊ ကမ္ဘာ့ကုလသမဂ္ဂမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့လုပ်ဆောင်နိုင်တဲ့ စွမ်းအားတွေကို ဒီနေ့ထိရောက်စွာလုပ်နိုင်တဲ့အနေအထား လုံးဝကို မတွေ့ရဘူး။ ဒါကြောင့်မို့ တစ်ချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မယ်ရင်းအောဘရိုက် ပြောတဲ့ စကားလေး တစ်ခွန်းတော့ ကျွန်တော်ပြောလိုက်မယ်။ ကမ္ဘာ့ကုလသမဂ္ဂကြီးဟာ ဘောလုံးကြီးတစ်လုံးလိုပဲ ဟိုလူပုတ်လိုက် ဒီလူပုတ်လိုက်နဲ့ ဒီကိစ္စတွေ ယနေ့ထိမပြီးဆုံးတဲ့အပြင် ပုတ်ရုံအပြင် ကန်ပါထုတ်တဲ့အနေအထားကိုရောက်တာ ကုလသမဂ္ဂရဲ အခန်းကဏ္ဍ အင်မတန်မှ နိမ့်ကျတယ်”
စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်တာတွေကို နိုင်ငံတကာသိအောင် သက်သေအထောက်အထားတွေ များများပေးပို့နိုင်ဖို့ အရမ်းကို အရေးကြီးပါတယ်လို့လည်း Equality Myanmar ရဲ့ ညှိနှိုင်းရေးမှူး နော်ဧပရယ် က ပြောပါတယ်။
“ဂျီနိုဆိုက်တို့၊ War Crime (စစ်ရာဇဝတ်မှု) တို့နော် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြောမယ်ဆိုရင် သူတို့ရဲ့ Definition (အဓိပ္ပါယ်ဖွင့်ဆိုချက်) တွေရှိတယ်၊ နိုင်ငံတကာက ချမှတ်ထားတာ၊ ကျွန်မတို့အောက်ခြေမှာ ဖြစ်နေတဲ့ ဟာတွေက သူတို့ရဲ့Definition နဲ့ မညီဘူးဖြစ်နေတယ်လို့ ပြောလေ့ရှိတယ်။ ကျွန်မတို့ အံ့ဩရတယ်ပေါ့နော်။ အောက်ခြေမှာက ဒီလောက်တောင်ဖြစ်နေပြီ။ စစ်ရာဇဝတ်မှုတွေရှိတယ်လို့ မသတ်မှတ်ဘူး။ နိုင်ငံတကာရဲ့ စံချိန် စံညွှန်းတွေနဲ့ ပြည်တွင်းမှာ ဖြစ်တာတွေနဲ့က မကိုက်ညီတဲ့အခါကျ လက်မခံဘူးဆိုတဲ့ ဟာမျိုးပေါ့၊ အချက်အလက်တွေ အများကြီး လိုနေပါသေးတယ်ဆိုပြီး ထောက်ပြတာမျိုးတွေ ရှိတာပေါ့။ ဒါကြောင့် သူတို့ရဲ့ ပါဝင်မှုနှုန်းက နိုင်ငံတကာအနေနဲ့ တန်းတန်းပဲ သွားနေတယ်လို့တွေ့ရတယ်”
ဒီနှစ်ရဲ့ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်ကတော့ “လူ့ဂုဏ်သိက္ခာနှင့်အညီ၊ လွတ်လပ်မျှတခြင်းဆီ၊ လှိုင်းများနှင့်အတူချီ” လို့ သတ်မှတ်ထားပါတယ်။ အဲဒီဆောင်ပုဒ်နဲ့ကိုက်ညီနိုင်ဖို့ မြန်မာပြည်သူတွေ ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။
မနေ့က မဲဆောက်မြို့မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး၊ တရားရေးဝန်ကြီးနဲ့ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်တို့ အပါအဝင် Burma Campaign–UK နဲ့ Altsean-Burma စတဲ့ မိတ်ဖက်အဖွဲ့တွေက ရုပ်သံဖိုင်တွေ ပေးပို့ပြီး အမှာစကားပြောခဲ့ကြပါတယ်။