လိုင်ဇာ ဖုန်လွမ်ယန် ဒုက္ခသည်စခန်းက ပြန်မပြင်နိုင်တဲ့ တဲအိမ်များ

ဖုန်လွမ်ယန် ဒုက္ခသည်စခန်းက တဲအိမ် ၂၀၀ ခန့် နှစ်ကြာရှည်လာတာနဲ့အမျှ နေမရတော့လောက်အောင် ပျက်စီးနေပြီလို့ စစ်ဘေးဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် လိုင်ဇာဒေသ ဖုန်လွမ်ယန် ဒုက္ခသည်စခန်းမှာ ခိုလှုံနေသည့် ကလေးငယ်တစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာဒေသ ဖုန်လွမ်ယန် ဒုက္ခသည်စခန်းက တဲအိမ် ၂၀၀ ခန့် နေမရတော့လောက်အောင် ပျက်စီးနေပြီး စားစရာအပြင် နေစရာပါ အတော်ခက်ခဲနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၇၀၀ ကျော်က စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် ခိုလှုံနေပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကြား ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ဖြစ်သလိုဆောက်ထားရတဲ့ တဲအိမ်တွေ၊ အခန်းတွေဟာ အခု နေမရတော့လောက်အောင် ပျက်စီးနေပြီလို့ ဖုန်လွမ်ယန်စခန်း ဒုတိယတာဝန်ခံ ဦးတူးလွမ့်က ပြောပါတယ်။

"အဟောင်းတွေနဲ့ လူများပြီး အိမ်ထောင်စုခွဲဖို့၊ အသစ်ဆောက်ဖို့လိုတဲ့အိမ် အားလုံးဆိုရင်တော့ ၂၀၀ လောက် လုပ်ရမယ်။ အိမ်နံရံတွေ မခိုင်တော့ဘူးဆိုတော့ လေတိုက်ရင် လွင့်သွားမယ့်အိမ်တွေများတော့ အဲဒါလည်း စိုးရိမ်စရာ ဖြစ်နေတယ်။ အိမ်ခန်းကျဉ်းကျဉ်းလေးတွေမှာ စုနေတော့ ၁၈၊ ၁၉ နှစ်အရွယ်တွေ အပျို၊ လူပျိုတွေနဲ့ မိဘတွေကြားမှာ အခက်အခဲ ရှိနေတယ်။ တချို့အိမ်တွေက ၈ ပေပတ်လည် အခန်းတွေပဲ။ ကျွန်တော်တို့ နေနေတာက ဒီတိုင်းအားလုံးစုပြီး အိပ်ရသလို ဖြစ်နေတာ၊ ပစ္စည်းထားတဲ့နေရာတောင် မရှိဘူး။ ကလေးတွေ အိမ်မှာ မနေချင်ကြတော့ဘူး။ ကျောင်းတက်လည်း စာတွေလည်း မကျက်ချင်တော့ဘူး။ မလွတ်လပ်တော့ဘူး။ အဲလို ခံစားနေရတယ်"

ဒီစခန်းမှာ ခိုလှုံနေသူတွေဟာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်း၊ ဒိန်ဂါ၊ ခါလား၊ နောင်ဝန်၊ ဆိုင်မိုင်နဲ့  ဝိုင်းမော်မြို့နယ် ဂါရာယန်၊ ဒဘတ်၊ ဘန်ဒေါင် စတဲ့ ကျေးရွာ ၈၀ ကျော်ကနေ လိုင်ဇာကို ထွက်ပြေးလာတဲ့  စစ်ဘေးဒုက္ခသည်တွေ ဖြစ်ပါတယ်။

"အဟောင်းတွေနဲ့ လူများပြီး အိမ်ထောင်စုခွဲဖို့၊ အသစ်ဆောက်ဖို့လိုတဲ့အိမ် အားလုံးဆိုရင်တော့ ၂၀၀ လောက် လုပ်ရမယ်"

တကယ်တော့ တဲအိမ်ဆိုပေမယ့် သူတို့နေနေရတာ လုံးချင်း တဲအိမ်တွေ မဟုတ်ဘဲ ဒုက္ခသည် မိသားစု ၇၀၀ ကျော်အတွက် ဖြစ်သလို ဆောက်ထားရတဲ့ တဲတန်းလျား ရှည်ကြီးတွေထဲက အခန်းအကျဉ်းလေးတွေသာ ဖြစ်ပါတယ်။ အခန်းအများစုက ၈ ပေ ပတ်လည် အခန်းကျဉ်းလေးတွေဖြစ်ပြီး၊ အကျယ်ဆုံး အခန်းတွေက ၈ ပေ ၁၆ ပေသာ ရှိပါတယ်။

ပျက်စီးနေတဲ့ တဲခန်း ၂၀၀ ခန့်မှာ ၁၀၀ ကျော်က အရေးပေါ် မဖြစ်မနေ ပြန်ပြင်ဖို့ လိုအပ်နေပေမယ့် အကူအညီပေးသူတွေက ၁၀ လုံးအတွက်ပဲ ထောက်ပံ့နိုင်တယ်လို့ ဖုန်လွမ်ယန်စခန်း ဒုတိယတာဝန်ခံ ဦးတူးလွမ့်က ပြောပါတယ်။ နေအိမ် ၁၀၀ ကျော်မှာ ၃၀ ကျော်က မိုးရာသီရောက်ရင် လုံးဝ နေလို့မရတဲ့ အခြေအနေရောက်နေပြီလို့လည်း သူက ဆိုပါတယ်။

သူ့အိမ်က ကလေးပြုတ်ကျတဲ့အထိ ပျက်စီးနေပြီး မိုးရာသီအတွက် လုံးဝ မလုံခြုံ တော့တာကြောင့် အခန်း အသစ်လေး တစ်ခန်းလောက်တော့ လိုချင်တယ်လို့  စစ်ဘေးဒုက္ခသည် ဒေါ်ဒေါင်ညွယ်က ပြောပါတယ်။

"ကြမ်းခင်းတွေ တိုင်တွေ မကောင်းတော့ဘူး။ ကြမ်းခင်းကလည်း သုံးကြိမ်လောက် လဲပြီးပြီ။ နံရံတွေလည်း အကုန်ကွာသွားလို့ တတ်နိုင်သလောက် ပြန်ကာထားတာ။ နံရံမကောင်းလို့ ကလေးတောင် ပြုတ်ကျသွားတယ်။ မိုးရွာရင်လည်း ဒီကို မိုးပက်လို့ မီးဖိုချောင်မှာ ထမင်းချက်စားဖို့ အရမ်းခက်တယ်။ မိုးလည်း ယိုတယ်။ လေတိုက်ရင်လည်း သွပ်တွေ ကျလာမှာကို စိုးရိမ်ရတယ်။ အခြားအိမ်တွေတော့ ပြင်တာတွေ ရှိသေးတယ်၊ ကျွန်မတို့အိမ်က အခုထိကောင်းကောင်းပြင်တာ မရှိသေးဘူး။ သွပ်တွေလည်း မခိုင်တော့ဘူး။ ဖြစ်နိုင်ရင်တော့ အိမ်အသစ်ဆောက်ပေးဖို့ ပြောချင်တယ်"

ဒေါ်ဒေါင်ညွယ်မှာ မိသားစု ခုနစ်ယောက် ရှိတာမို့ ပျက်စီးနေတဲ့ သူ့ရဲ့တဲအိမ်ဟာ သူ့ကလေးတွေအတွက်တော့ ပျော်ရွှင်ချမ်းမြေ့စရာ မိခင်နေအိမ် မဟုတ်တော့ပါဘူး။

လူများပြီး အခန်းတွေက ကျဉ်းလွန်းတဲ့အတွက် ရာသီဥတု ဆိုးလာတဲ့အခါ အပူဒဏ်၊ အအေးဒဏ်တွေကို အတော်ခံစားရတယ်လို့ ဒုက္ခသည် မဆိုင်းနူးပန်က ပြောပါတယ်။

"အိမ်က တော်တော်ပျက်စီးနေပြီ။ ဘေးက အကာတွေလည်း အကုန်ကွာနေပြီ။ တိုင်အောက်တွေမှာလည်း တော်တော်ကို ပြန်ခုထားတာ။ စစ်ရှောင်လာကတည်းက တစ်ခါမှ မပြင်သေးဘူး။ ၁၁ နှစ်တောင်ရှိပြီ။ အိမ်ခန်းကသေး၊ နိမ့်ကနိမ့်၊ လူကလည်းများတော့ နွေရာသီဆို ပူလည်း တော်တော်ကိုပူတယ်။ မိုးတွင်းတွေလည်း ရေက ဝပ်လာတယ်။ ပူအိုက်တာတွေလည်းဖြစ်တော့ အရမ်းကျဉ်းကျပ်သလို ခံစားရတယ်။ လူကလည်းများတော့ ပိုဆိုးတယ်"

လိုင်ဇာဟာ ကချင်ပြည်နယ်က တခြားဒေသတွေနဲ့ မတူဘဲ KIO ထိန်းချုပ်ရာ ဒေသဖြစ်တာမို့ စစ်ကောင်စီဘက်က ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို ဒီဒုက္ခသည် တွေ မရရှိသလို KIO ကလည်း ဒီဒုက္ခသည်တွေကို ထူးထူးခြားခြား မကူညီနိုင်ပါဘူး။

မြန်မာနိုင်ငံက ကက်သလစ်ခရစ်ယန် ဘုရားကျောင်းတွေ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ ဂရုဏာ လူမှုကူညီရေးနဲ့ သွေးစည်းညီညွတ်ရေး ပရဟိတ အဖွဲ့တစ်ဖွဲ့ကသာ အိမ်ခန်း ၁၀ ခန်းလောက်ကို ပြုပြင်ဖို့ ကူညီပေးနိုင်ပါတယ်။

တရုတ်-မြန်မာနယ်စပ် လိုင်ဇာဒေသ ဖုန်လွမ်ယန် ဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သားသမီးတွေက အရွယ်ရောက်လာပြီး အိမ်ထောင်ကျသွားပေမယ့် အိမ်မခွဲနိုင်ဘဲ သား၊ ချွေးမနဲ့ မြေးဖြစ်သူနဲ့ပါ အခန်းကျဉ်းထဲ အတူနေရတာ အဆင်မပြေဘူးလို့ စစ်ဘေးဒုက္ခသည် ဒေါ်ဒရှီရွယ်စိုင်းက ပြောပါတယ်။

နေရပ်ပြန်ဖို့လည်း မျှော်လင့်ချက် မရှိသေးတာမို့ သူတို့အတွက် တခြားရွေးချယ်စရာမရှိဘဲ ဒီစခန်းမှာပဲ ဖြစ်သလို ဆက်နေရလိမ့်ဦးမယ်လို့ ဒေါ်ဒရှီရွယ်စိုင်းက ပြောပါတယ်။

"ကလေးတွေကလည်း လူပျို၊ အပျိုတွေ ဖြစ်လာပြီ။ အစကတော့ ကျွန်မတို့ မိသားစု ငါးယောက်ပဲ။ အခုက ချွေးမတစ်ယောက်နဲ့ မြေးတစ်ယောက် တိုးလာတော့ ခုနစ်ယောက် ဖြစ်သွားပြီ။ အဖေဖြစ်သူကလည်း မသန်စွမ်းဆိုတော့ သားတို့ မိသားစုကိုလည်း အတူတူနေခိုင်းချင်တော့ အခန်းကျယ်တာဆိုရင်တော့ ပိုအဆင်ပြေတယ်။ ကျွန်မ မျှော်လင့်တာက နည်းနည်းကျယ်တဲ့ အခန်းနဲ့ ဧည့်ခန်းတွေပါ ပါရင်တော့ အဆင်ပြေမယ်လို့ စိတ်ကူးထားတာပေါ့။ ကျွန်မတို့ အဖေကလည်း မသန်စွမ်းဆိုတော့ နေရပ်ကို ပြန်ဖို့လည်း ဆုံးဖြတ်ဖို့ခက်နေတယ်။ ကျွန်မ တစ်ယောက်တည်း ပြန်ရင်လည်း အဆင်မပြေဘူး။ ဒီမှာပဲ ဖြစ်သလို နေနေရဦးမှာပဲ"

ကချင်ဒေသ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ၂၀၁၁ ပြည်တွင်းစစ်ကြောင့် ကချင်ပြည်နယ်က ဒုက္ခသည်စခန်း  ၁၆၀ ကျော်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲခန့် ခိုလှုံနေရပါတယ်။  ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ထပ်တိုးလာပါတယ်။

ဒီဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ မျှော်လင့်နေကြပေမယ့် စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် နေရပ်ပြန်ဖို့မျှော်လင့်ချက် ဝေးနေဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org