ယိုင်နဲ့လာတဲ့ ကျောက်ပန်းချီလောက
2024.08.21
သုံးထပ်သားပေါ် ကောက်ကြောင်းလေးတွေ ရေးထားတဲ့ ပန်းချီမှာ ကျောက်ကလေးတွေစီပြီး ဖန်တီးပုံဖော်နေတဲ့သူကတော့ အသက် ၄၃ နှစ်အရွယ် ကျောက်ပန်းချီဆရာ ကိုလင်းလင်းပါ။
သူက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ မိသားစုသုံးဦးနဲ့အတူနေထိုင်ပြီး ဒီပညာရပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေတာ အနှစ်နှစ်ဆယ်ကျော်ပါပြီ။
“ပြည်တွင်းပြည်ပစျေးကွက် ခိုင်မာခဲ့ပေမဲ့ အခုလေးနှစ်အတွင်းမှာ အော်ဒါတွေ မရှိသလောက် ဖြစ်နေပါပြီ”
၂၀၀၀ ပြည့်နှစ်မှာ ရန်ကုန်၊ ဗဟန်းမြို့နယ်က ပန်းချီပန်းပုကျောင်းမှာ ဖွင့်ထားတဲ့ ညကျောင်းမှာ ပန်းချီပညာ သင်ယူခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ကျောက်ပန်းချီလောကထဲကို ရောက်လာခဲ့တာပါ။
“ကျွန်တော် ၂၀၀၁ - ၂၀၀၂ လောက်တုန်းက ကျောက်ပန်းချီလောကထဲ စဝင်တာ၊ စဝင်တာနဲ့ စလုပ်တာပဲ။ ၂၀၀၄ - ၂၀၀၅ မှာ စျေးကွက်ကို စသိလာတယ်။ အဲဒီတုန်းက စျေးကွက်က ဘယ်လောက်ကောင်းသလဲဆိုရင် ကျောက်ပန်းချီကားတွေဆိုရင် လုပ်မလောက်၊ ရောင်းမလောက်၊ စျေးကောင်းကောင်းလည်း ရတယ်။ ဗိုလ်ချုပ်စျေးစျေးကွက်၊ သံရုံးစျေးကွက်၊ မြဝတီဘက်၊ နိုင်ငံခြားဧည့်သည်တွေ၊ မိုးကုတ်ကျောက်ပါတဲ့ ပန်းချီကို တန်ဖိုးထားဝယ်ကြတယ်။ စျေးကွက် တော်တော်ခိုင်ခိုင်မာမာ ရှိခဲ့တယ်”
ကျောက်ပန်းချီတွေဟာ အဲဒီအချိန်က ရောင်းမလောက်အောင် ပြည်တွင်းပြည်ပစျေးကွက် ခိုင်မာခဲ့ပေမဲ့ အခုလေးနှစ်အတွင်းမှာ အော်ဒါတွေ မရှိသလောက် ဖြစ်နေပါပြီ။
“ဗိုလ်ချုပ်စျေး စျေးကွက်မှာ ရွှေငါးကိုးကောင်တို့ မြင်းရှစ်ကောင်တို့၊ တရုတ်ကလည်း ရိုးရာတစ်ခုအနေနဲ့ပေါ့နော်။ မြန်မာပြည်က လက်ရာဆိုရင် အရမ်းသဘောကျတယ်။ တရုတ်ဘက်လမ်းကြောင်းဆိုရင် ပြည်ပ ပို့ကုန်တွေထဲမှာပါတယ်။ နောက်ဆုံးပန်းချီကားထဲမှာ ကျောက်စိမ်းတို့ ပါလာပြီဆိုရင် တရုတ်က အရမ်းကြိုက်တယ်။ အားပေးတယ်။ အခုဆိုရင် တော်တော်ရှားသွားတယ်။ အော်ဒါတွေလည်း ပါးသွားတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲသွားတာလည်း ပါမှာပေါ့လေ။ ပြည်ပပို့ကုန်က တော်တော်ရှားပါးသွားတာ”
အော်ဒါတွေ၊ ပို့ကုန်တွေ မရှိသလောက်ဖြစ်သွားသလို ကုန်ကြမ်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ မိုးကုတ်မြို့မှာလည်း ပြည်တွင်းစစ်ဂယက်ကြောင့် ကျောက်တွေရဖို့ ခက်သွားပြီး လုပ်ငန်းဆက်လုပ်နိုင်ဖို့ ခက်နေပါပြီ။
“ကျောက်ပန်းချီဆိုတာက အစကတည်းက မိုးကုတ်ကျောက်ပန်းချီလို့ ပြောကြတာကိုး။ ရှိသမျှ ကုန်ကြမ်းတွေအားလုံးက မိုးကုတ်မြို့ကပဲ လာကြတာ။ အခုဖြစ်နေတဲ့တိုက်ပွဲတွေရဲ့ အခြေအနေအရဆိုရင် လုပ်ငန်းတွေ ရပ်လိုက်ရမဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ရဖို့ဖြစ်လာပြီ။ မိုးကုတ် ကျောက်ပန်းချီဖြစ်တဲ့အတွက် မိုးကုတ်နဲ့ပတ်သက်တဲ့ ကျောက်တစ်ခု ပါကိုပါရတယ်။ ပါရမှာဖြစ်တဲ့အတွက် မိုးကုတ်က ကုန်ကြမ်းမရဘူးဆိုရင် လုပ်ငန်းက ရပ်ရမဲ့အခြေအနေကို ရင်ဆိုင်ရ မဲ့အခြေအနေဖြစ်သွားပြီ”
ဆက်နွှယ်သောသတင်းများ
ရှေ့တန်းက လူငယ်တွေအကြောင်း ပန်းချီရေး မှတ်တမ်းတင်နေသူ
ပညာရေးဝန်ထမ်းမှ ပန်းချီဆရာဖြစ်လာသူ
ရန်ကုန်မှာပြန်တွေ့လာရတဲ့ အမျိုးသမီးပန်းချီပြပွဲ
ယောက်ျားဖြစ်သူရဲ့ ကျောက်ပန်းချီလုပ်ငန်းကြောင့် အိမ်ငှားဘဝကနေ ကိုယ်ပိုင်အိမ်နဲ့နေနိုင်ခဲ့တာလို့ ဇနီးသည် မလွင်လွင်မေက ပြောပါတယ်။
“ကျွန်မတို့ အိမ်ထောင်စကျတုန်းက အိမ်ငှားပေါ့။ အိမ်ငှားဘဝနဲ့ မိသားစုဘဝကို စရပ်တည်ခဲ့ရတာ။ ကျောက်ပန်းချီကိုတော့ တစိုက်မတ်မတ်လုပ်တယ်။ ကျောက်ပန်းချီအော်ဒါမရှိမှ ဆေးပန်းချီရေးတယ်။ ကိုဗစ်တွေ ဖြစ်တယ်။ ကိုဗစ်နောက်ပိုင်း နိုင်ငံရေးတွေ ဘာတွေဖြစ်ခဲ့ပေမဲ့ တခြားလုပ်ငန်းကို ပြောင်းမလုပ်ခဲ့ဘူး။ ကျောက်ပန်းချီနဲ့ပဲ ဘဝရဲ့စားဝတ်နေရေးအတွက် ရပ်တည်လာခဲ့တာ၊ အိမ်ထောင်သက် ၁၂ နှစ်မှာ ကလေးက ကိုးနှစ်ရှိပြီ။ ကိုယ်ပိုင်အိမ်လေးလည်း ရှိပြီ”
နိုင်ငံရေး မတည်ငြိမ်မှုအောက်မှာ စီးပွားရေးပါ ကျလာပြီး ကျောက်ပန်းချီ အလုပ်ရုံတွေ ဖျက်ပစ်လိုက်ရတာမျိုးတွေ ရှိကြပါတယ်။ ဒါပေမဲ့ ကျောက်ပန်းချီကို လက်မှုပညာလောက်နဲ့မဟုတ်ဘဲ အနုပညာအနေနဲ့ ဖန်တီးနိုင်အောင် ဆက်ပြီးကြိုးစားစေချင်တယ်လို့ ကိုလင်းလင်းက ဆန္ဒပြုပါတယ်။
“တကယ့်ပညာရှင်က နည်းတယ်။ ကျောက်ပန်းချီလုပ်နေတဲ့ ညီအစ်ကိုတွေကို ပြောချင်တာကတော့ စျေးကွက် ပြန်ခိုင်မာလာအောင် ထမင်းစားဖို့ တစ်ခုထဲလောက်နဲ့တော့ ကျောက်ပန်းချီကို လုပ်မနေဘဲနဲ့ ကျောက်ပန်းချီကို အနုပညာရပ်တစ်ခု ဖြစ်လာအောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်”