ရန်ကုန်မြို့မှာ ပလုံကောက်ပြီး ဝမ်းစာရှာရသူများလာ
2024.02.22

စစ်တပ်အာဏာမသိမ်းခင်က ရန်ကုန်မြို့မှာ လက်သမားလုပ်ခဲ့တဲ့ ဦးခင်မောင်ဟာ အခုတော့ အမှိုက်ပုံတွေမှာ ပစ်ထားတဲ့ ဗူးခွံ၊ ပုလင်းခွံတွေကို မိသားစုလိုက်ကောက်ရင်း တစ်နေ့စာဝင်ငွေ ရှာနေပါတယ်။
"မိဘကလုပ်နေတာ ဒီအလုပ်လေကွာ၊ ဒီအလုပ်ကရတဲ့ ပလုံလေးတွေ ရောင်းချပြီးမှ အိမ်မှာချက်စားရတယ်ကွ၊ ပြီးတော့ ကလေးတွေက အမိုက်ပုံးထဲက ပလုံလေးတွေ နည်းနည်းပါးယူသွားပြီး ရောင်းတယ်၊ မုန့်ဖိုးပဲဖိုးရတော့ ကလေးတွေက ဒီအလုပ်မှာ ပျော်တယ်ကွ"
ဒီအလုပ်လုပ်တဲ့သူတွေကို ပလုံကောက်တဲ့သူလို့ ခေါ်ကြပါတယ်။ အခုနောက်ပိုင်း ရန်ကုန်မှာ ဒီအလုပ်လုပ်တဲ့သူ ပိုများလာတယ်လို့ ပုလင်းခွံ၊ ဗူးခွံစျေးကွက် ရှာပေးတဲ့သူတစ်ယောက်က ပြောပါတယ်။
"၂၀၂၁ ကနေ ၂၀၂၃ အတွင်းမှာ ပလုံကောက်တဲ့ လူဦးရေရော၊ အသက်အရွယ် အပိုင်းအခြားလိုက်ကအစ တော်တော်များများက ပလုံကောက်လာကြတာ တွေ့ရတယ်”
ဒါကြောင့် အမှိုက်ပုံးနားကမခွာဘဲ သားအမိ၊ သားအဖတွေ အလှည့်ကျစောင့်ပြီး ကောက်နေရတယ်လို့ ဦးခင်မောင်က ပြောပါတယ်။
သူ့ရဲ့သား အသက် ၁၁ နှစ်အရွယ် မောင်သက်ပြင်းကလည်း ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းပိတ်ထားတဲ့အတွက် ပညာမသင်ခဲ့ရသလို အာဏာသိမ်းပြီးတဲ့ နောက်မှာလည်း ပညာရေးထက် ဝမ်းရေးအတွက် မိသားစုနဲ့အတူ ဝိုင်းကူလုပ်နေရပါတယ်။
"ကျွန်တော်တို့ ဒါကိုပြန်ရောင်းတဲ့အခါ ဘီယာဗူးတစ်ဗူးကို ငါးဆယ်၊ ပုလင်းတစ်လုံးကို ၁၅၀၊ ရေသန့်ဗူး တစ်ပိဿာ တစ်ထောင်၊ စက္ကူတစ်ပိဿာကို ၇၅၀ ရတယ်"
ဒဂုံဆိပ်ကမ်းမြို့နယ်က စစ်မှုထမ်းဟောင်း ဦးစိုင်းထွန်းငွေလည်း လျှပ်စစ်ပစ္စည်းအကြောင်း နားလည်တဲ့အတွက် အမှိုက်ကနေ ဝင်ငွေရှာနေပါတယ်။
"ဒီအထဲမှာ မီးကြိုးခွေတွေ ပါလာမယ်၊ တချို့ကျ မီးကြိုးကို ကြေးထုတ်ရောင်းတယ်၊ ကျွန်တော်က ကြေးထုတ်မရောင်းဘူး၊ ပြင်လို့ရရင် ပြင်တယ်၊ မီးဘုတ် လုပ်တယ်၊ အပြင်မှာ မီးဘုတ်တစ်ခုကို နှစ်သောင်းခွဲလောက် ရှိတယ်၊ ငါးထောင်၊ ခြောက်ထောင်နဲ့ ပြန်ရောင်းရင် လူတိုင်းဝယ်ကြတယ်”
ပလုံကောက်တဲ့သူတွေဟာ မြို့ပြရဲ့ အမှိုက်ပုံတွေမှာတင်မကဘဲ ချောင်းတွေထဲမှာပါ သက်စွန့်ဆံဖျား ကောက်ကြတယ်လို့ စျေးကွက်ရှာပေးတဲ့ ဦးနေလင်းက ပြောပြပါတယ်။
“အရင်တုန်းက ပလုံကောက်ရင် အမှိုက်ပုံတွေ၊ အမှိုက်ပုံးတွေမှာပဲ ကောက်ကြတာကို တွေ့ရတာ၊ တစ်ခါမှ မမြင်ဘူးတဲ့ ချောင်းတွေထဲမှာ ဖော့ပြားတွေပေါ်တက်ပြီး အသက်အန္တရာယ်နဲ့ရင်းပြီး ပလုံတွေ လိုက်ကောက်နေကြရတာကို တော်တော်လေး နေရာများများမှာ တွင်တွင်ကျယ်ကျယ်လေး တွေ့လာရတယ်"
ရန်ကုန်မြို့မှာ တစ်ရက်ကို အမှိုက်တန်ချိန် ၂၆၀၀ ကျော်လောက်ထွက်ပြီး အမှိုက်ကန် ၂၇၀ ကျော်နဲ့ အမှိုက်ပုံး နှစ်သောင်းရှစ်ထောင် (၂၈၀၀၀) ကျော်ရှိတယ်လို့ မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်နဲ့ သန့်ရှင်းရေးဌာန ဝန်ထမ်းတစ်ယောက်က RFA ကို ပြောပါတယ်။
အမှိုက်တွေထဲမှာ အန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတွေပါတတ်တယ်လို့ စစ်မှုထမ်းဟောင်း ဦးစိုင်းထွန်းငွေက သတိပေးပါတယ်။
"အမှိုက်ပုံးဆိုတာ အန္တရာယ်သိပ်များတယ်ဗျ၊ ဆေးထိုးအပ်တွေ ပါတယ်၊ ပုလင်းကွဲတွေ ပါတယ်၊ ဥပမာ နိုင်ငံ အနှောင့်အယှက်ဖြစ်တဲ့ မိုင်းတွေထောင်လာတာတွေ၊ ကွဲစေတတ်တဲ့ဟာတွေ ပါလာခဲ့ရင် သူတို့ဘဝတွေ အရမ်းနစ်နာမယ်ဗျ"
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင်းရဲဆုံး (၂၅) နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အဆင့် (၂၄) မှာ ရှိနေပြီး၊ အရှေ့တောင်အာရှ ဆယ်နိုင်ငံမှာ အဆင်းရဲဆုံးနိုင်ငံအဖြစ် စာရင်းဝင်နေပါတယ်။