ခက်ခဲသူတို့အတွက် စာနာတတ်သော ဆိုင်လေး
2024.07.16

ထိုင်းနိုင်ငံမြောက်ပိုင်း မြို့လေးတစ်မြို့ရဲ့ လမ်းကျဉ်းလေးထဲမှာ မြန်မာပြည်သူတွေကိုကူညီဖို့ ရန်ပုံငွေရှာတဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်လေးတစ်ဆိုင် ရှိနေပါတယ်။ အဲဒီဆိုင်လေးကို ဘရယာနာဆိုတဲ့ အမေရိကန်သူတစ်ဦး ဦးဆောင်ဖွင့်လှစ်ထားတာပါ။
"မြန်မာပြည်ကလူတွေဟာ အကြောင်းအမျိုးမျိူးကြောင့် ဒုက္ခရောက်နေကြပါတယ်။ အများစုက ဝင်ငွေရဖို့ ကြိုးစားရုန်းကန်နေရပါတယ်။ ဒါကြောင့်ပဲ သူတို့ ရှင်သန်ရပ်တည်ရေးအတွက် ဒီဆိုင်လေးဖွင့်ဖို့ ဖြစ်လာတာပါ"
ဘရယာနာတို့ ဇနီးမောင်နှံမှာ သမီးနှစ်ဦးရှိပြီး သူတို့ကို ထိုင်းနိုင်ငံမှာ မွေးခဲ့တာပါ။ NLD အစိုးရခေတ်မှာ သူတို့မိသားစုအလိုက် မြန်မာပြည်မှာ အလုပ်ကိစ္စနဲ့သွားနေရင်း သမီးတွေက မြန်မာပြည်မှာ ကြီးပြင်းခဲ့ပါတယ်။ ဒါကြောင့် ဘရယာနာတို့ တစ်မိသားစုလုံးက မြန်မာတွေကိုချစ်ပြီး ကူညီချင်လို့ ဒီလိုဆိုင်လေးဖွင့်မယ်လို့ စဉ်းစားနေတဲ့အချိန်မှာ ဒီဆိုင်လေးကိုငှားဖို့ သမီးလေးလီလီက တွေ့ခဲ့တာပါ။
"သမီးနဲ့ သမီးအမေနဲ့ ဒီကော်ဖီဆိုင်မှာ တူတူပုန်းတမ်းကစားရင်းနဲ့ ခြံထောင့်က ဒီအိမ်လေးကိုတွေ့တော့ ငှားပါလား၊ ဆိုင်လေးဖွင့်ချင်လို့ဆိုပြီး ဆိုင်ရှင်ကိုမေးကြည့်တာ" လို့ ပြောပြတာပါ။
ဒီဆိုင်မှာ တင်ရောင်းနေတဲ့ပစ္စည်းတွေက CDM ဝန်ထမ်းတွေ၊ တစ်ခုလပ်အမျိုးသမီးတွေ၊ ကိုယ်အင်္ဂါ မသန်စွမ်းတဲ့သူတွေ ထုတ်လုပ်တာဖြစ်သလို၊ ထိုင်း-မြန်မာချစ်ကြည်ရေးကို ရည်စူးပြီး ထိုင်းပြည်သူတွေလုပ်တဲ့ ပစ္စည်းတချို့လည်း အဲဒီဆိုင်မှာ ရောင်းပါတယ်။
ဒီဆိုင်လေးရှိတဲ့ နေရာကို အတိအကျပြောချင်ပေမယ့် စစ်ကောင်စီဘက်က အနှောက်အယှက်ပေးမှာရော၊ ထိုင်းအာဏာပိုင်တွေကပါ ခွင့်မပြုတော့မှာကြောင့်ပါ စိုးရိမ်ပြီး တည်နေရာကိုမပြောဖို့ ဘရယာနာက မေတ္တာ ရပ်ခံပါတယ်။
ပစ္စည်းလေးတွေရောင်းရရင် ထုတ်လုပ်တဲ့သူတွေအတွက် ဝင်ငွေရသလို၊ ချို့တဲ့တဲ့သူတွေကို မျှဝေ လှူဒါန်းပေးနိုင်တယ်လို့ ဆိုင်မှာ ဝိုင်းကူရောင်းနေတဲ့ မခြူးခြူးစံက ပြောပြပါတယ်။
"ဒီဆိုင်လေးရဲ့ ရည်ရွယ်ချက်က အရမ်းကောင်းတဲ့အထဲ ပါတယ်။ ကျွန်မတို့ ဒီပစ္စည်းလေးတွေကို အလုပ်မရှိတဲ့သူတွေက ဒီဆိုင်မှာလာပြီးတော့ တင်ရောင်းတယ်။ တကယ်လို့ ဒီပစ္စည်းလေးတွေ ရောင်းတဲ့အခါကျရင် သူတို့အတွက် ဝင်ငွေတစ်ခုရမယ်။ ပြီးတော့ ပစ္စည်းတွေရောင်းတဲ့အခါမှာ အမြတ်ငွေရှိတယ်။ အမြတ်ငွေကနေပြီးတော့ ညီမတို့ လိုအပ်တဲ့နေရာကို ပြန်ပြီးတော့ ထောက်ပံ့ပေးတယ်ပေါ့နော်"
မခြူးခြူးစံရဲ့ အဖေက ပြည်မြို့က မိုးမေတ္တာနာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးမိုးကြီးပါ။ သူ့ပရဟိတအဖွဲ့ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဧပြီလမှာ စစ်တပ်ကစီးနင်းပြီး တရားစွဲတဲ့အတွက် မိသားစုလိုက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတဲ့သူ ဖြစ်ပါတယ်။
"ကျွန်မတို့ ဒီပစ္စည်းလေးတွေကို အလုပ်မရှိတဲ့သူတွေက ဒီဆိုင်မှာလာပြီးတော့ တင်ရောင်းတယ်။ တကယ်လို့ ဒီပစ္စည်းလေးတွေ ရောင်းတဲ့အခါကျရင် သူတို့အတွက် ဝင်ငွေတစ်ခုရမယ်"
အခုတော့ ထိုင်းနိုင်ငံမှာ မိသားစုဝမ်းရေးအတွက် လက်မှုပစ္စည်းလုပ်နေသလို တစ်ဖက်ကလည်း သူ့ထက် ဒုက္ခရောက်နေတဲ့သူတွေကို ကြိုးစားကူညီနေပါတယ်။
"ခြိုးခြံတယ်၊ ချွေတာတယ်။ မနက်မုန့်ကအစ အပြင်မှာ ထွက်မစားဘူး။ စားချင်တဲ့နေ့လေးတွေတော့ ရှိတာပေါ့နော်။ တစ်ခါတစ်ရံမှာ ဧည့်သည်ဘာညာလေးတွေနဲ့ အပေါင်းအသင်းလေးတွေနဲ့ ထွက်တာတော့ ရှိတယ်။ ဒါပေမဲ့ ရအောင် ခြိုးခြံတယ်၊ ချွေတာတယ်။ ကိုယ့်ဘက်က ချွေတာလို့ ရတဲ့ဥစ္စာသည် ကျွန်တော်တို့က ပေးလို့ရတယ်၊ ထောက်ပံ့လို့ရတယ်၊ လှူဒါန်းလို့ရတယ်"
ဒီပစ္စည်းတွေကို ဆိုင်မှာလာဝယ်တဲ့သူထက် အွန်လိုင်းကနေမှာပြီး အားပေးကြတာများတယ်လို့ ဘရယာနာက ပြောပါတယ်။ ဆိုင်ကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာစဖွင့်ခဲ့လို့ အခုတော့ တစ်နှစ်ကျော်နေပါပြီ။ ဒါကြောင့် အနည်းနဲ့အများ ကူညီနိုင်ပြီလို့ ပြောပါတယ်။
"မနှစ်တုန်းကဆိုရင် ကျွန်မတို့ ရခိုင်ပြည်နယ်ကလူတွေ၊ ရိုဟင်ဂျာ အမျိုးသမီးတွေ၊ ကချင်ပြည်နယ်ရော၊ ကရင်နီပြည်နယ်ရော၊ ရှမ်းပြည်နယ်အထိပါ လှူဒါန်းနိုင်ခဲ့ပါတယ်။ ဆိုတော့ တစ်နိုင်ငံလုံးအနေနဲ့ ကျွန်မတို့ နိုင်သလောက် မျှပြီး ခွဲပေးနေတာပါ"
မြန်မာပြည်နဲ့ပတ်သက်လို့ ကမ္ဘာကြီးကို ဘယ်လိုသတင်းစကားပေးချင်လဲဆိုတော့ ဘရယာနာက အခုလိုပြောပါတယ်။
"ကိုလိုနီခေတ်ဆိုတာ ကုန်ဆုံးသွားပါပြီ။ ဒါကြောင့် နိုင်ငံရေးခေါင်းဆောင်တွေကို ကျွန်မမေတ္တာရပ်ခံလို့ ရမယ်ဆိုရင် မြန်မာပြည်က အကြမ်းဖက်မှုတွေကို ဝင်ပြီးဖြေရှင်းပေးသင့်ပါပြီ ဆိုတာပါ"