မီးဘေးသင့် အိုးမြေထူးရွာက မိသားစုရဲ့ ပြောပြချက်
2022.02.26
စစ်ကိုင်းတိုင်း ကလေးမြို့နယ်က အဲဒီအိုးမြေထူး ဆိုတဲ့ ရွာငယ်လေးတစ်ခုကို အခုနေ ရောက်ရှိမယ်ဆိုရင် အရင်ကလို သွပ်မိုးအိမ်ကြီးတွေအစား တဲငယ်လေးတွေမှာ ဖြစ်သလို ကာရံထားတဲ့ ပစ္စည်းတွေနဲ့ နေထိုင်ရတဲ့ ရွာသားတွေကိုပဲ မြင်ကြရမှာဖြစ်ပါတယ်။
"အဲဒီ ၈ နှစ်အတွင်းမှာ ကျမတို့မှာ စုဆောင်းခဲ့တာလေးတွေ အကုန်လုံးပါသွားတော့ ဝမ်းနည်းတာပေါ့”
အိမ်ခြေကလည်း ၃ဝ လောက်ပဲ ရှိတာပါ။ ကိုအေးဖေနဲ့ မခင်လှတို့မှာ သမီးငယ်လေးက နှစ်ယောက်၊ ခြံမြေ အနည်းငယ်နဲ့ နွားက ခုနစ်ကောင်လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကတော့ သူတို့ရွာကို စစ်ကောင်စီတပ်တွေ သေနတ်သံပေး ဝင်ရောက်လာခဲ့လို့ တခြားအိမ်နီးချင်းတွေနဲ့အတူ တောတွေ၊ တောင်တွေထဲကို သူတို့ ထွက်ပြေးသွားခဲ့ကြ ပါတယ်။ သူတို့ ပြန်လာတဲ့အချိန်မှာတော့ သူတို့ရဲ့ သွပ်မိုးပျဉ်ထောင်အိမ်တစ်ခုလုံး စစ်တပ် က မီးရှို့သွားလို့ ပြာကျနေတာကို မခင်လှတို့ မြင်ခဲ့ရပါတယ်။
“အကုန်ပါသွားတာ ငြုပ်ဆုံက အစ ကျောက်ပျဉ်အဆုံး ဘာမှမကျန်ခဲ့ဘူး။ ငြုပ်ဆုံက ကွဲသွားတော့တာလေ၊ ကျမတို့က အခု အဝတ်အစားဆိုလည်း ဘာတစ်ခုမှ မကျန်ခဲ့ဘူး။ သေတ္တာတွေဆိုရင်လည်း ပိန်ရှုံ့လို့၊ အိမ်နီးချင်းတွေက လာပေးကြတယ် သူက ဒန်အိုး တစ်လုံးပေးလိုက် ဟိုအိမ်က ဒယ်ပိုင်းလေးပေးလိုက်နဲ့ အခုလောလောဆယ် ကျမတို့ အဲလိုလေးနဲ့ ချက်ပြုတ်စားသောက်နေရတာပါ၊ အဝတ်အစားဆိုလည်း ကလေးအဝတ် အထည်လေးတွေ လာပေးတာလေးတွေနဲ့ အဲလိုဝတ်ရတာ။ အခုဆို ချမ်းလဲချမ်းတယ်ဆို တော့ မိုးကာတာလပါတ်လေးတွေ အကာလေးတွေလုပ် အဲလိုမျိုးနဲ့ နေကြတာပါ”
အိမ်တစ်လုံးပြန်ဆောက်ဖို့ ငွေမရှိသေးတဲ့အပြင် စစ်ကောင်စီတပ်တွေ နောက်တစ်ကြိမ် လာနိုင်သေးတယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ သူတို့ တဲလေးတွေပဲထိုးပြီး နေကြတယ်လို့ ကိုအေးဖေက ပြောပါတယ်။
“ပြန်မဆောက်သေးဘူး ကျနော်တို့ မီးရှို့ခံထားရတဲ့ သွပ်ပြားအဟောင်းလေးတွေနဲ့ တိုင်က တရပ်ကျော်ကျော်ပေါ့ ခြောက်တောင်လောက် တိုင်လေးတွေနဲ့ ဆောက်ပြီး လောလောဆယ် နေရရုံလေးလုပ်ထားတယ်၊ ကျန်တဲ့သူတွေလည်း ဒီလိုပဲ၊ အပြီး မဆောက်ရဲသေးတာလည်း ပါတယ်”
သူတို့မိသားစုမှာ အိမ်မီးလောင်တဲ့အပြင် တခြားစိတ်ဆင်းရဲစရာ တစ်ခုလည်း ရှိပါသေး တယ်။
ပထမအကြိမ် စစ်ကောင်စီတပ်တွေလာလို့ ထွက်ပြေးစဉ်က သူတို့မိသားစုရဲ့ တစ်ခုတည်း သော ဇိမ်ခံပစ္စည်းဖြစ်တဲ့ ရုပ်မြင်သံကြားလေးကို ကိုအေးဖေက ဂျပ်ဖာသေတ္တာတစ်ခုထဲ ထည့်ပြီး အိမ်ဘေးက ငှက်ပျောရုံတစ်ရုံကြားမှာ ဖွက်ထားခဲ့ပါတယ်။ အိမ်မီးလောင်သွား ပေမယ့် ရုပ်မြင်သံကြားလေးကို ပြန်ဆင်ပြီး ကြည့်ခဲ့ကြပါသတဲ့။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်တွေ လာပြန်ပြီဆိုပြီး ကြားရပြန်လို့ နောက်တစ်ကြိမ် ထွက်ပြေးခဲ့ရာ မှာတော့ ကိုအေးဖေက ပဲစိုက်ခင်းထဲ သွားဖွက်ခဲ့ပါတယ်။ ဒီတစ်ခေါက် အိမ်ပြန်လာတဲ့ အခါမှာတော့ အဲဒီ ရုပ်မြင်သံကြားဟောင်းလေးကို သူတို့မိသားစု အရင်လိုကြည့်လို့ မရတော့ပါဘူး။ ဒါကတော့ စစ်ကောင်စီလက်ချက်တော့ မဟုတ်ပါဘူး၊ သူတို့အိမ်က နွားပေါက်လေးတွေကြောင့်ပါပဲလို့ ကိုအေးဖေက ပြောပါတယ်။
“အဲဒီတယ်လီဗေးရှင်းကို ကျနော် ကဒ်ဖာထဲထည့်ပြီး သဲတွေနဲ့ ဖုံးထားခဲ့တာပေါ့။ နွားကလည်းရှိတယ် ၄၊ ၅၊ ၆ ကောင်လောက် ဒါလေးတွေ လွတ်ပြီး နင်းသွားဟန် တူပါတယ်။ သတင်းကြည့်ရအောင် ဆင်ဦးမှဆိုပြီး ဆင်တော့မှ ကွဲနေတော့တာ”
မခင်လှကတော့ ပထမအကြိမ် မီးဘေးကလွတ်သွားခဲ့တဲ့ သူတို့ရဲ့ ရုပ်မြင်သံကြားလေးကို သတိရနေပါတယ်။
“ကျမတို့မှာလည်း သြော် မီးလောင်ပေမယ့် တီဗီတော့ ကြည့်စရာရှိသေးတယ် ဆိုပြီးတော့မှ နောက်ထပ်မပြေးရခင်လေးမှာ ပြန်ဆင်ပြီး ကြည့်ခဲ့ကြသေးတယ်။ နောက်တစ်ခါ သူတို့ လာရင် ပြေးရတော့မယ်ဆိုတဲ့စိတ်နဲ့ ထပ်ပြီးပုန်းရ၊ ပြေးရတာပါ။ အဲဒါ ဖွက်တော့ထားခဲ့ပါရဲ့ မီးတွင်းကလွတ်ပေမယ့် နွားနဲ့မလွတ်ဖြစ်ရတာ”
တဲငယ်လေးတစ်လုံးမှာ ချမ်းချမ်းစီးစီး မလုံမခြုံဘဝနဲ့ နေရတဲ့ မခင်လှရဲ့ ခံစားချက်က ဘယ်လိုရှိပါသလဲ။
“ကျမတို့မှာ အနှစ်နှစ်အလလကလေ အိမ်ထောင်ကျတာ ၈ နှစ်လောက်ရှိပြီ။ အဲဒီ ၈ နှစ်အတွင်းမှာ ကျမတို့မှာ စုဆောင်းခဲ့တာလေးတွေ အကုန်လုံးပါသွားတော့ ဝမ်းနည်း တာပေါ့”

တိုင်းပြည်ပြန်လည်ငြိမ်းချမ်းမှပဲ သူတို့အိမ်ပြန်ဆောက်တော့မယ်လို့ ကိုအေးဖေက ပြောပါတယ်။ မခင်လှက အဲဒါဘယ်လောက်ကြာမှန်းလည်း မသိဘူးလို့ ပြောပါတယ်။ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ ဒေသခံတစ်ယောက်ကတော့ ပြည်သူတွေအနေနဲ့ ကိုယ်ရော စိတ်ပါ နာကျင်နေကြပြီလို့ ဝေဖန်ပါတယ်။
“တကယ်တော့ ဒီတောသူတောင်သားတွေ အထူးသဖြင့် ဒီဒေသလေးဟာ အစိုးရ အဆက်ဆက် အစိုးရတွေဆီကနေ ဝန်ဆောင်မှုရတာ ရှားပါတယ်။ အေးအေးဆေး ဆေးနေကြရင်းနဲ့ ဘဝကိုဖြတ်သန်းနေကြတဲ့ တောင်သူတွေ၊ တောသူတောသားတွေ ဖြစ်ကြပါတယ်။ အခု စစ်အာဏာသိမ်းပြီးတဲ့နောက် ဘာအကြောင်းပြချက်မှ မယ်မယ် ရရ မရှိဘဲနဲ့ ဒီတောဘက်ကို စစ်ကြောင်းထိုးလာပြီးတော့ တွေ့ရာမြင်ရာ မီးရှို့ဖျက်ဆီး သွားတာ အတော်ကြေကွဲ ဝမ်းနည်းဖို့ ကောင်းပါတယ်။ သူတို့ကို ခုံခံနေတာမျိုး ရန်ပြု တာမျိုး ဘာတစ်ခုမှ မရှိပါဘူး၊ စစ်ကြောင်းလာတယ်ဆိုတာနဲ့ အားလုံးထွက်ပြေး ဘေးလွတ်ရာကို ပုန်းရှောင်နေကြတာဖြစ်ပါတယ်။ ဒီတဲတစ်တဲ၊ အိမ်တစ်အိမ် ရဖို့ဆိုတာ အတော်ခက်ခဲပါတယ်”
ကျေးလက်ပြည်သူတွေရဲ့ ဒီဒုက္ခတွေ ဘယ်တော့ကုန်ဆုံးမှာလဲ၊ ဘယ်သူမှ အတိအကျ မပြောနိုင်တဲ့ကာလ ဖြစ်ပါတယ်။