ရန်ကုန်မှာပြန်တွေ့လာရတဲ့ အမျိုးသမီးပန်းချီပြပွဲ

RFA Burmese
2024.05.13
ရန်ကုန်မှာပြန်တွေ့လာရတဲ့ အမျိုးသမီးပန်းချီပြပွဲ ရန်ကုန်မြို့၊ ဗိုလ်ချုပ်စျေးရှိ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို) တွင် ပြုလုပ်ခဲ့သည့် အမျိုးသမီး ပန်းချီဆရာများ၏ စုပေါင်းပန်းချီပြပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့မှာ ၂၀၁၉ ခုနှစ် ကိုဗစ်ကာလကတည်းက ရပ်နားခဲ့ရတဲ့ အမျိုးသမီး ပန်းချီဆရာတွေရဲ့ စုပေါင်းပန်းချီပြပွဲကို ဗိုလ်ချုပ်စျေးက မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို) မှာ မေလ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ ပြုလုပ်ခဲ့ပါတယ်။

ကိုဗစ်ကာလနောက်ပိုင်း ဝေးကွာနေကြရတဲ့ အမျိုးသမီးပန်းချီဆရာတွေ ပြန်စုစည်းနိုင်ဖို့ ဒီပြပွဲကို ပြုလုပ်တာလို့ ပြပွဲ ဦးဆောင်သူ ပန်းချီ ဆရာမ ဒေါ်ရှင်မင်းထင်က RFA ကို ပြောပါတယ်။

"ကိုဗစ်ကာလမှာသူငယ်ချင်းတွေက ခွဲခွာသွားကြရတယ်။ ကိုဗစ်ကြောင့်ပဲ တချို့သေဆုံးခြင်းနဲ့ အပြီး ခွဲခွာသွားကြရတယ်။ ကျန်ရစ်ခဲ့တဲ့သူတွေအားလုံး ပြန်ဆုံနိုင်ကြရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို အမျိုးသမီးတွေပေါင်းပြီး “မေ” ဆိုတဲ့ ပန်းချီပြပွဲလေးကို လုပ်ကြတာပါ။ နောက် မျိုးဆက်သစ် ပန်းချီဆရာမလေးတွေကိုလည်း လက်တွဲပြီးခေါ်တဲ့အနေနဲ့ သူတို့လက်ရာလေးတွေကိုလည်း ပြထားပါတယ်"

၂၀၁၉ ခုနှစ် ကိုဗစ်ကာလမတိုင်ခင်က အမျိုးသမီးသီးသန့်ပန်းချီပြပွဲကို နှစ်ကြိမ်ပြုလုပ်နိုင်ပြီး အခုပြပွဲဟာ တတိယအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီပြပွဲမှာ ပန်ချီဆရာမတွေဖြစ်တဲ့ စန်းလတ်၊ ရှင်မင်းထင်၊ မြနှင်းလှိုင်၊ မြင့်မြင့်တင်၊ တိုက်ဂါး-နန်း၊ နန္ဒာမြင့် အစရှိတဲ့ ပန်းချီဆရာမ ၁၉ ဦးကနေ ပန်းချီအမျိုးအစား လေးမျိုးနဲ့ ပန်းချီကားပေါင်း ခြောက်ဆယ်ကို ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဝါသနာဆိုတာ တားလို့မရဘူးလေ၊ မင်းက ငယ်သေးလို့ အတွေ့အကြုံနုသေးလို့ အရည်အချင်းမပြည့်ဝလို့ဆိုပြီး မချန်ထားခဲ့ဘူး၊ သူနိုင်သလောက်၊ စွမ်းအားရှိသလောက်ရေးထားကြတာ"

ဒီပြပွဲဟာ အရွယ်သုံးပါးလုံးနဲ့ဆိုင်တဲ့ အမျိုးသမီးအားလုံး ကိုယ်စားပြုတဲ့ ပန်းချီပြပွဲဖြစ်တယ်လို့ ပန်းချီဆရာမ တိုက်ဂါး-နန်းက ပြောပါတယ်။

"ပန်းချီဆိုတာ ငယ်ငယ်ကတည်းနေ ကြီးလာတဲ့အထိ ရေးကြမှာပဲ၊ ဝါသနာဆိုတာ တားလို့မရဘူးလေ၊ မင်းက ငယ်သေးလို့ အတွေ့အကြုံနုသေးလို့ အရည်အချင်းမပြည့်ဝလို့ဆိုပြီး မချန်ထားခဲ့ဘူး၊ သူနိုင်သလောက်၊ စွမ်းအားရှိသလောက်ရေးထားကြတာ။ အမျိုးသမီတွေရဲ့ ပန်းချီစုတ်ချက်စွမ်းအားတွေဟာ လင်းလက်နေတဲ့ ပန်းချီပြပွဲကြီးပါ "

ရန်ကုန်မြို့၊ ဗိုလ်ချုပ်စျေးရှိ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို) တွင် ပြုလုပ်ခဲ့သည့် အမျိုးသမီး ပန်းချီဆရာများ၏ စုပေါင်းပန်းချီပြပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ ဗိုလ်ချုပ်စျေးရှိ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို) တွင် ပြုလုပ်ခဲ့သည့် အမျိုးသမီး ပန်းချီဆရာများ၏ စုပေါင်းပန်းချီပြပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်၊ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်း၊ တက်သစ်စ ပန်းချီဆရာ မဖြိုးပြည့်ပြည့်လင်းကလည်း ဝါရင့်ပန်းချီဆရာမကြီးတွေနဲ့အတူတူ ပြသခွင့်ရလို့ သူ့ကိုယ်သူ ဂုဏ်ယူတယ်လို့ ပြောပါတယ်။

"ဒီပြပွဲမှာ ညီမ ပန်းချီငါးကားပြသထားတယ်၊ ပန်းချီဆရာမကြီးတွေက တွဲခေါ်ပေးလို့ ညီမတို့ တက်သစ်စသမားတွေ ဒီပွဲမှာ ပြသခွင့်ရတာပါ။ ဂုဏ်လည်းယူပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ နောက်ဆုံးကတော့ ဆရာမကြီးတွေရဲ့ လက်ရာတွေဖြစ်တဲ့ ပန်းချီကားပေါင်း ခြောက်ဆယ်လောက်ကို တစ်နေရာထဲမှာ ကြည့်ခွင့်ရလို့ ပညာတွေ အများကြီးရလိုက်ပါတယ် "

ပန်းချီကားချပ်တွေပေါ်ကနေ မြန်မာအမျိုးသမီးတွေရဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အကြောင်းကို ကမ္ဘာကသိအောင် မြန်မာအမျိုးသမီးပန်းချီဆရာတွေနဲ့ ပြပွဲတွေမပြတ်အောင် ဆက်လုပ်သွားဖို့ရှိတယ်လို့လည်း ပြပွဲမှာပါဝင်တဲ့ ပန်းချီဆရာမတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။