ချင်းပြည်နယ် တီးတိန်မြို့နယ်မှာရှိတဲ့ ခိုင်ကမ်း ဆင်စခန်းကို လာရောက်လည်ပတ်သူတွေ မရှိတော့တာကြောင့် ဆင်တွေအတွက် အစာရေစာ ခက်ခဲလာပါတယ်။
ကိုဗစ်ကပ်ရောဂါကာလကစလို့ လာရောက်လည်ပတ်သူ နည်းသွားခဲ့ရာကနေ စစ်အာဏာ သိမ်းပြီးနောက် မှာတော့ ဘယ်သူမှ လာရောက်တာ မရှိတော့တာပါ။
“ကျနော်တို့ ၂၀၁၉ ခုနှစ် ၉ လပိုင်းတုန်းက ဖွင့်ပြီးနောက်ပိုင်း လူတွေလာတော့ အစားတွေ ကျွေးကြတာပေါ့၊ လှူဒါန်းကြတာပေါ့။ အခုက နိုင်ငံရေး အခြေအနေလည်း မကောင်းတော့ လာကျွေးတဲ့ သူမရှိတော့ သဘာဝတောမှ ရရှိတဲ့ အစားတွေပဲ စားတော့တယ်။ ဆင်တွေကတော့ တော်တော်လေး အစာခက်တယ်။ ခရီးသည် တွေလည်း တစ်ယောက်မှ မလာကြတော့ဘူး။ လူတွေလာတဲ့ အချိန်တုန်းကဆိုရင် ငှက်ပျောသီး၊ အုန်းသီး၊ ကြံ အဲဒါတွေ ကျွေးကြ၊ မွေးကြတာပေါ့။ အခုအခါမှာတော့ အဲဒါတွေ ဘာမှ မစားရတော့ဘူး”
ဆင်တွေကို အလှကြည့်ဖို့နဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ဆင်ထီး သုံးကောင်နဲ့ ဆင်မ လေးကောင် စုစုပေါင်း ဆင်ခုနစ်ကောင်နဲ့ ခိုင်ကမ်းဆင်စခန်းကို ၂၀၁၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။
လက်ရှိမှာ ဧည့်သည်တွေ မလာတော့တာကြောင့် ဆင်တွေဟာ လူတွေနဲ့ အထိအတွေ့ နည်းလာပြီး အရင်လို ယဉ်ပါးဖို့ ကြိုးစားထိန်းကျောင်းနေရပါတယ်။
“မြေပဲ ရေစိမ်နဲ့ ထိန်းပေးထားရတယ်။ သဘာဝအစာကတော့ တောငှက်ပျောတို့၊ ဝါးတို့၊ ဘာတို့ အစားများတယ်။ အာဟာရကတော့ တောသဘာဝ အာဟာရတော့ ဖြစ်ပါတယ်။ လာလည်တဲ့ သူကျွေးတာက ဆင်အတွက် ဖြည့်စွက်စာပေါ့။ ငှက်ပျောသီးတို့၊ ကြံတို့ပေါ့။ ဆင်တွေက လူစိမ်းတွေနဲ့ အလှမ်းဝေးတော့ ရိုင်းလာတယ်။ နောက်ပိုင်းလူတွေ လာခဲ့ရင်ပေါ့ အရင်တုန်းကလို ယဉ်ပါးလာဖို့က ပြန်ပြီးတော့ သွန်သင်ဆုံးမရမယ်”
ဒီစခန်းမှာ ဆင်စားကျက်မြေ ဧက ၅၀ ရှိပြီး အရင်က တစ်နေ့ကို လာရောက်လည်ပတ်သူ ၁၀၀ ကနေ ၁၅၀ ကြား ရှိခဲ့တာပါ။
အခုတော့ လာရောက်လည်ပတ်သူ မရှိတော့လို့ ဆင်စခန်းကိုလည်း မပြုပြင်နိုင်တော့ပါဘူး။
“ခန့်မှန်းက တစ်ရက်မှာ လူ တစ်ရာ၊ တစ်ရာ့ငါးဆယ်လောက်တော့ လာကြပါတယ်။ ဒီမှာက ကလေးဆော့စရာတို့ ရှိတော့ အဲဒါတွေလည်း ပြန်မပြုပြင်ရသေးဘူး။ ဆောင်းပိုင်းဆိုရင် ရေကို ကန်လုပ်ပေးတယ်၊ ရေကစားလို့ရအောင်။ အခုက လာတဲ့သူ မရှိတော့ ဘာမှ ပြုပြင်မထားတော့ဘူး”
ခိုင်ကမ်းဆင်စခန်းဟာ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရဲ့ အစပ်မှာရှိတာဖြစ်ပြီး ကလေးမြို့နဲ့ဆိုရင် ခြောက်မိုင်ခန့် ဝေးပါတယ်။