ဆင်သတ်မုဆိုးတွေအကြောင်း သတင်းပေးသူကို ဆုငွေပေးမည်
2018.11.26
မြန်မာနိုင်ငံမှာ မျိုးသုဉ်းလုနီး တောဆင်ရိုင်းတွေကို ကာကွယ်စောင့်ရှောက်၊ ထိန်းသိမ်းဖို့ အစိုးရဌာနတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကြိုးစားနေတဲ့အထဲမှာ တရားမဝင် ဆင်သတ်တာတွေကို ဟန့်တားနိုင်ဖို့ ဆောင်ရွက်ချက်လည်း ပါဝင်ပါတယ်။ ဆင်သတ်မုဆိုးတွေအကြောင်း သတင်းပေးတဲ့သူကို ဆုငွေကျပ် သိန်း ၃၀ ပေးမယ့်အပြင် သတင်းပေးမယ့်သူရဲ့ သတင်းအချက်လက်ကိုလည်း လျှို့ဝှက်ပေးထားမှာဖြစ်တယ်လို့ ဆင်ထိန်းသိမ်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆင်သတ်မုဆိုးတွေအကြောင်း သတင်းပေးသူကို ဆုငွေပေးမည်
(ဇာဏီထွဏ်း)
မြန်မာနိုင်ငံမှာ မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ တောဆင်ရိုင်းတွေဟာ ၁ ပတ်မှာ ၁ ကောင်နှုန်း အသတ်ခံနေရတယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ WWF က ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် တောရိုင်းဆင်တွေ ကာကွယ်ထိန်းသိမ်းဖို့ အစိုးရအဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာ့သစ်လုပ်ငန်း၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောရဲ အပါအဝင် ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ WWF၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး မိတ်ဆွေများအသင်း FOW တို့က ပူးပေါင်းပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
တောဆင်ရိုင်း အသတ်ခံရတာတွေ လျော့နည်း ပပျောက်သွားအောင် ဆင်သတ် မုဆိုးတွေရဲ့ သတင်းကိုပေးမယ်ဆိုရင် ကျပ် သိန်း ၃၀ ဆုငွေပေးမှာဖြစ်တယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ WWF က ဒေါ်မေမိုးဝါက ပြောပါတယ်။
"ဆင်မုဆိုးကို တွေ့ရင် သတင်းပေးပါ။ ဆင်မုဆိုးကိုတွေ့လု့ိ သတင်းပေးလို့ရှိရင် အမတို့ ဆုငွေကြေး သိန်း ၃၀ အထိ ပေးပါတယ်။ ချက်ချင်းသတင်းပေးပါ။ ချက်ချင်းသတင်းပေးတာနဲ့ အမတို့ အရေးယူဖို့ ကင်းလှည့်နေတဲ့ ကင်းထောက်တွေရှိပါတယ်။ အဲဒီလူတွေကနေ ချက်ချင်း မြန်မြန်အရေးယူနိုင်အောင် ထောက်ပံ့ပေးထားတယ်"
တောဆင်ရိုင်းတွေ အသတ်ခံရတာတွေဟာ ၂၀၁၆ ခုနှစ်မှာ အကောင်ရေ ၅၀ ကျော်၊ ၂၀၁၇ ခုနှစ်မှာ အကောင်ရေ ၆၀ ကျော်အထိ ရှိလာတယ်လို့ မြန်မာ့သစ်လုပ်ငန်းကနေ သိရပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကစပြီး ဆုငွေ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီဆုငွေ ထုတ်ပြန်ပြီးနောက်ပိုင်း ဆင်သတ်မုဆိုးတွေကို ဆင်သတ်လက်နက်တွေနဲ့အတူ ဖမ်းမိတာတွေရှိတဲ့အတွက် ဆုပေးခဲ့ရတာတွေရှိတယ်လို့ သိရပါတယ်။
အရင်က အစွယ်လိုချင်လို့ ဆင်စွယ်ရှိတဲ့ ဆင်ထီးတွေကိုသာ သတ်ကြပြီး အခုနောက်ပိုင်းမှာ ဆင် အသား၊ အရေခွံ၊ နှာမောင်း၊ အရိုး စတဲ့ အင်္ဂါအစိတ်အပိုင်းတွေပါ ဈေးကွက်ရှိလာတဲ့အတွက် ဆင်မနဲ့ ဆင်သားပေါက်လေးတွေပါ အသတ်ခံနေရတာပါ။
မြန်မာ့သစ်လုပ်ငန်း မန်နေဂျာ ဒေါက်တာ ဇော်မင်းဦး က ဆင်မုဆိုးသတင်းပေးသူတွေကို လျှို့ဝှက်ပေးထားမှာဖြစ်တယ်လို့ ပြောပါတယ်။
"Information (သတင်းအချက်လက်) ကို ဖုန်း message ပေးလိုက်တာနဲ့ သူ့ကို နာမည်လည်း မမေးဘူး။ ဘယ်အရပ်ဒေသကလည်း မမေးဘူး။ သူပေးတဲ့ Information ကို သွားကြည့်တယ်။ မိတယ်ဆိုကာမှ သူ့ကို ဖုန်းပြန်ခေါ်တယ်။ လျှို့ဝှက်ပြီး ဆုကြေးပေးတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ဘယ်သူမှန်းမသိအောင် ဖုံးကွယ်ပေးထားတာ"
ဆင်ပစ် မုဆိုးအဖွဲ့တွေကို ဆင်သတ်လက်နက်တွေ၊ ဆင်အရေခွံတွေ၊ အစိတ်အပိုင်းတွေနဲ့အတူ ၂၀၁၈ ခုနှစ် အတွင်း ၄ ကြိမ်ဖမ်းမိပြီး ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေနဲ့ အရေးယူထားတယ်လို့ FOW အဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ သိရပါတယ်။
မြန်မာ့သစ်လုပ်ငန်းရဲ့ သတင်းအချက်လက်အရ မြန်မာနိုင်ငံမှာ တောဆင်ရိုင်း အရေအတွက်ဟာ ၁၅၀၀ ကနေ ၂၀၀၀ ကြားသာရှိတော့တဲအတွက် ဒီနှုန်းအတိုင်းသာဆက်ပြီး အသတ်ခံနေရမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာ ဆင် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါ့ကြောင့် ဆင်သတ်မုဆိုးသတင်းတွေပေးဖို့၊ တောဆင်ရိုင်း အပါအဝင် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့ ပူးပေါင်းစေချင်တယ်လို့ မြန်မာ့သစ်လုပ်ငန်းအပါဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ပြောကြပါတယ်ရှင်။