လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရန်ကုန်မြို့လူထု
2023.04.28

“အခုလက်ရှိအခြေအနေကတော့ ရန်ကုန်ကုန်မီးနဲ့အလုပ်လုပ်ဖို့ လုံးဝအဆင်မပြေဘူး။ ဒါကြောင့် လုပ်ငန်းတော်တော်များများလည်း ရပ်သွားပြီ။ ၄ နာရီခြား အလှည့်ကျသဘော မျိုးဖြစ်တယ်။ ဒါပေမဲ့ အဲဒီလေးနာရီကိုလည်း အပြည့်မရဘူး။ ခြုံပြောရရင် ကျွန်တော်တို့က ၂၄ နာရီမှာ ရှစ်နာရီလောက်ပဲမီးရတယ်။ ကျွန်တော်တို့လုပ်ငန်းတွေက မီးမရရင် ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ ကျွန်တော်တို့က လုပ်ငန်းလည်ပတ်ဖို့အတွက် မီးစက်တွေသုံးရတယ်။ တစ်ချို့လုပ်ငန်းတွေကြ မီးစက်သုံးဖို့လဲ အခက်အခဲရှိတယ်။ ဒါကြောင့်တစ်ချို့ လုပ်ငန်းတွေလည်း ရပ်သွားကြတယ်။ အခုချိန်က ဆီစျေးတွေလည်းကြီးတယ် ဆီဝယ်ရတာလည်း လွယ်လွယ်ကူကူမဟုတ်တော့ ခက်ခဲတာပေါ့။”
ဒါက ရန်ကုန်မြို့ရဲ့ မီးရရှိမှုအခြေအနေကို မြို့နေပြည်သူတစ်ဦးကပြောပြတာပါ။ ရန်ကုန်မြို့ ရဲ့ ဧပြီလအပူချိန်ဟာ ၄၂ ဒီကရီဆဲလ်ဆီးယက်အထိ မြင့်တက်နေပါတယ်။ ပူပြင်းတဲ့ ရန်ကုန်မြို့ ရဲ့ လူသွားပလက်ဖောင်းတွေပေါ်မှာ အရွယ်စုံမီးစက်တွေကိုတွေ့မြင်နေရပါတယ်။
ဒီလိုအခြေအနေဟာ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပုံမှန်မပေးနိုင်တာက စခဲ့တာပါ။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လျှပ်စစ်မီးဖြန့်ဝေမှုမလုံလောက်ခဲ့တာကနေ အခုတော့ ရန်ကုန်မြို့ တစ်မြို့လုံးနီးပါး အလှည့်ကျ မီးပေးစနစ်ကိုသာ ကျင့်သုံးနေရပါတယ်။ ရန်ကုန်က လုပ်ငန်း လုပ်ကိုင်သူတွေဟာ မီးစက်ကိုသုံးစွဲနိုင်ပေမယ့် မြို့နေသာမန်လူတန်းစားအတွက်ကတော့ လျှပ်စစ်မီးပုံမှန်မရရှိတာဟာ ပြသနာကြီးတစ်ခုဖြစ်လာပါတယ်။
ဒေါ်အေးအေးဟာ ရန်ကုန်မြို့မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးပါ။ သူ့ရဲ့နေ့စဉ်အိမ်မှုကိစ္စတွေမှာ လျှပ်စစ်မီးပုံမှန်မရတာကြောင့် အခက်တွေ့ကြောင်းပြောပါတယ်။
“ မီးကတော့ မနက်ကြီး ငါးနာရီလာရင် ကိုးနာရီပျက်တယ်။ ကိုးနာရီလာရင် တစ်နာရီပျက်တယ်။ တစ်နာရီကနေ ငါး နာရီလာပြီးတော့ တစ်ခါည ကိုးနာရီလောက် ပျက်တယ်။ တစ်ခါလာမှ လေးနာရီလောက်ပဲလာတယ်။ မီးမမှန်တော့ ချက်ရပြုတ်ရတာ စိတ်ပျက်တယ်။ တစ်ခါတလေ လာနေတုန်း ခဏခဏပျက်တယ်။ တော်ကြာနေ ဟိုထဲပြောင်းလိုက် ဒီထဲပြောင်းလိုက်နဲ့ ထမင်းကိုလည်း ပွစိလို့။ gas ကလည်း စျေးကြီးလို့ ခေါင်ခိုက်လို့ အခုတစ်ပိဿာ ခြောက်ထောင်ကျော်နေပြီ။”
အလှည့်ကျမီးပေးစနစ်လို့ဆိုပေမဲ့ မီးပြတ်တောက်ချိန်များနေရတဲ့အခါ နေအိမ်တော်တော် များများမှာ ဘက်ထရီနဲ့ အင်ဗာတာတွေကိုတပ်ဆင်ကြရပါတော့တယ်။ တစ်ချို့က အိမ်သုံး မီးစက်တွေကို ဝယ်ယူအသုံးပြုကြရပါတယ်။ ဝပ်တစ်ထောင်ကနေ သုံးထောင်အထိ အသုံးပြုနိုင်တဲ့ ဓာတ်ဆီသုံး မီးစက်တွေကို အများဆုံးအသုံးပြုကြတာပါ။ ဓာတ်ဆီသုံးမီးစက်တွေကလည်း တစ်နာရီကို ဆီတစ်လီတာလောက် ပျမ်းမျှကုန်ကျတာကြောင့် ရေရှည် အသုံးပြုနိုင်ဖို့လည်းခက်ခဲရပြန်ပါတယ်။
“ ဒီမှာလေ မီးမလာလို့ဒါတွေဆင်ရတယ်။ ဒီအင်ဗာတာဆို ဒါကတရုတ်ကလာတာ။ ဒီ battery ကတော့ ဒါက India ဖြစ်။ စုစုပေါင်း ဒါက ဒေါ်လာ တစ်ထောင်လောက်ပေးရတယ်။ တကယ်လို့မီးသာ လာလို့ရှိရင် ဒီဟာက အပိုဝင်ငွေတွေသုံးစရာမလိုဘူးပေါ့နော်။ မီးမလာတဲ့အတွက် ဒါတွေက မလိုအပ်ဘဲနဲ့ သုံးလိုက်ရတယ်။ မီးမလာတဲ့ခါကျတော့ ဒီဟာတပ်ပြီးတော့ လိုအပ်တဲ့အချိန်တွေဆိုရင် အလုပ် လုပ်လို့ရတယ်။ ဒါပေမဲ့လုံလုံလောက်လောက်တော့ မရဘူး။ ဘာလို့လဲဆို မီးလာမှပဲ သူကအားပြည့်တယ်လေ။ ဒါကြောင့် အားချွေတာရတယ်။ ပြီးရင်သူက ရေခဲသေတ္တာတွေ ဖွင့်လို့မရဘူး။ အဲကွန်းတွေဖွင့်လို့မရဘူးပေါ့နော်။ ကွန်ပျူတာနဲ့ တစ်ခြားပန်ကာ လေးတွေပဲသုံးလို့ရတယ် ။”

လူဦးရေထူထပ်တဲ့မြို့ပြဖြစ်တာကြောင့် ရာသီဥတုပူပြင်းတဲ့အချိန်မှာ လျှပ်စစ်မီးမရတာဟာ အတော်ကိုအဆင်မပြေဖြစ်ကြရပါတယ်။ ရန်ကုန်မြို့တိုက်ခန်းမှာ နေထိုင်သူတွေဟာ လျှပ်စစ်မီးမရတဲ့ပြသနာကို ဖြေရှင်းနိုင်ဖို့ ပါဝါဘန့် နဲ့ AC/DC အသုံးပြုနိုင်တဲ့ ပန်ကာ အားသွင်းမီးလုံး စတာတွေကို ဝယ်ယူအသုံးပြုပြီး ဖြေရှင်းကြရပါတယ်။
“အစစ အရာရာစျေးတက်တဲ့အထဲမှာ လျှပ်စစ်မီးပျက်တာက ပိုဆိုးတယ်ပေါ့။ ဥပမာ စားသောက်ကုန်လုပ်ငန်းတွေမှာဆိုရင် မီးစက်တွေနှိုးပြီးအလုပ်လုပ်ကြရတယ်။ ဆီစျေးတွေလည်းတက်တယ် ဆီစျေးတွေတက်တဲ့အတွက် စားသောက်ကုန်တွေလည်းစျေးတက်လာတယ်။ အခု ကိုယ်တွေလို သာမာန်လူတန်းစားတွေဆို ပိုပြီးတော့ခက်ခဲတာပေါ့နော်။ ဒါပေမဲ့ ကိုယ်တွေကသာ ရန်ကုန်မှာနေလို့ ဒီလိုဖြေရှင်းလို့ရနိုင်တာ စစ်ဖြစ်နေတဲ့ စစ်ကိုင်း ကယား ချင်းဒေသတွေမှာဆို လုံးလုံးမီးမရနိုင်လို့ အတော်ဒုက္ခရောက်ကြမှာ ကိုယ်ချင်းစာမိတယ်။”
စီးပွားရေးမြို့တော်ရန်ကုန်နေလူထုအများစုကတော့ လျှပ်စစ်မီးပုံမှန်မရတဲ့ အခြေအနေနဲ့ အသားကျ အောင်နေထိုင်ကြရပါတယ်။ ရန်ကုန်မြို့မှာ အခြေအနေဆိုးရွားနေတဲ့ လျှပ်စစ်မီးဟာ တစ်ချို့ပြည်နယ်တိုင်းတွေမှာတော့ မရသလောက် အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကတော့ လတ်တလော လျှပ်စစ်မီးပုံမှန်ဖြန့်ဝေနိုင်မှာ မဟုတ်သေးဘူးလို့ကြေညာထားပေမယ့် ဘယ်အချိန်မှာ လျှပ်စစ်မီး ပုံမှန်ပြန်ပြီးပေးနိုင်မယ်ဆိုတဲ့ အချက်ကိုတော့ တိတိကျကျ သတင်းထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
အခုတော့ ရန်ကုန်မြို့နေလူထုဟာ အပူပြင်းဆုံးအပူချိန်ကို လျှပ်စစ်မီးပြတ်တောက်နေတဲ့ကြားက ကြံ့ကြံခံ ဖြတ်သန်းနေကြရပါတယ်။