ငလျင်ဘေး အလှူအခံအဖွဲ့တွေ စစ်ကောင်စီထံ ခွင့်ပြုချက်တောင်းနေရ

ပရဟိတအဖွဲ့တွေဟာ သက်ဆိုင်ရာ မြို့နယ်စစ်ကောင်စီ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရမှ ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ခွင့်ရတာပါ။

ပရဟိတလူငယ်အဖွဲ့များ ရန်ကုန်မြို့တွင် ငလျင်ဘေးအတွက် ဧပြီလ ၈ ရက်က အလှူငွေကောက်ခံစဉ်။

ငလျင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားတဲ့ ဒေသတွေကို ကူညီဖို့ ရန်ကုန်မြို့မှာ အလှူငွေကောက်ခံတဲ့ ပရဟိတအဖွဲ့တွေဟာ စစ်ကောင်စီ အာဏာပိုင်တွေဆီ ခွင့်ပြုချက် တောင်းနေရပါတယ်။

အဲ့ဒီလို ခွင့်ပြုချက်တောင်းတဲ့အခါ အလှူငွေ ကောက်ခံမဲ့နေရာ၊ ပါဝင်မဲ့ လူအရေအတွက်၊ အကြောင်းအရာ စတဲ့အချက်အလက်တွေကို ပေးခဲ့ရတယ်လို့ ပရဟိတအဖွဲ့တွေက RFA ကို ပြောပါတယ်။

ဧပြီလ ၆ ရက်နေ့ကစပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့  ထောက်ခံစာ ယူခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။

“ညီမတို့ အလှူခံတဲ့အချိန်မှာတော့ ဒီမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးဆီကနေ ထောက်ခံစာတွေ ယူရပါတယ်ရှင့် ။ ညီမတို့ ဒီ အလှူခံချင်တယ်ဆိုပြီးတော့ပဲ ဒီအလှူခံဖို့အတွက် ဒီရပ်ကွက်ထောက်ခံစာပါပဲရှင့် ။ အလှူခံခွင့်ပေါ့နော် ။ ထောက်ခံစာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာရရင်တော့ အဆင်ပြေပါပြီ”

စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မပြုတော့ဘဲ ကြိုတင်ခွင့်ပြုချက် တောင်းခံရမယ်လို့ ဧပြီလ ၅ ရက်က ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက် ပရဟိတအဖွဲ့တွေဟာ သက်ဆိုင်ရာ မြို့နယ်စစ်ကောင်စီ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရမှ ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ခွင့်ရတာပါ။

ရန်ကုန်မှာ ငလျင်ဘေးအတွက် အလှူခံနေတဲ့ လူငယ်အဖွဲ့တစ်ခုဖြစ်တဲ့ Volunteer Hlaing အဖွဲ့က ကိုအောင်ဇော်ထက်ကလည်း သူတို့ ထောက်ခံစာယူခဲ့ရတယ်လို့ RFA ကိုပြောပါတယ်။

“ထောက်ခံစာတွေရတော့မှပဲ ကျွန်တော်တို့ လုံခြုံတာပေါ့ဗျာ။ တချို့နေရာတွေမှာ လိုက်ပြီးတော့ ဖမ်းတယ် ၊ ဘာညာ သတင်းတော့ ကြားတယ်ဗျ။ ကျွန်တော်တို့ တစ်ဖွဲ့လုံးကတော့ ရှိတဲ့လူတွေရဲ့ နာမည်စာရင်းတို့ မှတ်ပုံတင်နံပတ်တို့ ယူပြီးတော့ စာတင်ထားပါတယ်ဗျ”

သူတို့အဖွဲ့အနေနဲ့ ငလျင်ဘေးသင့်ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

ပရဟိတလူငယ်အဖွဲ့များ ရန်ကုန်မြို့တွင် ငလျင်ဘေးအတွက် ဧပြီလ ၈ ရက်က အလှူငွေကောက်ခံစဉ်။(RFA)

Blue Sky ပရဟိတအဖွဲ့ကလည်း သူတို့ ခွင့်ပြုချက်တောင်းပြီး အလှူငွေကောက်ခံတာလို့ ပြောပြပါတယ်။ ရလာတဲ့ အလှူငွေတွေကို အလှူရှင်တွေအရောက်အပေါက်နည်းတဲ့ ဒေသတွေကိုလှူဒါန်းမယ်လို့ Blue Sky အဖွဲ့ဝင် ကိုကောင်းစည်သူက ပြောပါတယ်။

“ကျွန်တော်တို့ ကကျတော့ အလှူငွေ ကောက်တဲ့အဖွဲ့ပေါ့။ မြေပြင်ဆင်းတဲ့အဖွဲ့လည်း ရှိတယ်ဗျ။ ကျွန်တော်တို့ လှူမှာကတော့ မြို့တွေမှာ ဒေသခံတွေနဲ့ ချိတ်ပြီးလှူမှာ။ ပိုမိုထိရောက်ဖို့အတွက် ကျွန်တော်တို့ လှူမှာဖြစ်တယ်။ နောက်ပြီးတော့ စစ်ကိုင်းမှာလည်း ကျွန်တော်တို့ သေချာ ချိတ်မိတယ်ဆိုရင် စစ်ကိုင်းကိုလည်း သွားလှူဖို့ အစီအစဉ်ရှိတယ်”

ပရဟိတအဖွဲ့တွေဟာ ငလျင်ဘေးအတွက် ရန်ကုန်မြို့က လမ်းဆုံလမ်းခွတွေ၊ စျေးဝယ်စင်တာတွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ နေ့စဉ်အလှူခံနေကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က  တင်းကျပ်လာတာကြောင့် ငလျင်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးရတယ်လို့ ပရဟိတအဖွဲ့တချို့က ထောက်ပြပါတယ်။


ဆက်နွှယ်သောသတင်းများ

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ငလျင်ဘေး ကူညီရေးအဖွဲ့အချို့ လုပ်ငန်းရပ်ဆိုင်းရနိုင်

ကုလသမဂ္ဂက မြန်မာ့ငလျင်အတွက် ဒေါ်လာသန်းတစ်ရာကျော် သုံးစွဲ ကူညီမည်

ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ခွင့်ပြုချက်တောင်းခံရမယ်လို့ ဒုစစ်ခေါင်းဆောင်ပြော


ဘာကြောင့် အခုလိုတင်းကျပ်ထားသလဲဆိုတာ သိနိုင်ဖို့  စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၃၆၀၀ ကျော်သေဆုံးပြီး ၅၀၀၀ ကျော် ဒဏ်ရာရရှိထားပါတယ်။

ဒီအပြင် လူကိုးသန်းကျော် ငလျင်ဒဏ်ကို အပြင်းအထန်ခံစားနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org