ကချင်မှာ မူးယစ်ဆေး သုံးစွဲရောင်းချမှု သိသိသာသာမြင့်တက်နေ
မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်က မြို့နယ်တွေမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူတွေ သိသိသာသာ ပိုများလာပါတယ်။
- 2022-05-25
-
-
-
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ CCDAC Myanmar ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ မတ်လအတွင်း ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု ၁၁ မှုနဲ့ အတူ ကျပ်သိန်းပေါင်း ကိုးထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ ပျမ်းမျှအားဖြင့် အမျိုးသား အယောက် ၁၀၀ မှာ အနည်းဆုံး အယောက် ၄၀ လောက်က မူးယစ်ဆေးဝါး သုံးစွဲ နေကြတယ်လို့ ဒေသအခြေစိုက် မူးယစ်ဆေးဝါး တားဆီးရေး လှုပ်ရှားသူတွေက ပြောပါတယ်။ မြစ်ကြီးနားခရိုင်က ဒေသခံတစ်ဦးကတော့ သူနေတဲ့ရွာမှာ မူးယစ်ဆေး သုံးစွဲသူတွေ အရင်ကထက် နှစ်ဆလောက် ပိုများလာတယ်လို့ ပြောပါတယ်။
“အာဏာသိမ်းပြီးနောက်တော့ မြစ်ကြီးနားမှာက မူးယစ်ဆေးဝါးက အရင်ကထက်တော့ ပိုပြီးတော့ များလာတာပေါ့နော်၊ ကျနော်တို့ ရွာတွေမှာဆိုရင်တော့ အခုက နှစ်ဆ၊ သုံးဆလောက် ပိုများတဲ့ အခြေအနေတွေ ရှိတယ်။ အဲဒါက ဘာလို့ပြောနိုင်လဲ ဆိုရင်တော့ ဒီလဆန်းပိုင်းပေါ့နော်၊ တစ်ခေါက် ကျနော်တို့ ပတ်ဂျဆန်တွေနဲ့ သွားဖမ်းတဲ့အချိန်မှာ အဲမှာသွားကြည့်လိုက်တော့ ရွာကလူတွေက တော်တော်လည်း ပါနေတဲ့ဟာ တွေ့ရတာပေါ့နော်”
လုံခြုံရေး အခြေအနေအရ သူတို့ ရွာရဲ့အမည်ကို ထုတ်မပြောပါဘူး။ စစ်တပ် အာဏာ သိမ်းပြီးတဲ့နောက်မှာ လူငယ်တွေက အလုပ်လက်မဲ့ ပိုများလာပြီး ဘေးထွက်ဆိုးကျိုး အနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုများလာတာလို့ မိုးညှင်းမြို့ခံတစ်ဦးက ပြောပါတယ်။
“နိုင်ငံအခြေအနေ အခုလိုဖြစ်နေရင်တော့ ပိုဆိုးလာဖို့ပဲ ရှိတာပေါ့။ တရားဥပဒေ မရှိတဲ့အခါကျတော့ ပိုပြီးတော့ အခြေအနေ ဆိုးလာတယ်။ လွယ်လွယ်နဲ့ရနေတဲ့ အခါကျတော့ လူငယ်တွေက စူးစမ်းချင်တယ်၊ လေ့လာချင်တယ်၊ နောက်ဆုံးတော့ အလုပ်ကလည်းမရှိ၊ ကျောင်းတက်ဖို့ကလည်း မရှိ၊ အလုပ်အကိုင် မရှိဆိုတော့ သူတို့ လူငယ်တွေကတော့ အဲအခြေအနေ ရောက်သွားတယ်လို့ မြင်တယ်”
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ မြစ်ကြီးနားမြို့ လူထုအခြေပြုအဖွဲ့က တာဝန်ရှိသူတစ်ဦးကလည်း အခုနောက်ပိုင်း မြို့ပြရော၊ ကျေးလက်မှာပါ ဥပဒေစိုးမိုးမှု မရှိတော့တဲ့အတွက် မူးယစ်ဆေးဝါးတားဆီးရေး လက်တွေ့လုပ်ဖို့ ခက်လာတယ်လို့ ပြောပါတယ်။
“အခုကတော့ မြစ်ကြီးနား အတိုင်းအတာက တော်တော်ကို များသွားပြီ။ ကချင်ပြည်နယ် ထဲမှာ လက်လှမ်းမီသလောက်ဆိုရင် မူးယစ်ဆေးဝါးက တော်တော်ကို ပျံ့နှံ့သွားပြီ။ များသွားပြီ။ ထိန်းချုပ်လို့တောင် တော်တော်လေး ပြန်ခက်မှာ။ အခုလောလောဆယ်က အရင်တုန်းကလို လူထုလုပ်ရှားမှုထဲမှာ တော်တော်လေး အားနည်းသွားတာပေါ့နော်။ ဘာဖြစ်လို့ဆိုတော့ ဟို သွားလာရတဲ့အခက်အခဲတွေ အများကြီးရှိသွားတာလေ၊။ ဟိုလိုမျိုး ယုန်ထင်ကြောင်ထင် ဟိုဟာလိုလို၊ ဒီဟာလိုလို ဖြစ်မှာလည်းစိုးရိမ်တယ်။ နောက် ဒီလက်တွဲဖို့ အတိုင်းအတာ တွေကလည်း အခက်အခဲတွေ အများကြီးရှိတယ်”
မြစ်ကြီးနားမြို့ပေါ်မှာဆိုရင် ရမ်ပူ၊ ဇီးလွန်၊ စီတာပူ၊ မိန်ခိန်၊ တပ်ကုန်း၊ အေးမြသာယာ၊ ပမ္မဒီး အဲဒီရပ်ကွက်တွေက မူးယစ်ဆေးဝါး သုံးစွဲသူအများဆုံးလို့ ပြောပါတယ်။ အခုနောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးတွေပါ မူးယစ်ဆေးသုံးစွဲလာပြီး အများစုက ဘိန်းဖြူအထိုးများတယ်လို့ သူက ဆက်ပြောပါတယ်။ နောက်ထပ် အကျိုးဆက် တစ်ခုအနေနဲ့ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေလည်း ပိုများလာတယ်လို့ ဆိုပါတယ်။
အရင်ကဆိုရင် မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ် နေရာအနှံ့မှာ လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ဖွဲ့ထားပြီး မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်သူတွေကို ရွာတွေအထိ လိုက်လံဖမ်းဆီးပြီး ဘိန်းဖြတ်စခန်းနဲ့ ပြန်လည် ထူထောင်ရေး သင်တန်းကျောင်းတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
"တရားဥပဒေ မရှိတဲ့အခါကျတော့ ပိုပြီးတော့ အခြေအနေ ဆိုးလာတယ်။"
မြစ်ကြီးနားမြို့မှာ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေနဲ့ ပြည်သူလူထု ပူးပေါင်းဖွင့်ထားတဲ့ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပြည်လည်ထူထောင်ရေး သင်တန်းကျောင်း ၃၀ လောက်ရှိပြီး ကျောင်းတစ်ကျောင်းမှာ မူးယစ်ဆေးဖြတ်သူ ၁၀၀ နီးပါး ရှိတယ်လို့လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အရင်က မူးယစ်ဆေးဝါးသုံးစွဲသူ မရှိခဲ့လို့ အဖြူရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ပူတာအိုမြို့မှာလည်း အခုနောက်ပိုင်း မူးယစ်ဆေးဝါး သုံးစွဲသူတွေ များလာတယ်လို့ ပူတာအိုအခြေစိုက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ရွာမှာဆိုတော့ ရွာတိုင်း ရွာတိုင်းက မူးယစ်ဆေးဝါး တအားများသွားတော့၊ အရင် နှစ်လ၊ သုံးလမှာ တော်တော်လေးများသွားတော့ ရွာလူကြီးတွေ၊ ဘာသာရေးဆရာတွေ၊ ရွာ ရပ်မိရပ်ဖတွေ ထိန်းသိမ်းပြီးမှ ဆိုင်ရာဆိုင်ရာတွေနဲ့ သူတို့ ရွာက ခိုးတာ တအား များလို့လေ၊ ဒီမှာက ဘုရားကျောင်းလည်း ကောင်းကောင်း မတက်ရဘူး။ တစ်ယောက်က အိမ်စောင့်နေရတယ်”
ပူတာအိုတစ်မြို့နယ်လုံးမှာ မူးယစ်ဆေးစွဲသူ အယောက် တစ်ထောင်လောက်ရှိနေပြီး အမျိုးသမီးက တစ်ဝက်လောက် ပါဝင်တယ်လို့လည်း သူက ဆိုပါတယ်။
မူးယစ်ဆေးရောင်းဝယ်သူတွေဟာ အိမ်မှာ ဒီတိုင်း ချိတ်ဆက်ရောင်းတာရှိသလို တချို့က ဖုန်းနဲ့ဆက်သွယ်ပြီး လမ်းမမှာ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သူလည်း ရှိတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက မူးယစ်ဆေးဝါး တားဆီးရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သူတို့အစိုးရအနေနဲ့ အဆက်မပြတ် လုပ်ပေးနေတယ်လို့ ပြောပါတယ်။
“မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်က တားဆီးရေးလုပ်နေတဲ့ လုပ်ငန်းတွေရှိတယ်။ ကျနော်တို့ မူးယစ်တို့ ဘာတို့ဆို အဓိက ဒါပဲ။ မသုံးအောင် လုပ်တယ်၊ လိုက်ပြီးတော့ ဖမ်းတယ်၊ အရေးယူတယ်။ ဒါတွေ လုပ်တာတစ်ပိုင်း၊ နောက်ပြီးတော့ သုံးမိသွားတဲ့ လူတွေကိုလည်း ကျနော်တို့ ပညာပေးပြီးတော့ နောက်ပိုင်း ဆက်မသုံးအောင်ပေါ့ဗျာ၊ သင်တန်းတွေဖွင့်တယ်၊ ဘိန်းဖြတ်တဲ့စခန်းတွေ ဖွင့်တယ်။ အဲဒါတွေ တောက်လျှောက် လုပ်ပေးခဲ့တာ။ အစိုးရအနေနဲ့ နောက်ကနေ တောက်လျှောက် လုပ်ပေးခဲ့တယ်”
မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူငယ်သင်တန်းကျောင်း ဖွင့်လှစ်ထားတဲ့ ဆရာတန်ရော် ကတော့ အာဏာသိမ်းနောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ကချင်ပြည်နယ်မှာ လူငယ်အများစု ပျက်စီးသွားတာမို့ တိုင်းပြည်အခြေအနေ ပြန်ကောင်းလာရင်တောင် လူသားအရင်းအမြစ်ကို ပြန်တည်ဆောက်ဖို့ မလွယ်တော့ဘူးလို့ ပြောပါတယ်။
“ဒီမူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့ဘက်ကိုလည်း အာဏာပိုင်တွေက အဲလောက် ခေါင်းထဲ မထည့်နိုင်ဘူး။ အဲဒါကြောင့်လည်း ပိုဆိုးလာတာပေါ့။ နောက်ဆက်တွဲ ခိုးဆိုးလုယက်တွေလည်း ပိုဆိုးလာတယ်။ အဓိက ကတော့ ကျနော်တို့မျိုးဆက်၊ ကျနော်တို့နိုင်ငံ ပြောင်းလဲသွားရင် တောင်မှ နာလန်ပြန်ထူဖို့ အတွက်ကတော့ အရမ်း ခက်သွားမယ်လို့မြင်တယ်။ ကျနော့်အနေနဲ့ မြင်တယ်။ အဓိက ကတော့ နိုင်ငံအတွက် တန်ဖိုးရှိတဲ့ လူ့အရင်းအမြစ်တွေက အရမ်းဆုံးရှုံးသွားပြီ။ သူတို့ စိတ်ဓာတ်ရေးရာကအစ အာလုံး၊ ဒါကြောင့်မို့ ကျနော်တို့နိုင်ငံ ပြန်တည်ထောင်ဖို့ နိုင်ငံရေးတိုးတက် တည်ငြိမ်ရင်တောင် လူသားအရင်းအမြစ် ပြန်တိုးတက်ဖို့ အရမ်း ခက်ခဲသွားမယ်လို့ ကျနော် မြင်တယ်”
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက မြန်မာနိုင်ငံမှာ တရားမဝင် ဘိန်းစိုက်ခင်း ဟက်တာပေါင်း သုံးသောင်းကျော်ရှိခဲ့ပြီး အဲဒီထဲက ဟက်တာ သုံးထောင့်ခြောက်ရာဟာ ကချင်ပြည်နယ်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး UNODC က ၂၀၂၁ ခုနှစ်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။