၂၀၂၀ ခုနှစ်နောက်ပိုင်း ကိုဗစ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပုဂ္ဂလိက သတင်းစာတွေနဲ့ ဂျာနယ်တချို့ လည်ပတ်တာ ရပ်နားသွားသလို သတင်းစိတ်ဝင်စားသူတွေကလည်း လက်ကိုင်ဖုန်းတွေကနေသာ သတင်းတွေကို အကြည့်များလာပါတယ်။ ဒါကြောင့် သတင်းစာ၊ ဂျာနယ်ဝယ်သူ နည်းလာတာကြောင့် သတင်းစာ၊ ဂျာနယ်အရောင်းသမားတွေ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။
“The Voice ဆိုတာ ဂျာနယ်လေ။ 7 Day လည်း ဂျာနယ်၊ သတင်းစာ၊ ဘောလုံး အရမ်းရောင်းရတာ။ အခု ခေတ်ပျက်ထဲက သူတို့လည်း နားသွားပြီ။ အမေကြီးလည်း အိုးပျောက်သွားပြီ။ မဖြစ်မနေလေး ထွက်စားနေတာ။ ဥပမာ သုံးထောင်ရ၊ လေးထောင်ရလေးကို ရှာစားနေတာပေါ့”
သတင်းစာနဲ့ ဂျာနယ်အရောင်းလောကမှာ ဒေါ်မြင့်လို့ လူသိများတဲ့ အသက် ၇၁ နှစ်အရွယ် ဒေါ်လှမြင့်ဟာ နေ့စဥ် စားသောက်စရိတ်ငွေ တစ်သောင်းရဖို့ မလွယ်တော့တာကြောင့် ဝမ်းရေးဖြေရှင်းဖို့ ခက်ခဲနေပါတယ်။
ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် (၇) စျေးအရှေ့က လေးပေခန့်ကျယ်တဲ့ ယာယီတဲမှာ သတင်းစာနဲ့ ဂျာနယ်ရောင်းနေတာ အခုဆိုရင် နှစ်ပေါင်းသုံးဆယ်ရှိပါပြီ။ ပုဂ္ဂလိက သတင်းစာတစ်စောင်ကို ငွေ ၇၀၀၊ ၈ဝဝ နဲ့ရောင်းသလို ဘောလုံးဂျာနယ်တစ်စောင်ကိုတော့ ငွေကျပ် ၁၄၀၀ နဲ့ ရောင်းပါတယ်။
"အရင်ကတော့ သတင်းစာ ရောင်းတဲ့ဝင်ငွေနဲ့ သူ့မိသားစု စားဝတ်နေရေး ပြေလည်ပါတယ်"
သူ့မှာ သမီးနှစ်ဦးနဲ့ မြေးသုံးဦးရှိပြီး အရင်ကတော့ သတင်းစာ ရောင်းတဲ့ဝင်ငွေနဲ့ သူ့မိသားစု စားဝတ်နေရေး ပြေလည်ပါတယ်။ အရင်ကာလတွေတုန်းက လည်ပတ်နေတဲ့ သတင်းစာနဲ့ ဂျာနယ်တိုက်တွေ များသလို နေ့စဥ်ထုတ် သတင်းစာတစ်စောင်ကို အစောင်ရေ တစ်ရာကျော်အထိ ရောင်းရလို့ ဒေါ်လှမြင့်အတွက် အမြတ်ထက်ဝက်ကျော် ကျန်ပါတယ်။
“စျေးတွေက များတဲ့အခါကျတော့ လူတွေက သိပ်မဝယ်ကြဘူးပေါ့သားရယ်။ အစောင် ငါးဆယ်ခြောက်ဆယ်က အစောင်နှစ်ဆယ်ပဲ ရှိတယ်။ အစောင်ရေက အဲဒီလို။ အရင်တုန်းက စံတော်ချိန် စထွက်တဲ့ ၂၅၀-၃၀၀ တုန်းက အစောင်ရေ ၁၅၀ လောက် ကုန်တယ်။ အခုတော့ တစ်စောင်ကို ခုနစ်ရာဆိုတော့ အစောင်ရေ နှစ်ဆယ်ပဲ ကုန်တယ်။ Daily က Daily လည်း တစ်ရာပဲမြတ်တယ်။ ရှစ်ရာကို။ သူကလည်း ဆယ်စောင်ပဲ ကုန်တယ်”
ဒါပေမဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်း ရောင်းအားကျသွားပြီး အမြတ်လည်း မကျန်တော့ဘူးလို့ ဒေါ်လှမြင့်က ပြောပါတယ်။
"သတင်းစာနဲ့ ဂျာနယ်ရောင်းသူတွေ ရပ်ကွက်တိုင်းလိုလိုမှာ ရှိပေမဲ့ အခုတော့ မရှိသလောက် နည်းလာပါတယ်"
အသက် ၇၂ နှစ်အရွယ် ဦးထွန်းဝေကတော့ ဒေါ်လှမြင့်ဆီမှာ နေ့စဥ် သတင်းစာတွေ ဝယ်ယူဖတ်ရှုလေ့ရှိသူပါ။ အခုတော့ သတင်းစာတွေ စျေးတက်လာသလို သတင်းတွေလည်း နည်းလာလို့ ဦးထွန်းဝေလည်း အရင်လို မဝယ်ဖြစ်တော့ပါဘူး။
“ခုနစ်ရာလေ။ ပထမ နှစ်ရာ၊ သုံးရာလောက်ကနေ နှစ်ဆလောက် တက်သွားတယ်။ သတင်းထူးလို့ ဖတ်တာ။ ဟုတ်တယ် မဟုတ်လား။ သတင်းထူးလို့ အခုသတင်းက ဒီသတင်းတွေ ပြန်ပါလာတော့ နည်းနည်းဖတ်ချင်စိတ်က ဟိုဟာဖြစ်တယ်”
ဒေါ်လှမြင့်ဟာ သတင်းစာ၊ ဂျာနယ်ရောင်းရင်း အမြတ်ရဖို့ ရုန်းကန်နေတဲ့ကြားက အရင်းတောင် မရှိတော့တာကြောင့် ငွေကျပ် ဆယ်သိန်းဝန်းကျင်ကို နေ့တိုးနဲ့ချေးငှားပြီး ရောင်းချနေတာပါ။ အကြွေးတွေကျေဖို့ ကြိုးစားနေရင်းနဲ့ပဲ အမြတ်မရတဲ့နေ့တွေကိုလည်း ဒေါ်လှမြင့် ကြုံနေရဆဲပါ။
“စံတော်ချိန်ကတော့ ပိုရောင်းရတယ်ပေါ့။ အစောင်နှစ်ဆယ်ကုန်တော့။ Daily ကျတော့ ဆယ်စောင်ပဲ ကုန်တာပေါ့။ ကုန်ချင်မှ ကုန်တယ်။ မကုန်ချင် မကုန်ဘူး အဲဒီလိုတွေ။ မိုးရွာရင် ပိုဆိုးတာပေါ့။ လူ ထွက်မလာတော့ဘူး။ ရွာရင် ရွာသလောက် ထွက်မလာတော့ အမြတ်မရှိဘူးပေါ့။ အဲဒီနေ့ကတော့”

မြန်မာနိုင်ငံမှာ သတင်းတွေ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် မရှိတော့သလို ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေပါ ထိန်းချုပ်ခံလာရတာကြောင့် ပြည်တွင်းက သတင်းစာနဲ့ဂျာနယ်တွေကို လူတွေ စိတ်ဝင်စားမှု ကျသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
“စစ်တပ်က အုပ်စိုးတဲ့ အချိန်တိုင်း အချိန်တိုင်း သူတို့က အမြဲတမ်း မီဒီယာတွေရဲ့ လွတ်လပ်ခွင့်တွေ၊ သတင်း ရယူပိုင်ခွင့်တွေ အကုန်လုံးကို ထိန်းချုပ်တယ်။ အဲဒီလို ထိန်းချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ပြည်သူတွေရဲ့ သတင်းရရှိပိုင်ခွင့်ကလည်း ကျသွားတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေ အဲဒါတွေကို သူတို့ စိတ်မဝင်စားတော့ဘူးပေါ့နော်”
ဆက်နွှယ်သောသတင်းများ
[ အဆိုးရွားဆုံး ပစ်မှတ်ထားဖိနှိပ်မှုနဲ့ ရင်ဆိုင်နေရကြောင်း မြန်မာသတင်းသမားတွေပြောOpens in new window ]
[ သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ မြန်မာ ပါဝင်နေOpens in new window ]
[ မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ သတင်းလောကစိန်ခေါ်မှုများOpens in new window ]
ရန်ကုန်မြို့မှာ အရင်ကတော့ သတင်းစာနဲ့ ဂျာနယ်ရောင်းသူတွေ ရပ်ကွက်တိုင်းလိုလိုမှာ ရှိပေမဲ့ အခုတော့ မရှိသလောက် နည်းလာပါတယ်။ သတင်းစာ၊ ဂျာနယ်ဝယ်ဖတ်သူ နည်းလာတာနဲ့ စာစောင်စျေးတွေ တက်လာတာကြောင့် ဝယ်ဖတ်သူ နည်းလာတဲ့အတွက် တဖြည်းဖြည်းနဲ့ အရောင်းရပ်နားသွားကြတာလို့ သတင်းစာ ရောင်းချသူတွေက ပြောကြပါတယ်။