ဧရာဝတီတိုင်းမှာ ကမ်းပါးပြိုလို့ ဒေသခံ ရာပေါင်းများစွာ အခက်အခဲဖြစ်နေ
ဧရာဝတီတိုင်းက မြို့နယ် ရှစ်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အခုအောက်တိုဘာလထဲ မြစ်ကမ်းပါးပြိုလို့ အိမ်ခြေရာနဲ့ချီပြီး အရေးပေါ် ပြောင်းရွှေ့ရတဲ့အတွက် ဒေသခံ ရာပေါင်းများစွာ စားဝတ်နေရေး ခက်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
-
RFA Burmese
2023-10-31 -
-
-
ဧရာဝတီတိုင်းက မြို့နယ် ရှစ်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အခုအောက်တိုဘာလထဲ မြစ်ကမ်းပါးပြိုလို့ အိမ်ခြေရာနဲ့ချီပြီး အရေးပေါ် ပြောင်းရွှေ့ရတဲ့အတွက် ဒေသခံ ရာပေါင်းများစွာ စားဝတ်နေရေး ခက်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။ မအူပင်၊ ပန်းတနော်၊ ဇလွန်၊ ဟင်္သာတ၊ အင်္ဂပူနဲ့ လပွတ္တာမြို့နယ် အပါအဝင် ရှစ်မြို့နယ်က ရွာတွေမှာ ဖြစ်ခဲ့တာပါ။
အဲဒီဒေသမှာ အိမ် ၂၉၀ နီးပါး အရေးပေါ် ပြောင်းထားရတယ်လို့ နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနက အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက RFA ကို အတည်ပြုပါတယ်။ အခက်အခဲဖြစ်ရတဲ့ လူဦးရေက တစ်သောင်းကျော်လောက် ရှိတယ်လို့လည်း ဆိုပါတယ်။
“မကြာခဏ ကမ်းပါးပြိုတဲ့အတွက် အိမ်တွေလည်း အကြိမ်ကြိမ် ပြောင်းနေရတယ်”
ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုမှာ အိမ်ခြေနှစ်ရာကျော် အရေးပေါ် ပြောင်းရွှေ့ထားရတယ်လို့ ငှက်ပျောတောရွာ ရာအိမ်မှူး ဦးဉာဏ်ထွန်းက ပြောပါတယ်။
“ပြီးခဲ့တဲ့လ ၁၀ ရက်ပိုင်းလောက်က အပြီးတင်ထားတဲ့စာရင်းက ၂၂၆ လုံး။ ၂၂၆ လုံး တင်ထားတယ်။ တင်ထားပြီးတော့မှ အခုရက်ထဲမှာဆိုရင် ဖောင်ဆိပ်ဆိုရင် မနည်းတော့ဘူး။ ငါးဆယ်ပတ်ဝန်းကျင် ပြန်ဖြစ်သွားပြီ။ ရွာပျောက်ပြီး အိမ်ခြေပါသွားတာဆိုရင်တော့ အနည်းဆုံး ၁၃၀ ရှိမယ်။ မြေနေရာပါသွားတာ။ ဒါအိမ်ခြေ။ မြေနေရာပါသွားတာ ၁၃၀ လောက်ရှိတယ်။ ဒီခြံရာတစ်ကွက်ကို ပေ ၄၀ ပေ ၆၀ တစ်ကွက်ကို ငါးသိန်းလောက် ကျမယ်ဆိုလည်း မဝယ်နိုင်ဘူး”
ဦးဉာဏ်ထွန်းမှာ မိသားစုဝင် ငါးယောက်ရှိပြီး သူကိုယ်တိုင်လည်း ကမ်းပါးပြိုတဲ့ဒဏ်ကြောင့် ယာယီတဲနဲ့ နေရပါတယ်။ အဲဒီရွာတွေမှာ ၂၀၀၁ ခုနှစ်ကစပြီး မကြာခဏ ကမ်းပါးပြိုတဲ့အတွက် အိမ်တွေလည်း အကြိမ်ကြိမ် ပြောင်းနေရတယ်လို့ ဆိုပါတယ်။
ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုထဲက ငှက်ပျောတော၊ တာငုတ်၊ မကျီးတောနဲ့ ဖောင်ဆိပ်ရွာက အိမ်တွေ ရာနဲ့ချီ ပြောင်းရတာလို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီလူတွေဟာ ကမ်းပြိုတဲ့နေရာကနေ အနည်းဆုံး ပေ ငါးရာလောက်ဝေးတဲ့ ရေကာတာဘေးမှာ ယာယီ တဲထိုးပြီးနေကြရသလို စားဝတ်နေရေး ခက်ခဲနေကြပါတယ်။ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်ကတော့ ကမ်းပါးပြိုလို့ ပြောင်းရမယ့် ငှက်ပျောတောရွာက အိမ်ခြေ ၅၅ လုံးကို ပေ ၂၀ ပေ ၆၀ မြေနေရာတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုလည်း နေစရာ မြေကွက်တွေ ချပေးဖို့ ဒေသခံတွေက လိုလားနေတာပါ။
တာငုတ်ရွာက သားသမီး လေးယောက်အဖေ အသက် ၄၄ နှစ်အရွယ် ကိုလှိုင်မျိုးထွန်းရဲ့အိမ်လည်း အောက်တိုဘာလ ၄ ရက်နေ့ ည ၁၂ နာရီလောက်က မြစ်ကမ်းပါး ပြိုကျတဲ့အထဲ ပါသွားလို့ အိမ်နဲ့ ပစ္စည်းအားလုံး ဆုံးရှုံးသွားပါတယ်။ သူ့အိမ်ကို အသစ်ဆောက်ထားတာ နှစ်လပဲရှိသေးတဲ့အတွက် ဘဝပျက်သလို ခံစားရတယ်လို့ ပြောပါတယ်။
“အိမ်ပေါ်မှာ နှစ်လလောက်တော့ နေလိုက်ရတယ်။ အော် ဒီတစ်မိုးတော့ နေရမလား ဆိုတဲ့အမြင်မျိုးနဲ့ ကိုယ်ကနေတာ။ အဲဒီနေ့ညက သမီးက စာကျက်နေတော့ ညဆယ့်တစ်နာရီ ဆယ့်ငါးလောက်မှာ ဝေါဆို ပထမတစ်လုံးကြားလို့ ထလည်းကြည့်ရော ကမ်းက ပြိုသွားတယ်။ ပြိုသွားတာနဲ့ ကြည့်ရင်းနဲ့ နောက်ဆုတ်ပြေးလာတာ သုံးလုံးပဲ ပြိုလိုက်ရတယ်။ အိမ်ပါသွားတယ်။ ဘာမှမရဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ဆင်းခဲ့ရတယ်။ အဲဒီအချိန်မှာ ကိုကြီးက အရူးကြီးလိုဖြစ်ပြီး ယောက်ျားကြီးတန်မဲ့ ငိုတောင်ငိုတယ်။ မရှက်ပါဘူး”
ငှက်ပျောတော ရွာဇာတိတစ်ယောက်ဖြစ်တဲ့ အသက် ၇၀ အရွယ် ဦးမြအုန်းကလည်း သူ့ဘဝမှာ ကမ်းပြိုလို့ အိမ်ပြောင်းရတာ ခုနစ်ကြိမ်ရှိခဲ့ပါပြီ။
“အဲဒီလိုဖျက်ပြီးပြေးရတာ ခုနစ်ခါရှိပြီ။ အိမ်ကြီးကနေ အိမ်လေးပေါ့။ အိမ်လေးကနေ တဲပုတ်ပေါ့။ ဒါပဲရှိတယ်။ နှစ်နှစ် သုံးနှစ်ရှိပြီ။ ပြေးရလွှားရတာ။ တို့ရွာတွေဆို ဟိုဘက်ကမ်း ကျန်ရစ်ခဲ့ပြီ”
ခင်ပွန်းနဲ့သား ဆုံးပြီးတဲ့နောက်ပိုင်း ဘဝကိုတစ်ယောက်တည်း ရုန်းကန်နေရတဲ့ ငှက်ပျောတောဇာတိ အသက် ၆၀ အရွယ် ဒေါ်ထားထားအေးက အခုနှစ်ထဲမှာ လေးကြိမ်ဆက်တိုက် အိမ်ပြောင်းခဲ့ရတဲ့အတွက် အတော် စိတ်ထိခိုက်နေပါတယ်။
“အခုလိုခံစားနေရတဲ့ လောကကြီးမှာဆိုရင် သေသွားတာမှ အဘွားတို့ဘဝမှာ ကောင်းသေးတယ်လို့။ အဲဒီလို ယူဆတယ်။ ကောင်းကောင်းမွန်မွန်ကို နေမှမနေရတာ။ ဒီနေရာ ပြောင်းလည်း ကောင်းကောင်းမွန်မွန် မနေရဘူး။ အခုလည်း ဒီနေရာမှာ နေရပေမယ့်လည်း ညဘက် အဘွားကြီးတို့ မအိပ်ရဘူး။ အဘွားကြီးတို့ မအိပ်ရဘူးဆိုတာက ဝဲကိုက်တာနဲ့တစ်ပြိုင်နက် အဘွားကြီးတို့ အတင်းဆွဲ၊ အတင်းဖျက်ရတာ”
အသက် ၆၇ နှစ်အရွယ် ဦးမြင့်ဆွေကတော့ တာငုတ်ရွာဇာတိဖြစ်ပြီး မိသားစုလေးယောက်ရှိပါတယ်။ သူကတော့ အိမ် လေးကြိမ်ပြောင်းရွှေ့ခဲ့ရသလို သူပိုင်တဲ့ ကိုင်းဧက ၄၀ ကျော်ဟာ ဧရာဝတီမြစ်ထဲ ပါသွားတာကြောင့် လက်လုပ်လက်စားဘဝ ရောက်သွားတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အိပ်ပျက် ကျေးရွာအုပ်စုထဲက မြေဧက ၁၆၀ လောက် ကမ်းပြိုတဲ့အထဲ ပါဝင်သွားသလို ပဲခူးတိုင်းဘက်အခြမ်းမှာ သောင်ထွန်းနေတဲ့အတွက် ရေကြောင်း လွှဲပေးစေချင်တယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။
“ဧရာဝတီတိုင်းက အစားခံပြီးတော့ ပဲခူးတိုင်းမှာကြီးပဲ။ အခု ဧက ၁၈,၄၀၀ လောက်ရှိတယ်လို့ မနေ့ကတော့ လှမ်းမေးတာ လှမ်းပြောတယ်။ သူတို့က အဲဒီမှာပေါ်သွားတဲ့ ဧကပေါင်း က။ အခုလိုလားတာတော့ ဒီဧရာဝတီမြစ်ကို ခုနတုန်းကတော့ ကမ်းလွှဲဖို့ပဲ ပြည်သူတွေက ဒါပဲ လိုလားတော့တာပေါ့”
ကမ်းပါးပြိုလို့ အိမ်ရွှေ့ထားရတဲ့ ငှက်ပျောတောရွာက အသက် ၄၂ နှစ်အရွယ် ကိုကုလားကလည်း သူ အပါအဝင် အိမ်ရွှေ့ထားရတဲ့သူတွေ သောက်သုံးရေ ရှားလို့ အဝီစိရေတွင်း လိုအပ်နေသလို၊ စားစရာနဲ့ အိမ်သာဆောက်ဖို့ အခက်အခဲ ရှိနေတယ်လို့ ပြောပါတယ်။
“ငါတို့တွေအခု လူလို သူလို မနေရဘူး။ မိုးတွင်းဘက်ဆို အခု ကလေးလူကြီး အကုန်လုံး ဒုက္ခရောက်တာ။ ကဲ အခုနေတဲ့နေရာတွေ အိမ်သာ အဆောက်မခံဘူးကွာ။ ရေအတူး မခံဘူး။ ကဲ အခုတစ်လကျော် ရောက်နေပြီ။ ကလေးတွေဆို ဆီးချုပ် ဝမ်းချုပ်တောင် လိုက်နေပြီ။ ညဘက် အချိန်မရှိကွာ ဟိုဘက် တာကြီးကျော်ချပြီးတော့ မြွေပါးကင်းပါးတွေနဲ့ အခက်အခဲတွေ အဲဒီလိုကြီးတွေ ကြုံတယ်”
ကမ်းပါးပြိုလို့ ထိခိုက်နစ်နာရတဲ့ အိမ် ၂၉၀ ဝန်းကျင်အတွက် ဆန်နဲ့ရိက္ခာ စုစုပေါင်း ကျပ်သိန်း ၃၂၀ ဖိုးလောက် ထောက်ပံ့ခဲ့တယ်လို့ နေပြည်တော် လူကယ်ပြန်ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန အရာရှိက RFA ကို ပြောပါတယ်။
ဒါပေမဲ့ မြစ်ကမ်းပါးပြိုလို့ အရေးပေါ် ပြောင်းခဲ့ရတဲ့သူတွေဟာ အမိုးအကာ မလုံခြုံတဲ့ ယာယီအိမ်တွေမှာ ခိုလှုံရင်း နေစရာမြေ မရှိတော့သလို စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပြီး ကျန်းမာရေး ပြဿနာတွေလည်း ရင်ဆိုင်နေရပါတယ်။