မိုင်းအန္တရာယ်ကြား ရုန်းကန်နေရတဲ့ ချင်းတောင်ပေါ်က မိသားစု
2023.11.29

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ကလေး - တီးတိန် ကားလမ်းမကြီးဘေး ထေးဇန်ရွာထဲက နာတန်ဆိုတဲ့ နေရာလေးမှာ ဦးခိုင်ဇဒါလ်တို့ မိသားစု အပါအဝင် အိမ်ခြေ သုံးအိမ်လောက် နေကြပါတယ်။
သူတို့ဟာ တောတောင်တွေထဲမှာ ထင်းခုတ်ရောင်းချပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရတဲ့သူတွေ ဖြစ်ပါတယ်။
"အရင်တုန်းက အသားစားချင်းရင် တောထဲကိုသွားပြီး သားကောင်ရှာလို့ရတယ်၊ အခုတော့ မိုင်းတွေရှိတော့ မသွားရဲတော့ဘူး”
ဦးခိုင်ဇဒါလ်တို့မှာ သားသမီး လေးယောက် အပါအဝင် မိသားစုဝင် ခြောက်ယောက်ရှိပြီး၊ တစ်မိသားစု လုံးစားဝတ်နေရေးအတွက် ခုတ်ထစ်ရောင်းချနေတာပါ။
စစ်ကောင်စီတပ်တွေလာတဲ့အခါ အဲဒီရွာနားမှာ စခန်းချတတ်သလို အနီးအနားမှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ထားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါပေမဲ့ စားဝတ်နေရေး အဆင်ပြေဖို့အတွက် မိုင်းအန္တရာယ်ကြားပဲ ထင်းခုတ်နေရတယ်လို့ ဦးခိုင်ဇဒါလ် က ပြောပါတယ်။
“အခုလောလောဆယ်တော့ တောင်ယာလည်း မလုပ်နိုင်တော့ တောထဲမှာ ထင်းရှာတယ်။ နှစ်ရက်မှ ထင်းတစ်တန်ရတယ်။ ထင်းကောင်းတဲ့ဟာဆိုရင် တစ်တန်ကို လေးသောင်း ကျပ်ရတယ်။ ထင်းရှာတာက ကားတစ်စီးစာလောက်ရပြီဆိုရင် ကလေးတို့ဘက်မှာ ရောင်းတယ်။ အမြဲတမ်းလည်း ရောင်းလို့မရဘူး။ အခုတောင်မှ သိပ်မရောင်းရနိုင် သေးဘူး။ ထင်းရှာတဲ့အခါမှာလည်း မိုင်းတွေရှိတော့ လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ အရင်တုန်းက အသားစားချင်းရင် တောထဲကိုသွားပြီး သားကောင်ရှာလို့ရတယ်၊ အခုတော့ မိုင်းတွေရှိတော့ မသွားရဲတော့ဘူး”
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ချင်း ဒေသ ကာကွယ်ရေးအဖွဲ့ရဲ့ တိုက်ပွဲတွေကြောင့် ဦးခိုင်ဇဒါလ်တို့ မိသားစုဟာ အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီမှာ ဘာသာစကား အခက်အခဲရှိပြီး အလုပ်အကိုင်မရှိလို့ ထေးဇန်ရွာကို ပြန်ရောက်တာ နှစ်လလောက်ပဲ ရှိသေးတယ်လို့ ဦးခိုင်ဇဒါလ်ရဲ့ ဇနီး ဒေါ်ကျန်ဆော့ကျိန်က ပြောပါတယ်။
ကုန်စျေးနှုန်းကြီးလာလို့လည်း ထင်းခုတ်ပြီးရောင်းလို့ရတဲ့ ဝင်ငွေနဲ့ ဦးခိုင်ဇဒါလ်တို့ မိသားစု စားသောက်ဖို့ မလောက်ဘူးလို့ ပြောပါတယ်။
ဒါကြောင့် ကလေးမွေးခါနီးအထိ တောထဲမှာ မိသားစုနဲ့အတူ ထင်းခုတ်ပြီးဝင်ငွေရှာရသလို၊ အခုတော့ မွေးကင်းစ နှစ်ပတ်သားကလေးငယ်နဲ့အတူ အိမ်မှာပဲနေရတယ်လို့ ဒေါ်ကျန်ဆော့ကျိန်က ပြောပါတယ်။
“စစ်သားဆိုတဲ့ အသံကြားတာနဲ့ ပြေးရတာ စစ်သားတွေ ချင်းတောင်ဘက်တက်လာရင် ဘာမှ အလုပ်မလုပ်နိုင်တော့ဘူး။ စားဖို့သောက်ဖို့ မရှိလည်း တောထဲကို ထွက်ပြေး ရတာလည်းရှိတယ်။ အခုဆို ဆန်တစ်အိတ် တစ်သိန်းကျော်တယ်ဆိုတော့ ထင်းရှာတယ်။ ကလေးမမွေးခင်အထိ တောထဲမှာ ထင်းရှာသွားတယ်။ ကလေးမွေးတဲ့နေ့ဆို တောထဲမှာ မပြန်နိုင်တော့လို့ ဆိုင်ကယ်နဲ့ လာကြိုရတယ်။ ထင်းတန်ချိန် ငါးတန်လောက်ရမှ ဆန်တစ်အိပ်ရတာ တခြားအတွက် သားသမီးတွေ လဖက်ရည်သောက်ချင်တာတောင် မကျွေးနိုင်ဘူး။ အဲလိုဖြစ်နေပါတယ်”
ခက်ခက်ခဲခဲရုန်းကန်နေရတာကြောင့် သားသမီးတွေကို ကျောင်းထားချင်ပေမယ့် မထားနိုင်ဘူးလို့ ဦးခိုင်ဇဒါလ်က ပြောပါတယ်။
“သူများတွေလို ကလေးမြို့မှာ သားသမီးတွေ ကျောင်းထားချင်ပေမယ့် ပိုက်ဆံက မတတ်နိုင်တာ။ ညမနက်စာစားဖို့ ဆေးဖိုးဝါးခတွေအတွက်တောင် အနိုင်နိုင်ဆိုတော့ အခု ထင်ရှားသွားရင်ခေါ်တယ်။ သူတို့လည်း ကျောင်းတက်ဖို့က အသက်တွေကြီးလာတော့ ရှက်တတ်လာတယ်။ ကျောင်းဆက်တက် နိုင်တဲ့သူနဲ့ သူတို့က တအားကွာလွန်းတော့လေ။ သူတို့လည်း မတက်ချင်တော့တာ”
နိုင်ငံတစ်ဝန်းမှာ ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် ရွာကိုစွန့်ပြီး နောက်ထပ် ထွက်ပြေးတိမ်းရှောင်ရမှာကို ဦးခိုင်းဇဒါးလ်တို့ မိသားစုက စိုးရိမ်နေကြပါတယ်။