ခရစ္စမတ် အငွေ့အသက် ပျောက်ဆုံးလာတဲ့ Carol Singing

ခရစ်ယာန်ဘာသာဝင်တွေ အထွတ်မြတ်ထားတဲ့ ယေရှုခရစ်တော်ကို ဒီဇင်ဘာလမှာ မွေးဖွားပါတယ်။ ဒါ့ကြောင့် ဒီကာလကို ခရစ္စမတ်ပွဲတော် ကျင်းပကြပါတယ်။ ညဘက်မှာ Carol Singing ခရစ္စမတ်သီချင်းတွေသီဆိုတာ၊ ခရစ္စမတ်သစ်ပင်တွေ မီးအလှဆင်တာနဲ့ လက်ဆောင်ပစ္စည်းပေးကမ်းတာတွေ လုပ်ဆောင်ကြတာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ခရစ္စမတ်ကာလညဘက်မှာ carol singing ခရစ္စမတ်သီချင်းသံတွေ တိတ်ဆိတ်သွားရပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ခရစ်စမတ်ကာလအတွင်း နေ့ဘက်မှာ ကျွန်းပင်သာကချင်နှစ်ခြင်းအသင်းတော်မှ Carol Singing သီဆိုနေကြသူများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။

ခရစ္စမတ်ကာလမှာ မြင်တွေ့ရလေ့ရှိတဲ့ ဒီမြင်ကွင်းဟာ အိမ်တွေကို လှည့်ပြီး Carol Singing ခရစ္စမတ်သီချင်းတွေသီဆိုရင်း ယေရှုခရစ်တော် မွေးဖွားလာတဲ့ သတင်းစကား ဝေမျှတာပါ။

လူသားတွေကို အပြစ်ကနေ ကယ်တင်ပေးဖို့ ဘုရားသားတော် ယေရှုခရစ်တော် မွေးဖွားလာတဲ့အကြောင်းကို ညအချိန်မှာ ကောင်းကင်တမန်တွေက လူတွေကို သတင်းစကား ဝေမျှခဲ့တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ခရစ္စမတ်ကာလရောက်တိုင်း ကောင်းကင်တမန်ကိုယ်စား အိမ်တွေမှာ carol singing ခရစ္စမတ်သီချင်းတွေဆိုရင်း ယေရှုခရစ်တော် မွေးဖွားလာတဲ့ သတင်းစကား ဝေမျှတာပါ။ ခရစ်ယာန်ဘာသာဝင်တွေက ဒီအလေ့အထကို ရှေးနှစ်ပေါင်းများစွာ ကတည်းက ပြုလုပ်ခဲ့ကြတာပါ။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မလုံခြုံမှုတွေ ကြီးစိုးလာချိန်မှာ ဒီအစဉ်အလာကို ဆက်ထိန်းဖို့ အခက်အခဲရှိလာပါတယ်။

"အခုက ညအချိန်က သိပ်သွားလို့ အဆင်မပြေတဲ့အခါကျတော့ နေ့အချိန် လုပ်တာပေါ့"

မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော်ကတော့ ဒီနှစ် ခရစ္စမတ်ကာလမှာ Carol Singing သီဆိုတာကို နေ့ဘက်ပြောင်းပြီး ပြုလုပ်နေရတယ်လို့ အသင်းတော်တာဝန်ခံ သိက္ခာတော်ရ ဆရာတော် ဦးမရန်ရှန်လွမ်က RFA ကို ပြောပါတယ်။

"အခုက ညအချိန်က သိပ်သွားလို့ အဆင်မပြေတဲ့အခါကျတော့ နေ့အချိန် လုပ်တာပေါ့။ ကျနော်တို့ အသင်းတော်က လူငယ်တွေက အသင်းတော်တစ်ခုလုံးကို ကိုယ်စားပြုပြီး သူတို့သွားကြတာ ဖြစ်တယ်။ သူတို့လည်း နေ့ခင်းဘက်သွားတယ်။ ညဘက်ဆိုရင် ကျောင်းသူ၊ ကျောင်းသားလေးတွေလည်း ပါတယ်၊ အမျိုးမျိုးပေါ့နော်။ အဲခါကျတော့ နေ့ခင်းဘက်ကို သတင်းစကားကို ကိုယ်စားပြုပြီးတော့ အသင်းတော်အားလုံးအတွက် ကိုယ်စားပြုပြီး သူတို့ကို လုပ်ခွင့်ပြုထားပေါ့"

ဒါက ခရစ်ယာန်တွေဘာသာဝင်တွေအတွက် အလွန်အရေးပါအလေ့ထတစ်ခုဖြစ်တယ်လို့ သိက္ခာတော်ရဆရာတော် ဦးမရန်ရှန်လွမ်က ရှင်းပြပါတယ်။

အခက်အခဲတွေကြားကပဲ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ယေရှုခရစ်တော် မွေးဖွား လာတာကို သတိရနေဖို့အတွက် carol singing ကို မဖြစ်မနေ လုပ်ဆောင်တာလို့ သူက ဆိုပါတယ်။

"အထူးသဖြင့် အခုခေတ်အခါဆိုရင် ပိုပြီးတော့ လုပ်ကိုင်စားသောက်ရတဲ့ အခက်အခဲ အမျိုးမျိုးပေါ့လေ။ ပြီးတော့ ကမ္ဘာ့ကပ်ရောဂါအမျိုးမျိုးနဲ့ အခက်အခဲတွေက တော်တော် များတယ်။ အဲလိုအချိန်မျိုးမှာ ခရစ္စမတ်လရာသီ ရောက်လို့ရောက်မှန်းတောင်မှ တစ်ခါတစ်လေ သိနေပေမယ့် စိတ်ထဲမှာ ရွှင်လန်းဝမ်းမြောက်ခြင်းတွေက ပျောက်နေ တတ်တယ်ပေါ့လေ။ အဲဒါကြောင့်မို့ carol singing ဆိုတာ သခင်ယေရှု မွေးဖွားလာတဲ့ အချိန်အခါ ရာသီရောက်ပြီ ဆိုတဲ့အကြောင်းကို ပြန်ပြီးတော့ Alert (သတိပေးသည်) လုပ်ရင်းနဲ့ ကယ်တင်ခြင်း အမှုအရာ အတွက်ကို ပြန်ပြီး အင်အားတွေ ရရှိလာဖို့အတွက် carol ကို လုပ်ခြင်းဖြစ်တယ်"

ကျွန်းပင်သာကချင်နှစ်ခြင်းအသင်းတော်က မောင်ဇော်မျိုးရိန်တူးက ခရစ္စမတ်ကာလမှာ carol singing ကို နေ့ဘက်သီဆိုရတာ ပျော်စရာမကောင်းဘူးလို့ ပြောပါတယ်။

"အရင်တုန်းကဆို ကျနော်တို့က ညတွေမှာ သွားဆိုတာပေါ့။ သတင်းကောင်း လိုက်ပါးတယ်ဆိုရင် ကောင်းကင်တမန်တို့ကလည်း လာပြီဆိုတာနဲ့ နေ့ခင်း ကြောင်တောင်တော့ မလာဘူးလေ။ အားလုံး အိပ်စက်နေတဲ့အချိန်မှာ အလန့်တကြား လာခဲ့တဲ့ ကောင်းကင်တမန်ပေါ့။ ကျနော်တို့က ညမထွက်ရဘဲ နေ့ထွက်ရတာပေါ့။ အဲဒါတော့ ကွာသွားတာပေါ့။ နေ့ခင်းကြောင်တောင်ကြီး သွားရင် နေကလည်း ပူတယ်၊ ဖုန်ကလည်းထဦးမှာ၊ ဆောင်ရာသီဆိုတော့ ဖုန်ထမယ်၊ ပြီးရင် ဆိုင်ကယ်တွေလည်း အရမ်းရှုပ်တယ်။ လမ်းသွားလမ်းလာ အရမ်းခက်ခဲတာပေါ့။ အရမ်းကြီး ပျော်တာတော့ မဟုတ်ပါဘူး၊ အရင်နှစ်တွေကတော့ ပိုပျော်တာပေါ့"

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ခရစ်စမတ်ကာလအတွင်း နေ့ဘက်မှာ Carol Singing သီဆိုနေကြသူများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါပေမဲ့ carol singing ခရစ္စမတ်သီချင်းသီဆိုတာကို ညဘက်ရော နေ့ဘက်ပါ မလုပ်ဖြစ်တဲ့ အသင်းတော်တွေလည်း ရှိပါတယ်။

သမ္မာကျမ်းစာအရ ယေရှုခရစ်တော် မွေးဖွားလာတဲ့ ညအချိန်မှာ carol singing မဆိုနိုင် တာကို ဝမ်းနည်းမိတယ်လို့ ကချင်မူရင်းနှစ်ခြင်းအသင်းတော်က မဒိုင်ညွယ်က RFA ကိုပြောပါတယ်။

"သခင်ယေရှု မွေးဖွားတဲ့အချိန် အေးချမ်းတဲ့ည သန်းခေါင်မှာ မွေးဖွားတဲ့အတွက် ခရစ်တော်ရဲ့သတင်းကောင်းကိုလူသား အိမ်သားအယောက်ချင်းစီတိုင်းကို ညမှာ တစ်ခါတည်း အံ့ဩဖွယ် ကောင်းကင်တမန်အနေနဲ့ သွားရောက်ပြီး ပြောပြတဲ့အချိန်မှာ အရမ်းကို အနှစ်သာရရှိပါတယ်။ ဒါပေမဲ့ ဒီလို နေ့ဘက်ကို ပြန်ကူးသွားတဲ့အချိန်မှာ ကိုယ်က နေ့ဘက်ကြီးကွာ၊ ကျမ်းစာနဲ့အညီ မလုပ်နိုင်သွားတဲ့အချိန်မှာ အရမ်းတော့ ဝမ်းနည်းမိပါတယ်"

ခရစ်ယာန်ဘာသာဝင်တွေကတော့ အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်မှာ တည်ငြိမ်မှုပြန်ရဖို့နဲ့ ရိုးရာအစဉ်အလာတွေကို ဓလေ့ထုံးတမ်းနဲ့အညီ ပြန်လုပ်နိုင်ဖို့ ယေရှုခရစ်တော်ထံ ဆုတောင်းနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org