မြန်မာနိုင်ငံမှာ ယွန်းထည်လုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြတဲ့ ပုဂံရှေးဟောင်းဒေသမှာ ကိုဗစ် ၁၉ ကာလနဲ့ စစ်အာဏာသိမ်းမှုအကျိုးဆက်တွေကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်း နေခဲ့တာ အခုဆိုရင် အချိန် သုံးနှစ်ကျော် ရှိနေပါပြီ။
ပုဂံဒေသမှာ ဒီယွန်းထည်လုပ်ငန်းကို မြင်းကပါ၊ ဘွားစော၊ မင်းနန်သူ၊ သူဌေးကံ စတဲ့ ကျေးရွာတွေမှာ အများဆုံး လုပ်ကိုင်ကြတာပါ။ တစ်ပိုင်တစ်နိုင် ပြုလုပ်ကြသူရှိသလို ယွန်းထည်လုပ်ငန်းကြီးတွေမှာဆိုရင် အလုပ်သမား ၅၀ ကျော်လောက်အထိသုံးပြီး လုပ်ကိုင်ခဲ့ကြရတာပါ။ အလုပ်သမားတစ်ဦးစီဟာလည်း တစ်နေ့လုပ်အားခ ခြောက်ထောင်ကျပ်ကနေ တစ်သောင်းကျပ်အထိ ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။
အခုတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက လုပ်ငန်းတွေ တဖြည်းဖြည်း ရပ်ဆိုင်းသွားတာကြောင့် ဒေသခံတွေဟာ ကြုံရာကျပန်းအလုပ်တွေနဲ့ ရုန်းကန်နေကြ ရပါတယ်။
"နိုင်ငံခြားသားဧည့်သည်တွေ မလာတော့ကျ ဒီဘက်က ပုဂံနယ်ကလည်း အခုလို နိုင်ငံခြားဧည့်သည်တွေနဲ့ မှီခိုလုပ်ရတာဆိုတော့ ယွန်းထည်လုပ်ငန်းတွေ ရပ်ဆိုင်းထားသလိုဖြစ်နေတာ"
ယွန်းထည်လုပ်ငန်းကို ၁၅ နှစ်အထိ ဇောက်ချလုပ်ကိုင်ခဲ့တဲ့ ကိုသိန်းဦးကတော့ မိသားစုရပ်တည်ရေးအတွက် နေပူကွင်းပြင်ထဲမှာ ဆိတ်ကျောင်းတဲ့အလုပ်ကို ပြောင်းလဲလုပ်ကိုင်နေရပါတယ်။
"၁၅ နှစ်လောက်ရှိသွားပြီ ယွန်းထည်လုပ်လာတာ။ အဲတုန်းကကျ နိုင်ငံခြားသား ဧည့်သည်နဲ့ဆိုတော့ အကုန် အဆင်ပြေတယ်။ အခုကျ နိုင်ငံခြားသားဧည့်သည်တွေ မလာတော့ကျ ဒီဘက်က ပုဂံနယ်ကလည်း အခုလို နိုင်ငံခြားဧည့်သည်တွေနဲ့ မှီခိုလုပ်ရတာဆိုတော့ ယွန်းထည်လုပ်ငန်းတွေ ရပ်ဆိုင်းထားသလိုဖြစ်နေတာ။ အခက်အခဲတော့ စားဝတ်နေရေးပေါ့။ ဝင်ငွေပေါ့"
"အဲတုန်းကကျ တစ်သောင်းနဲ့ ခုနစ်ထောင်ကြားမှာ ဝင်ငွေရှိတယ်။ အခုလို ဆိတ်ကျောင်းတာကျ လေး၊ ငါးထောင်ကြားမှာပဲ ရှိတယ်။ သုံးထောင်၊ လေးထောင်ပေါ့ အဲလောက်ပဲရတာလေ။ စားဝတ်နေရေးအတွက် တွေ့လေရာအလုပ် အကုန် လျှောက်လုပ်ရတာပေါ့ အလုပ်ကတော့"
မူလယွန်းထည်အလုပ်ကို ပြန်လုပ်ကိုင်နိုင်ဖို့ ခရီးသွားတွေနဲ့ ပြန်စည်ကားလာမယ့်အချိန်ကို ကိုသိန်းဦးက မျှော်လင့်နေပါတယ်။
ယွန်းထည်တစ်ခု ရဖို့အတွက် ဝါးကို လိုအပ်တဲ့ ပုံသဏ္ဌာန်ရအောင် ရစ်ခွေပြီး အဆင့်ဆင့် ပြုလုပ်ကြရတာ ဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ယွန်းထည်တစ်ခုရဖို့ ခြောက်လ ကနေ တစ်နှစ်လောက်အထိ ကြာတတ်ပါတယ်။
ယွန်းအလုပ်မှာ ယွန်းထိုး၊ ယွန်းစင်၊ ယွန်းခွဲ၊ တိုက်လုပ်၊ ဆေးသုတ် စတဲ့ ကဏ္ဍအလိုက် ခွဲထားပြီး အမျိုးသား၊ အမျိုးသမီး စုပေါင်းလုပ်ကိုင်ကြရပါတယ်။ ယွန်းစင်အလုပ်မှာတော့ အမျိုးသားတွေက ယွန်းထည်ပေါ်မှာ အရုပ်အကြမ်းရေးပြီး အမျိုးသမီးတွေက ယွန်းခွဲလို့ ခေါ်တဲ့ အရုပ်ကြမ်းပေါ်မှာ အနုစိတ်ထပ်ဆွဲရပါတယ်။
ယွန်းခွဲသူ တစ်ဦးဖြစ်တဲ့ မသက်သက်လှိုင်ဟာ တစ်ချိန်က တစ်နေ့ဝင်ငွေ ကျပ်ခုနစ်ထောင် ရှိခဲ့သူပါ။ ဒါပေမဲ့ မိသားစု စားဝတ်နေရေးအတွက် အကြော်ရောင်းတဲ့အလုပ်ကို ပြောင်းလဲ လုပ်ခဲ့ရပြီးတဲ့နောက် တစ်နေ့ကို ကျပ်တစ်ထောင်ရဖို့အရေးတောင် သူ့အတွက် ခက်ခဲ လာပါတယ်။
"မိသားစုကလည်း များတဲ့အတွက်က ဒီလုပ်ငန်းက နားလိုက်ရတဲ့အတွက်ကကျတော့ အဆင်မပြေဘူးလေ။ ဝင်ငွေမရှိတဲ့အတွက် အကြော်ဆိုင်လေး ထဖွင့်လိုက်တယ်။ အရင်တုန်းကတော့ နိုင်ငံခြားဧည့်သည်တွေရှိတော့ ကိုယ်တွေမှာ စားဝတ်နေရေး နည်းနည်းပါးပါး အဆင်ပြေတာပေါ့။ အခုနေအချိန်ကျတော့ ဝင်ငွေကမရှိတဲ့အတွက် စားဝတ်နေရေးက ကျပ်တည်းတာပေါ့။ တစ်နေ့ဝင်ငွေဆိုတာ အခုဆို တစ်ထောင်ရဖို့ ဆိုတာတောင် တော်တော်ခဲယဥ်းတယ်လေ။ စားဝတ်နေရေး တော်တော်ကျပ်တည်း တယ်။ အဲတော့ အဆင်မပြေတော့ အလုပ်အကိုင်လေး ထလုပ်ရတာပေါ့။ မိသားစုဝင်က များတဲ့အတွက်"
ပုဂံဒေသက ယွန်းထည်တွေပေါ်မှာ ဘုရားတွေအတွင်းပိုင်းက ရှေးဟောင်း နံရံဆေးရေး ပန်းချီတွေကို ကိုးကားပြီး ရေးဆွဲကြသလို ခေတ်သစ်ပုံစံတွေကို ရေးဆွဲတာတွေလည်း ရှိပါတယ်။ အဲဒီလို ဒီဇိုင်းရေးဆွဲသူကတော့ ယွန်းထည်လုပ်ငန်းမှာ အရေးပါတဲ့သူပါ။
အခုယွန်းထည်ဆိုင်ပေါ်က ပစ္စည်းတွေရဲ့ ဒီဇိုင်းကို အရှေ့ဘွားစောရွာမှာနေတဲ့ ကိုသိန်းစိုး ရေးဆွဲထားတာပါ။ သူဟာ အရင်က အရိပ်အောက်မှာ ကညစ်ကိုင်ပြီး စိတ်ငြိမ်ငြိမ်နဲ့ ယွန်းပန်းချီဆွဲတဲ့အလုပ်ကို လုပ်ကိုင်ခဲ့ပေမယ့် အခုတော့ တံမြက်စည်းကိုင်ပြီး ရေကူးကန် တစ်ခုမှာ သန့်ရှင်းရေး ဝန်ထမ်းလုပ်နေရသလို တစ်ခါတစ်ရံ စားပွဲထိုးအဖြစ်ပါ လုပ်ကိုင် နေရပါတယ်။ ယွန်းထည်လုပ်ငန်းမှာ တစ်နေ့ကို ကျပ်တစ်သောင်းကျော်အထိ ရှိခဲ့ပေမယ့် အခုတော့ သူ့ရဲ့ဝင်ငွေဟာ တစ်နေ့ကို ကျပ် သုံးထောင်လောက်သာ ရှိတော့တယ်လို့ ကိုသိန်းစိုးက ပြောပါတယ်။
"ကိုဗစ်မဖြစ်ခင်ကတော့ ဒီလုပ်ငန်းက ပုံမှန်လည်ပတ်နေတဲ့အတွက် ဒီလုပ်ငန်းက အဆင်ပြေတာပေါ့။ ကိုဗစ်ဖြစ်သွားတော့ ဒီက ယွန်းလုပ်ငန်းက အဆင်မပြေတဲ့ အတွက်ကြောင့် ဒီက သူဌေးခိုင်းတာလေးပဲ ကြိုးကြားကြိုးကြားလေးပဲ။ ဒီက အော်ဒါ ရှိရင်တော့ နှစ်ရက်၊ သုံးရက်လောက်ဆင်းပေး။ မရှိရင်တော့ ဟိုဘက်ရေကူးကန်မှာ ကျနော် သန့်ရှင်းရေး ဝင်လုပ်ရတယ်။ သန့်ရှင်းရေးလုပ်တဲ့အချိန်လုပ်၊ ဧည့်သည်လာတဲ့ အခါ Waiter ဝင်လုပ်ပေးရတာ ပေါ့။ ကျနော်တို့ ဒီဇိုင်းဆွဲတာလောက်တော့ အဆင်မပြေဘူးပေါ့"

လိုင်စင်ရဟိုတယ်တွေရဲ့ စာရင်းအရ ၂၀၁၉ ခုနှစ်မှာ ပုဂံဒေသကို နိုင်ငံခြားသားဧည့်သည် လေးသိန်းကျော်နဲ့ ပြည်တွင်းခရီးသွား တစ်သိန်း ခြောက်သောင်းကျော်အထိ လာရောက် ခဲ့ပြီး အဲဒီနှစ် ဒီဇင်ဘာ တစ်လတည်းမှာ နိုင်ငံခြားသား ခရီးသွား ခြောက်သောင်းကျော်အထိ ရှိခဲ့တယ်လို့ NLD အစိုးရလက်ထက် ပုဂံရှေးဟောင်း သုသေတနအဖွဲ့ ရဲ့ စာရင်းအရ သိရပါတယ်။
ယွန်းထည်ပစ္စည်းအသေးတွေကို ပြည်တွင်းခရီးသွားတွေက အမှတ်တရအနေနဲ့ ဝယ်ယူလေ့ ရှိကြပြီး အကြီးတွေကိုတော့ ပြည်ပခရီးသွားဧည့်သည်တွေက ပိုမိုဝယ်ယူလေ့ ရှိကြတဲ့ အတွက် ယွန်းထည်လုပ်ငန်းဟာ ပြည်ပခရီးသွားတွေကို အဓိကမှီခိုနေကြရတာ ဖြစ်ပါတယ်။
အခုတော့ ပြည်ပခရီးသွားတွေ မလာတော့တာကြောင့် ပြည်တွင်းခရီးသွားတွေ အကြိုက် တွေ့စေမယ့် ယွန်းပစ္စည်းတွေကို ထုတ်လုပ်ပြီး အွန်လိုင်းစျေးကွက်ကနေတစ်ဆင့် ရောင်းချနေရတယ်လို့ Bagan House ယွန်းထည်ဆိုင်ရဲ့ မန်နေဂျာ မလဲ့လဲ့စိမ်းက ပြောပါတယ်။
"ယွန်းလုပ်ငန်းဆိုတာလည်း နိုင်ငံခြားသားတွေ အသုံးများတာလေ။ အခုနိုင်ငံခြားသား တွေ မလာတော့ကျတော့ ကျမတို့လည်း မြန်မာတွေကြိုက်မယ့် Local တွေကြိုက်မယ့် စလင်းဘတ်အိတ်ကလေးတွေ၊ ဆွဲကြိုးလေးတွေ ထွင်ပြီးတော့ အွန်လိုင်းစျေးကွက် ကလေးနဲ့ပဲ နည်းနည်း လုပ်စားနေရတာပေါ့။ နိုင်ငံခြားသား ဧည့်သည်တွေ များများ ကျစေချင်တာပေါ့။ အဲဒါဆိုရင်တော့ ဒီယွန်းထည်လည်း နည်းနည်း ပြန်ဦးမော့ လာမှာပေါ့။ မဟုတ်လို့ရှိရင်လည်း အကုန်လုံးအလုပ်သမားတွေရော၊ ဘာတွေရော တော်တော်ဒုက္ခရောက်ကုန်ကြပြီ"
၁၆ ရာစုလောက်ကနေ စတင်ထွန်းကားလာတဲ့ မြန်မာ့ယွန်းထည်ကို အခုအချိန်မှာ ပုဂံမြို့သစ်နဲ့ မြင်းကပါရွာဘက်တွေမှာ အများဆုံး ပြုလုပ်ကြတာဖြစ်ပါတယ်။
ဒေသခံတွေကတော့ ယွန်းထည်လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်နိုင်ဖို့အတွက် အရင်ကလို ပုဂံဒေသမှာ ခရီးသွားဧည့်သည်တွေ ပြန်လည်ဝင်ရောက်လာဖို့ မျှော်လင့်နေကြပါတယ်။