ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တောတွင်း စစ်ရေးသင်တန်း

ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ရဲ့ စစ်သင်တန်းကျောင်းမှာ အသက်နှစ်ဆယ်ကျော် ဝန်းကျင်ရှိကြတဲ့ လူငယ် တစ်ရာလောက်ဟာ ပြင်းထန်တဲ့ စစ်သင်တန်းတွေ တက်ရောက်နေကြပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အပတ်စဥ်(၆)သင်တန်းဆင်းပွဲအား ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် အမှတ် ၁၀၇ စစ်ဒေသ၌ ကျင်းပပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ - အောင်ခန့်

မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ် တစ်နေရာက ထူထပ်တဲ့ဝါးရုံတောကြီးတစ်ခုအတွင်းမှာ တည်ရှိတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ရဲ့ စစ်သင်တန်းကျောင်းမှာ အသက်နှစ်ဆယ်ကျော် ဝန်းကျင်ရှိကြတဲ့ တပ်သားသစ် လူငယ် တစ်ရာလောက်ဟာ ပြင်းထန်တဲ့ စစ်သင်တန်းတွေ တက်ရောက်နေကြပါတယ်။

ဒီမှာ စစ်သင်တန်းတက်နေတဲ့ သူတွေဟာ အရင်က စားဖိုမှူး လုပ်ခဲ့တဲ့သူတွေ၊ သတင်းသမားတွေ၊ ရက်ပ် အဆိုတော်တွေနဲ့ ကဗျာဆရာတွေ အပါအဝင် မြန်မာနိုင်ငံက လူတန်းစား အလွှာအသီးသီးက လူငယ်တွေ ပါဝင်နေပါတယ်။ သူတို့ အားလုံးဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဖြုတ်ချနိုင်ဖို့ဆိုတဲ့ ဘုံရည်မှန်းချက်နဲ့ တော်လှန်ရေးလှုပ်ရှားမှုထဲမှာ ပါဝင်လာကြတာပါ။

BPLA ရဲ့ အခြေခံစစ်သင်တန်းတွေဟာ ပြင်းထန်ပြီး အလွန်တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သင်ကြားတဲ့အတွက် လူသိများပါတယ်။ BPLA ရဲ့ သုံးလကြာ စစ်သင်တန်းတွေဟာ သင်တန်းသားတွေကို ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရပါ အဆုံးစွန်အထိ ကြိုးပမ်း အားထုတ်ဖို့ တွန်းအားပေးပြီး သင်ကြားတာ ဖြစ်ပါတယ်။

သင်တန်းကျောင်းကို ရောက်ရောက်ချင်း သင်တန်းသားတွေရဲ့ မိုဘိုင်းဖုန်းနဲ့ အခြားကိုယ်ပိုင်ပစ္စည်းအားလုံးကို သိမ်းယူလိုက်ပြီး သင်တန်းပြီးဆုံးချိန်မှ ပြန်လည်ပေးအပ်ပါတယ်။ သင်တန်းသားတွေဟာ နေ့တိုင်း မနက် ၄ နာရီကနေ ည ၉ နာရီအထိ ပုံမှန်သင်တန်းတွေ တက်ကြရပြီး တနင်္ဂနွေ တစ်ရက်ပဲ နားရက်ပေးပါတယ်။

ပူပြင်းလှတဲ့ နေရောင်အောက်မှာ လေ့ကျင့်ခန်းဆင်းနေကြတဲ့ တပ်သားသစ်တွေဟာ ချွေးတွေ ရွှဲရွှဲစိုနေပြီး သူတို့ ကိုယ်ပေါ်မှာ ပြင်းထန်တဲ့ စစ်သင်တန်း လေ့ကျင့်သင်ယူရင်း ရလာတဲ့ ဒဏ်ရာ အမာရွတ်တွေ ရှိနေပါတယ်။

မနက်ခင်း လေ့ကျင့်ခန်းတွေ ပြီးတဲ့အချိန်မှာ BPLA တပ်သားသစ်တွေဟာ နိုင်ငံရေး သင်ခန်းစာတွေ လေ့လာနေကြပါတယ်။ BPLA ခေါင်းဆောင် မောင်ဆောင်းခက အဖွဲ့ရဲ့ ဖွဲ့စည်းပုံ၊ တည်ထောင်ခဲ့တဲ့ ရည်မှန်းချက် သန္နိဋ္ဌာန်တွေနဲ့ ကျား၊ မ တန်းတူညီမျှမှုလို အကြောင်းအရာတွေကို ဟောပြော သင်ကြားပေးပါတယ်။

လက်ရှိအချိန်မှာ BPLA ဟာ တော်လှန်ရေးတိုက်ပွဲတွေမှာ လူငယ်လူရွယ်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အောင်ပွဲရနေတယ်လို့ BPLA အဖွဲ့က ကိုထက်ဝေလင်းက ပြောပါတယ်။

“ကျွန်တော်တို့ လူငယ်တွေအနေနဲ့ စစ်ပညာကို အချိန်တိုအတွင်း၊ လပိုင်းအတွင်းမှာပဲ သင်ယူပြီးတော့ တိုက်ပွဲ၊ အောင်ပွဲတွေ ရခဲ့တာ ဖြစ်တယ်။ ဒီတိုက်ပွဲ အောင်ပွဲတွေရဲ့ နောက်ကွယ်မှာလည်း ပေးဆပ်ထားရတဲ့ ပေးဆပ်မှုတွေ အများကြီး ရှိပါတယ်။ ကျွန်တော် ပြောချင်တာက လူငယ်တွေရဲ့ စွန့်လွှတ်မှု အနစ်နာခံမှု၊ ပေးဆပ်မှုတွေ အားလုံးက ကြောက်စရာကောင်းလောက်အောင်ကို မြင်တွေ့ရတယ်။ ကြောက်စရာကောင်းလောက်အောင် အားကောင်းတယ်ဆိုတာ ပြောချင်တာ ဖြစ်ပါတယ်”

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အပတ်စဥ်(၆)သင်တန်းဆင်းပွဲအား ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် အမှတ် ၁၀၇ စစ်ဒေသ၌ ကျင်းပပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ - အောင်ခန့်)

မြန်မာနိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေး အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရပါတယ်။ နောက်ဆုံး ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် သိပ်မကြာလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရ အုပ်ချုပ်ရေးရပ်တန့်သွားပါတယ်။

အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုအမျိုးမျိုးထဲမှာ ဗမာလူအများစုကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ BPLA ကို ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

အဲဒီနောက် BPLA ဟာ အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ အင်အားစုတစ်ခု ဖြစ်လာပါတယ်။


ဆက်နွှယ်သောသတင်းများ

MNDAA စစ်သင်တန်းဆင်းပွဲ တော်လှန်ရေး ထူးခြားတိုးတက်မှုလို့ BPLA ခေါင်းဆောင်ပြော

BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမည်

NUG ကာကွယ်ရေးဝန်ကြီးဌာန PDF နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် BPLA တို့ ပူးပေါင်း


BPLA တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တိုက်ခိုက်ခဲ့ပြီး အခြားတိုင်းရင်းသားအဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်မြေပြင်မှာ ကျဆုံးသွားတဲ့ BPLA တပ်သား ၂၀ ကျော်ရှိသွားပါပြီ။

မြန်မာလူထုကြားမှာ အာဏာရှင်ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲကို ပြီးပြတ်တဲ့အထိ တိုက်ရမယ်ဆိုတဲ့ အသိတရား ရှိနေတယ်လို့ ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ် စကော့ မက်သီဆင်က ပြောပါတယ်။

“ပြည်သူလူထုကြားမှာ ဒီတော်လှန်ရေးကို ဆက်လုပ်ရမယ်ဆိုတဲ့အသိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ ဒီစစ်တပ်ကို ရာသက်ပန် ဖြုတ်ချနိုင်မှ အရင်ကနဲ့ မတူတဲ့ တည်ငြိမ်မှုနဲ့ လွတ်လပ်မှုတွေကို အနာဂတ်မှာ ရနိုင်မှာ ဖြစ်ပါတယ်။ အရင်ကရှိခဲ့တဲ့ လွတ်လပ်မှု၊ တည်ငြိမ်မှု တွေဟာ စစ်တပ်က ပေးသလောက်ပဲ ရမယ်ဆိုတဲ့ အကန့်အသတ်က အမြဲတမ်း ရှိနေခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေ၊ CDM ဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူတွေအားလုံး အနာဂတ်မှာ ရချင်တဲ့ လွတ်လပ်မှုက လက်ရှိ စစ်တပ်ရဲ့ လွှမ်းမိုးမှု မရှိတဲ့ လွတ်လပ်မှုမျိုး ဖြစ်ပါတယ်။ ဒီအချက်က ပြည်သူတော်တော်များများအတွက် အရေးကြီးတဲ့ တွန်းအားတစ်ခု ဖြစ်နေတာလို့ ထင်ပါတယ်”

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့ စစ်ကိုင်းတိုင်းကနေ လာရောက်တဲ့ တပ်သားသစ် မိန်းကလေးတစ်ဦးကတော့ BPLA ရဲ့ စစ်သင်တန်းတွေဟာ ထင်ထားတာထက် အများကြီး ခက်ခဲနေပေမဲ့ နောင်တမရဘူးလို့ ပြောပြခဲ့ပါတယ်။

“ကျွန်တော့်အတွက် ဒီသင်တန်း တက်ခဲ့တဲ့နေရာမှာ ထင်ထားတာထက် ပိုပြီး ခက်ခဲတယ်။ ပင်လည်း ပင်ပန်းတယ်။ စိတ်ဓာတ်တွေလည်း ကျခဲ့တဲ့ အခါတွေလည်း ရှိတယ်။ စိတ်ဓာတ်ကျတဲ့အခါမှာ ကိုယ်ဘာကြောင့် လာခဲ့တာလဲ၊ ကိုယ်ဘာရည်ရွယ်ချက်ကြောင့် ဒီအထဲကို ရောက်ခဲ့သလဲ ဆိုတာနဲ့ ပြန်ပြီး အားတင်းတယ်ပေါ့။ ကိုယ့်လိုပဲ အခြားသူတွေလည်း ကြိုးစားတယ်။ အဲလိုမျိုး စိတ်နဲ့ပဲ ပြန်ပြီးတော့ အားတင်တယ်။ နောင်တရယ်လို့တော့ ကြီးကြီးမားမားရခဲ့တာ မရှိပါဘူး”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org