အခက်အခဲမျိုးစုံ ကြုံနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ပျားမွေးမြူရေး

ထူးခြားပြီး ရှားပါးတဲ့ ပျားမွေးမြူရေးလုပ်ငန်းကို တောတောင်ထူထပ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက ဟဲဟိုး၊ ညောင်ရွှေ၊ တောဇီးပင်တွေ ပေါများရာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တွေ အပါအဝင် စုစုပေါင်း မြို့နယ် ၃၄ မြို့နယ်မှာ မြန်မာနိုင်ငံ ပျားမွေးမြူရေးဌာနက စနစ်တကျ လုပ်ကိုင်နေသလို ပုဂ္ဂလိက လုပ်ငန်းရှင်တချို့ကလည်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေပါတယ်။
မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ ၂၀၂၁ - ၂၀၂၂ စာရင်းတွေအရ မြို့နယ် ၃၄ ခု အနက် ၃၁ မြို့နယ်ဟာ ဥရောပ ပျားမွေးမြူရေးနည်းပညာနဲ့ လုပ်ကိုင်နေပြီး၊ ကျန် သုံးမြို့နယ်ကတော့ ရိုးရာသစ်ခေါင်း ပျားမွေးမြူရေး နည်းပညာနဲ့ လုပ်ကိုင်နေတာပါ။
နေကြာ၊ ဇီး၊ ပန်းပေါင်းစုံ၊ ရော်ဘာ စတဲ့ သဘာဝ သစ်ပင်ပန်းပင်တွေမှာ နားခိုတဲ့ ပျားကောင်တွေကတစ်ဆင့်ရရှိတဲ့ သဘာဝပျားရည်ကို အိမ်နီးချင်း တရုတ်၊ ဂျပန်၊ ထိုင်း၊ ကိုရီးယားနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေဆီ နှစ်စဉ်တန် ခြောက်ထောင်ကနေ ခုနစ်ထောင် ကြား တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ စာရင်းတွေက ဖော်ပြပါတယ်။
ဒါပေမဲ့ အခုနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ ကုန်စျေးနှုန်း မြင့်တက်မှုတွေကြောင့် လုပ်ငန်းတွင်ကျယ်အောင် မလုပ်နိုင်တော့ဘဲ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ တစ်နိုင်တစ်ပိုင် ပျားမွေးမြူရေးလုပ်ကိုင်သူ ကိုညီကိုကိုနဲ့ ကိုဇော်သိန်း တို့က ပြောပါတယ်။
တစ်နေရာကတစ်နေရာ လှည့်လည်သွားလာပြီး လုပ်ကိုင်ရတဲ့ သူတို့အလုပ်ဟာ အခု နောက်ပိုင်းမှာတော့ ကိုဗစ် ကပ်ရောဂါ ကန့်သတ်ချက်တွေနဲ့ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေ ကြောင့် အပြည့်အဝ မလုပ်နိုင်တော့ဘူးလို့ လောလောဆယ် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုး-ဘော်ဆိုင်း လမ်းဘေးမှာ ပျားမွေးမြူရေးလုပ်ကိုင်နေတဲ့ ကိုညီကိုကိုက ပြောပါတယ်။
"လုပ်ရကိုင်ရတာတော့ အရင်လိုတော့ မကောင်းဘူးပေါ့။ လမ်းပန်းဆက်သွယ်ရေးနဲ့ ဘာနဲ့ အရင်ကလည်း ကိုဗစ် ဖြစ်တော့ ကျနော်တို့သွားတဲ့နေရာမှာ ကွာရန်တင်း ဝင်ရတာတွေ၊ ညနက်ခါတွေမှာ လော့ခ်ဒေါင်းတွေရှိတော့ အိပ်ရတာတွေ ရှိပါတယ်။ ပြီးတော့ အစစအရာရာ ဈေးတွေက ထိုးတက်နေတော့ ကျနော်တို့လည်း အရင်းအနှီး တွေ မတတ်နိုင်တော့ ပျားအုံ (ပျားပုံး) အင်အားလည်း ပြန်လျှော့ရတာပေါ့။ အရင်လိုကြီး တော့ အပြည့်အဝတော့ မကိုင်နိုင်တော့ဘူးပေါ့"
အရင်က ပြောင်းစိုက်ခင်းတွေပေါများတဲ့ မန္တလေးတိုင်း၊ မိတ္ထီလာနယ်မှာ လုပ်ကိုင်ခဲ့ပြီး အခုတော့ ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုး-ဘော်ဆိုင်း လမ်းဘေးမှာ လာရောက် လုပ်ကိုင် နေတာပါ။ သူဟာ ပျားမွေးမြူရေးအလုပ်ကို ပျားပုံးလို့ခေါ်တဲ့ ပျားအုံ ရာနဲ့ချီပြီး ၁၀ နှစ် ကျော် လုပ်ကိုင်လာသူ ဖြစ်ပါတယ်။
"အစစအရာရာ ဈေးတွေက ထိုးတက်နေတော့ ကျနော်တို့လည်း အရင်းအနှီးတွေ မတတ်နိုင်တော့ ပျားအုံ (ပျားပုံး) အင်အားလည်း ပြန်လျှော့ရတာပေါ့"
အရင်က လှည့်လည်သွားလာတဲ့ အရပ်ဒေသတွေမှာ အဆင်ပြေသလို ယာယီတဲထိုး နေထိုင်လုပ်ကိုင်လို့ ရခဲ့ပေမယ့် အခုတော့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ရောက်တဲ့နေရာမှာ ယာယီတဲထိုး နေထိုင်လို့မရတော့ဘဲ အိမ်ငှားနေထိုင်ရတယ်လို့ ကိုဇော်သိန်းက ပြောပါတယ်။
"ကိုဗစ်နဲ့ ဘာနဲ့ဆိုတော့ ဒီနှစ်ရောဆို နှစ်နှစ်ထဲ ရောက်ပြီပေါ့ဗျာ။ ဒီနှစ်ကတော့ ပိုအဆိုးဆုံးပေါ့။ နေရထိုင်ရတာ ကျွန်တော်တို့ အခုဟာက ဒီမှာတော့ အိမ်ငှားနေတာပေါ့။ အိမ်ငှားက ဒီမှာ နှစ်လလို့တော့ ပြောထားတာပေါ့။ နှစ်လတော့ မကြာပါဘူး။ တစ်လခွဲ လောက်ပဲ နေရမှာ။ အဲဒါကို တစ်သိန်းခွဲနဲ့ ကျနော်တို့ပြောထားတာ"
ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာတာကလည်း အခြေအနေတွေကို ပိုဆိုးစေတယ်လို့ ကိုဇော်သိန်းက ဆိုပါတယ်။
"ထမင်းဟင်း ချက်စားတာကစ စားစရိတ်ကအစ အကုန်ကွာခြားတာပေါ့ဗျာ။ အရင် ဆိုရင် ပိုက်ဆံ ဒီမယ် နှစ်သိန်း၊ သုံးသိန်းနဲ့ လောက်တယ်။ အခု ဒီမယ် လေးသိန်း၊ ငါးသိန်းလောက် ကုန်သွားတာတောင် မလောက်ဘူး စားစရိတ်က"
လုပ်သားပျားပေါင်း ထောင်ပေါင်းများစွာရှိတဲ့ ပျားအုံတစ်အုံမှာ ပျားဘုရင်မ တစ်ကောင်သာ ရှိပြီး တစ်နေ့ကို ပျား ဥပေါင်း နှစ်ထောင်ဝန်းကျင် ဥချနိုင်ပါတယ်။ ဥဘဝကနေ အင်္ဂါစုံတဲ့ ပျားဘဝကို ရောက်ဖို့ ခန့်မှန်းခြေ ၁၅ ရက်ခန့် ကြာတတ်ပါတယ်။
ပျားထီးတစ်ကောင်ဖြစ်ဖို့ ၂၄ ရက်ခန့် ကြာတတ်ပါတယ်။ လုပ်သားပျားတစ်ကောင် ဖြစ်လာဖို့ အတွက်ကတော့ ၂၁ ရက်ခန့် ကြာတတ်ပါတယ်။
အဲဒီလို ရှားပါးပြီး အရေးပါတဲ့ ပျားဘုရင်မတစ်ကောင် ဖြစ်လာဖို့အတွက် ပျားမွေးမြူရေး သမားတွေက ဖယောင်းနဲ့ ပြုလုပ်တဲ့ အိမ်လေးတွေကို ဖန်တီးပေးရပါတယ်။
ပျားမွေးမြူရာမှာ ပျားစာလို့ခေါ်တဲ့ ပန်းဝတ်ရည် များများရဖို့ အစားထိုး သကြားရည်ကို ကျွေးကြရပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်အထိ ပျားအုံတစ်ထောင်ကျော်နဲ့ မွေးမြူ လုပ်ကိုင်ကြပြီး အခုနောက်ပိုင်း ကျွေးမွေးရတဲ့ သကြားဈေး၊ လောင်စာဆီ၊ သယ်ယူစရိတ် ကအစ အဆမတန် စျေးတက်လာတာကြောင့် မွေးမြူချင်တဲ့ ပျားအုံ အရေအတွက်ကို ထက်ဝက်အထိ လျှော့ချနေရတယ်လို့ ကိုဇော်သိန်းက ပြောပါတယ်။
"သကြားကျွေးတာကျတော့ ကျွန်တော်တို့ ဒီမှာ ပျားအုံ ၆၀၀ ပါလာတာကို အကိုကြီးက သကြားအိတ် အလုံး ၁၀၀ ဝယ်ထပ်ထားခဲ့တာလေ။ တစ်အိတ်ကို ၆၈ (၆,၈၀၀၀ကျပ်) ခုနစ်သောင်းပဲ ထားပါတော့၊ သူက ကီလို ၃၀ ပါပါတယ်။ အရင်က တစ်အိတ်ကို ၃၃,၀၀၀၊ ၃၄,၀၀၀ ကျပ်လောက်ပဲ ပေးရတာ။ အရင်က နှစ်အိတ်စာက အခု တစ်အိတ် စာပဲ ရတယ်"
နုနယ်တဲ့ ပျားလေးတွေကို တစ်နေရာကတစ်နေရာ ရွှေ့ပြောင်းရာမှာ ပျားတွေ အလုပ် လုပ်လေ့ရှိတဲ့ နေ့လယ်ဘက်မှာ မရွှေ့ပြောင်းဘဲ အပူချိန်နည်းတဲ့ ညဘက်မှာသာ တစ်နေရာက တစ်နေရာ ရွှေ့ပြောင်းရပါတယ်။ လက်ရှိ လုံခြုံရေးအခြေအနေနဲ့ ညမထွက်ရအမိန့်တွေက ဒီလိုရွှေ့ပြောင်းမှုတွေကို ပိုခက်ခဲစေတယ်လို့ ကိုဇော်သိန်းက ဆိုပါတယ်။

မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းမှာ ပျားမွေးမြူရေး ရွှေ့ပြောင်းလုပ်ကိုင်ဖို့ စီစဉ်ထားတဲ့ ကိုညီကိုကိုကတော့ အခက်အခဲတွေ ရှိပေမယ့်လည်း အသက်မွေးဝမ်းကျောင်း အလုပ်မို့ မဖြစ်မနေ ကြိုးစားလုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။
"၉ လပိုင်းထဲမှာ ၂ ရက်နေ့ကို တောဇီးတစ်ကြောင်းသွားပြီး ၄ ရက်နေ့မှာတော့ မုံရွာ တစ်ကြောင်း သွားရပါမယ်။ မုံရွာတစ်ကြောင်း သွားမယ်ဆိုတာကလည်း အရင်ကလို သွားဖို့တော့ သိပ်အခြေအနေ မကောင်းဘူးပေါ့။ မကောင်းပေမယ့်လည်း တစ်ကြောင်း စာတော့ သွားရဦးမှာပဲ။ တောဇီးမှာကျတော့ ပျားစာ မနိုင်တော့လေ"
သူတို့လို တစ်နိုင်တစ်ပိုင် ပျားမွေးမြူရေးလုပ်ကိုင်သူတွေဟာ တစ်နှစ်ကို တစ်ကြိမ် လုပ်ငန်း လိုင်စင် သက်တမ်းတိုးရပါတယ်။ ပျားလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ ပုဂ္ဂလိက ပျားမွေးမြူရေး လုပ်ငန်းလိုင်စင်ရထားသူ ၈၀၀ ကျော်ရှိပြီး ၂၀၂၂ ခုနှစ် နှစ်ကုန် အထိ လုပ်ကိုင်ခွင့် ရထားပါတယ်။
မြန်မာနိုင်ငံမှာ ပျားမွေးမြူရေးလုပ်ငန်းကို စနစ်တကျ လာရောက်လုပ်ကိုင်နေတဲ့ ဥရောပ သမဂ္ဂကလည်း မြန်မာနိုင်ငံက သဘာဝပျားရည်စစ်စစ် ဥရောပနိုင်ငံတွေဆီ တင်သွင်းခွင့် ကို ၂၀၂၀ ဇူလိုင်လကတည်းက ခွင့်ပြုထားပါတယ်။ တင်သွင်းခွင့်ရလို့ နိုင်ငံခြားငွေ ရနိုင်ပေမယ့် ကိုဗစ်နဲ့ အာဏာသိမ်းနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် အခက်အခဲ မျိုးစုံကို ရင်ဆိုင်နေရတယ်လို့ တစ်နိုင်တစ်ပိုင် ပျားမွေးမြူရေးလုပ်ကိုင်သူတွေက ပြောပါတယ်။