နေအိမ်အမှုကိစ္စ ဦးအောင်ဆန်းဦး အယူခံဝင်


2019.01.05

 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်နဲ့ ခြံဝင်း အမွေအမှုကို ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ထံ အယူခံဝင်မယ်လို့ အကို ဖြစ်သူ ဦးအောင်ဆန်းဦး က ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နေအိမ်အမှုကိစ္စ ဦးအောင်ဆန်းဦး အယူခံဝင်
(ဝင်းကိုကိုလတ်)

ခြံအမှတ် ၅၄ နေအိမ်ခြံဝင်း အမွေခွဲဝေမှုနဲ့ ပတ်သက်တဲ့ အယူခံကို ပြည်ထောင်စ တရားလွှတ်တော်ချုပ်ရုံးက ပယ်ချလိုက်တဲ့အတွက် မကျေနပ်ဘူးလို့ ဦးအောင်ဆန်းဦးက ဒီနေ့မနက်မှာ ပြောပါတယ်။

နေပြည်တော် Mandalay Paradise စားသောက်ဆိုင်မှာ နိုင်ငံရေး ပါတီတချို့နဲ့ ဒီနေ့မနက်က တွေ့ဆုံရာမှာ အဲဒီ အမွေခွဲဝေမှုနဲ့ပတ်သက်တဲ့ အယူခံကို ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ ဆက်တင်သွားမယ်လို့ ဦးအောင်ဆန်းဦးက ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော် အခု မတရားအလုပ်ခံနေရတာကို တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကနေပြီးတော့ ဒါကိုပြန်ပြီးတော့ သုံးသပ်ပေးဖို့၊ သူကိုယ်တိုင်က အာဏာရှင်အစိုးရလက်ထက်မှာ ဖြစ်လာတဲ့ တရားသူကြီးဖြစ်ရင်တောင်မှ အခု ဒီမိုကရေစီခေတ်မှာ လိုအပ်တဲ့ ဥပဒေအဆင့်ကို သူပံ့ပိုးပေးနိုင်မလားဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ်၊ ဒါဟာ မေးခွန်းထုတ်ရမယ့်ကိစ္စဖြစ်တယ်"

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ တင်သွင်းမယ့် အယူခံကို လာမယ့် ၁၀ ရက်အတွင်း သူရဲ့ ရှေ့နေကတဆင့် တင်သွင်းမယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့မှာနေထိုင်တဲ့ ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချပြီး ရတဲ့ငွေကို တစ်ယောက်တစ်ဝက်စီ ခွဲဝေယူဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းလောက်က အထူးအယူခံ လျှောက်ထားခဲ့ရာမှာ ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

တက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဌေးဝင်းက ဘာကြောင့် တက်ရောက်လာတယ်ဆိုတာကို အခုလိုပြောပါတယ်။

"ဒီနေ့အတိုင်းအတာကတော့ နားထောင်တဲ့အဆင့်ပ ဲရှိပါတယ်၊ သူ့ရဲ့ပြောဆိုမှုကို ကျနော်တို့ အခုမှ အတိအကျသိရတဲ့ အနေအထားပါ၊ ဒီအပေါ်မှာ ကျနော်တို့က ဝိုင်းဝန်းပြီးတော့ အဖြေရှာကြမှာပါ၊ ကျနော်တို့က ဒီလိုတော့ သတင်းတော့ တင်ပြရမှာပေါ့နော်၊ CEC မှာ ဆက်တင်ဖို့၊ မတင်ဖို့ ကတော့ ဆွေးနွေးရမှာပေါ့"

ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်က စတင်ဖြစ်ပွားခဲ့တဲ့ အမွေခွဲဝေ ရရှိရေးအမှုကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက နေအိမ်ခြံဝင်းကို တစ်ယောက်တစ်ဝက်စီ ရယူဖို့ ဆုံးဖြတ်ခဲ့ရာမှာ နှစ်ထပ်တိုက်အိမ် ပါဝင်တဲ့အခြမ်းကို ဒေါ်အောင်ဆန်းစုကြည် က ရရှိခဲ့တဲ့အတွက် အထူးအယူခံ ဝင်ခဲ့တာလည်းဖြစ်ပါတယ်။

လျှောက်ထားခံရသူဟာ လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက် သမာသမတ်ကျကျနဲ့ တရားစီရင်ရေး ဖြစ်နိုင်မလားဆိုတဲ့ RFA သတင်းဌာနရဲ့ မေးမြန်းမှုကို ဦးအောင်ဆန်းဦး က အခုလိုဖြေပါတယ်။

"ဘာမှကြိုတင်ပြီးတော့ မယူဆဘူးလေ၊ ဒါကတော့ တိုင်းပြည်နဲ့ လူထုရှေ့မှာ သူဘယ်လိုလူလည်းဆိုတာ ပြရမှာပဲ၊ ကျနော်ကတော့ တိုင်းပြည်နဲ့ လူထုရှေ့မှာ ဘယ်လိုလူလည်းဆိုတာသိအောင် ဥပဒေလမ်းကြောင်းအရ လုပ်လို့ရတဲ့အထိ လုပ်မှာပဲ၊ ဒါပြီးရင်တော့ ကျနော်လည်း မပြောတက်ဘူးပေါ့၊ ဒါကလည်း ဒီမိုကရေစီခေတ်မှာ လူထုက မကျေနပ်လို့ နောက်အစိုးရ ပြောင်းလာရင် ဒီအစိုးရလက်ထက်မှာ မတရားလုပ်လာတဲ့သူတွေက အပြစ်ပေးခံရမှာပဲ"

ဒ့ါအပြင် ခြံဝန်းအတွင်းမှာရှိတဲ့ နေအိမ်ကို ကျပ်သိန်း တစ်သောင်းရှစ်ထောင် အကုန်ကျခံ ပြင်ဆင်ပေးခဲ့တဲ့ ဒေါ်ခင်ကြည်နဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးဖြစ်တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ ဦးခင်မောင်အေး(မန္တလေး)ကို ပေ ၁၀၀- ပေ ၇၀ မြေကွက်ပေးဖို့ တရားရုံးက ဆုံးဖြတ်ထားတာကိုလည်း လက်မခံဘူးလို့ ဦးအောင်ဆန်းဦးက ပြောပါတယ်။
မိခင်ဖြစ်သူ ဒေါ်ခင်ကြည် နာမည်ပေါက် နဲ့ မြေအကျယ်အဝန်း ၂ ဧကနီးပါးမှာ ဦးအောင်ဆန်းဦး ရရှိတဲ့ နေရာက အိမ်ဟာ အဟောင်းဖြစ်နေသလို ပျက်စီးနေတဲ့အတွက် မြေကို လေလံတင်ရောင်းချပြီး ခွဲဝေယူဖို့ တောင်းဆိုတာလို့ ဦးအောင်ဆန်းဦးက ပြောထားပါတယ်။
အခု အယူခံဝင်ထားတဲ့ မြေနေရာဟာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိသားစုအတွက် အစိုးရက ပေးအပ်ခဲ့တဲ့ နေအိမ်နဲ့ မြေနေရာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီနေအိမ်မှာ ၁၉၈၈ ခုနှစ်က မိခင်ဖြစ်သူ ဒေါ်ခင်ကြည် နာမကျန်းဖြစ်တာကြောင့် လာရောက်ပြုစုချိန်မှာ စတင်နေထိုင်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ၁၅ နှစ်ကာလအတွင်းမှာ နေထိုင်ခဲ့တာဖြစ်ပါတယ် ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။