ပြန်သူမဲ့အိမ်တွေနဲ့ ဂန့်ဂေါမြို့နယ်က စွန့်ပစ်ခံရွာ

မကွေးတိုင်း ဂန့်ဂေါမြို့ကနေ စစ်ကိုင်းတိုင်း ကလေးမြို့ကိုသွားတဲ့ ကလေး - ဂန့်ဂေါ ကားလမ်းပေါ်က ထယ်လှော်ရွာဟာ လူသူမရှိဘဲ သုသာန်တစ်စပြင်လို တိတ်ဆိတ်ခြောက်ကပ်နေတာ အခုဆို အချိန်နှစ်နှစ်နီးပါး ရှိလာပါပြီ။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှ လူသူကင်းမဲ့နေသည့် ထယ်လှော်ရွာအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မကွေးတိုင်း ဂန့်ဂေါမြို့ကနေ စစ်ကိုင်းတိုင်း ကလေးမြို့ကိုသွားတဲ့ ကလေး - ဂန့်ဂေါ ကားလမ်းပေါ်က ထယ်လှော်ရွာဟာ လူသူမရှိဘဲ သုသာန်တစ်စပြင်လို တိတ်ဆိတ် ခြောက်ကပ်နေတာ အခုဆို အချိန်နှစ်နှစ်နီးပါး ရှိလာပါပြီ။

ဒီရွာမှာ အိမ်ခြေ ၁၉၈ လုံးနဲ့ လူဦးရေ ၁၂၀၈ ဦးရှိပါတယ်။ စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးမှုတွေကြောင့် ကျေးရွာသားတွေအားလုံးဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကစလို့ ရွာရဲ့အဝေးဆုံး တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင် နေကြရတာပါ။

"လက်ရှိ ရှောင်တိမ်းနေရတာကတော့ တောထဲမှာနေရတာ နှစ်နှစ် ပြည့်ကာနီးပါပြီ"

စစ်သားတွေကို ကြောက်ရလို့ အခက်အခဲတွေနဲ့ ထွက်ပြေးနေကြရတာလို့ ထယ်လှော်ရွာက အသက် ၆၀ အရွယ် ဒေါ်ဝင်းဝင်းက ပြောပါတယ်။

"လက်ရှိ ရှောင်တိမ်းနေရတာကတော့ တောထဲမှာနေရတာ နှစ်နှစ် ပြည့်ကာနီးပါပြီ။ နောက်ပြီး စစ်သားတွေကိုကြောက်လို့၊ စစ်ကြောင်းတွေထိုးလို့၊ တွေ့ရင်သတ်မှာမို့လို့ ရှောင်တိမ်းနေရပါတယ်။ အခုလက်ရှိ စာရေးသောက်ရေး ခက်ခဲတာက သီးနှံတွေ ကလည်း မရ၊ နောက်ပြီး ရေကြီးလို့ သီးနှံတွေ စိုက်ပျိုးတာ မရဆိုတော့ ဝယ်စရာ ခြမ်းစရာ လမ်းကြောတွေပိတ်တာရော၊ ငွေကြေးကလည်း မရှိဆိုတော့ အတော် ခက်ခဲပါတယ်"

ထယ်လှော်ရွာအနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့သလို ရွာကိုအကြိမ်ကြိမ်ဝင်ရောက် မီးရှို့ခံရလို့ နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ရွာကို စစ်ကြောင်းစဝင်ချိန်က ကောင်စီတပ်သားတွေက နှမ်းသိမ်းနေတဲ့ တောင်သူတွေကို သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့သလို ရွာကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာကနေ တစ်ရွာလုံး တောထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း အဲဒီဒေသကို စစ်ကြောင်းက သုံးလေးကြောင်းခွဲထိုးနေလို့ ဆန်၊ ဆီ၊ ဆား ဝယ်ယူဖို့ကအစ ခက်ခဲနေတယ်လို့ ထယ်လှော်ရွာသား ကိုမြင့်ကျော်စိုးက ပြောပါတယ်။

"ကျွန်တော်တို့ရွာမှာ အခုလောလောဆယ်ကျတော့ ဆန်ဆီဝယ်ဖို့ တအားခက်ခဲပါတယ်ဗျ။ ဆန်၊ ဆီ ဝယ်ဖို့ရော ရောင်းတဲ့သူလည်း မရှိသလောက်ဖြစ်ပါတယ်။ ဒါပြီးတော့ သွားရေးလာရေးမှာ စစ်ကြောင်းက အချိန်ပြည့် အခုဆိုရင် သုံးလေးကြောင်း ခွဲထိုး နေတဲ့အတွက် ကျွန်တော်တို့ရွာမှာ ပြေးဖို့လွှားဖို့ရှောင်ဖို့ဆိုရင် ကားတော့မတတ်နိုင် တဲ့အတွက် တောထဲမှာ ကားလည်းမောင်းလို့မရတဲ့အတွက် မော်တော်ဆိုင်ကယ်လေး နဲ့ပဲ ရှောင်ရတော့ မော်တော်ဆိုင်ကယ်ရဲ့ ဆီဈေးကလည်း အရမ်းကြီးမြင့်နေပါတယ်ဗျ။ တစ်လီတာကို ငါးထောင်ခြောက်ထောင်လောက် ဖြစ်နေပါတယ်ဗျ။ ဝယ်လို့လည်း မရပါဘူးဗျ။ စားသောက်ကုန် ပစ္စည်းတွေကလည်း လမ်းကြောတွေ ပိတ်ထားတဲ့အတွက် ဒုက္ခတအားတွေ့နေရပါတယ်။ ကျွန်တော်တို့ ထယ်လှော်ကျေးရွာက အခုလောလောဆယ် မှာ"

သောက်သုံးရေက မိုးရာသီမှာ တောင်ကျချောင်းရေရှိလို့ အဆင်ပြေပေမယ့် အခုလို နွေရာသီနဲ့ ဆောင်းရာသီမှာ ရေရှားပါးသလို ရေတွေထဲမှာလည်း ထုံးဓာတ်တွေ များတာကြောင့် သောက်သုံးရေအတွက် အဆင်မပြေပါဘူး။ ချောင်းတွေထဲ လက်ယက် တွင်းလေးတွေတူးပြီး အဆင်ပြေသလို သုံးနေရတယ်လို့ ပြောပါတယ်။

အရင်က သူတို့ရွာမှာ လျှပ်စစ်မီးရရှိပြီး အခုတောတောင်တွေထဲမှာတော့ ဆိုလာပြာလေး တွေနဲ့ ဘက်ထရီအိုးလေးတွေကို အားသွင်းအသုံးပြုနေရတယ်လို့ ပြောပါတယ်။

အဲဒီမှာ ရှောင်တိမ်းနေသူတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ကိုမြင့်ကျော်စိုးက ဆက်ပြောပါတယ်။

"ကျန်းမာရေးအတွက် ကျွန်တော်တို့ ဂန့်ဂေါနယ်မှာဆိုရင်ဖြင့် အရင်ကလို ကျွန်တော်တို့ ရွာတစ်ရွာတည်း မီးရှို့ခံထားရတာ မဟုတ်တဲ့အပြင် ရွာတိုင်းရွာတိုင်း သတ်ဖြတ်မီးရှို့ လုယက်နေတဲ့ ရွာတွေပဲ ဖြစ်နေတာဆိုတော့ ကျွန်တော်တို့ရွာကို ကျန်တဲ့ရွာကနေ အရင်ကလို ကူညီပေးဖို့တွေကျတော့ ကျန်းမာရေးအတွက်လည်း ခက်ခဲပါတယ်ဗျ။ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းလေး ထောက်ပံ့ပေးစေချင်ပါတယ်ဗျ။ ပညာရေး အတွက်ကလည်း စာအုပ်၊ ခဲတံတို့ အဲဒါလေးတွေ ဆရာ၊ ဆရာမ အဆောင်တွေ ဆောက်လုပ်ရမှာဆိုတော့ လိုအပ်ချက်လေးတွေရှိတဲ့အတွက် ပညာရေးမှာလည်း ကလေးသူငယ်တွေကို အဆင့်မီရုံ တောထဲတောင်ထဲမှာ သင်ကြားရတဲ့အတွက် လိုအပ်ချက် ကျောင်းသင်ထောက်ကူ ပစ္စည်းလေးတွေ လှူဒါန်းပေးဖို့ တောင်းဆို ပါတယ်ဗျ"

လက်ရှိထွက်ပြေးနေရတဲ့နေရာမှာ ကျန်းမာရေး ဆရာ၊ ဆရာမတွေ မရှိလို့ ကျန်းမာရေး ပြဿနာ တစ်ခုခုဖြစ်ခဲ့ရင် လက်ရှိနေတဲ့ နေရာကနေ ငါးမိုင်ခန့်ဝေးတဲ့ လက်ပန်ဆေးခန်းကို သွားရောက်ပြသနေရတယ်လို့ ပြောပါတယ်။

ပညာရေးအတွက်ကတော့ ရွာက CDM ကျောင်းဆရာတွေနဲ့ အထက်တန်းအောင်ပြီးသား လူတွေပေါင်းပြီး ပရဟိတ ကျောင်းလေးတွေဖွင့်ပြီး ကလေးတွေကို ပညာသင်ကြားပေး နေပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှ လူသူကင်းမဲ့နေသည့် ထယ်လှော်ရွာအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist

ရွာကို အချိန်တိုင်း လွမ်းဆွတ်သတိရနေပြီး အိမ်ပြန်ချင်တယ်လို့ ထယ်လှော်ရွာသူ ဒေါ်ဝင်းဝင်းက ပြောပါတယ်။

"ကိုယ့်ရွာကိုတော့ ပြန်ချင်ပါတယ်။ ပြန်လို့လည်းမရ တောထဲမှာ နေရတာ နေလည်း ပူတယ်။ အဆင်လည်း မပြေပါဘူး။ တအားလည်း ရွာကိုသတိရပါတယ်။ ရွာကို ပြန်ချင်တယ်။ အချိန်ရှိတိုင်း တမ်းတမိပါတယ် ရွာပြန်ဖို့ကို။ မသာယာသေးဆိုတော့ ပြန်လို့လည်း မရပါဘူး။ အခုတော့ တောထဲမှာ ဘာမှမရှိ၊ နေကပူ၊ သစ်ပင်ရိပ် မရှိ။ တဲလေးကလည်း သေးသေးလေး ဆောက်ထားတယ်ဆိုတော့ တအားပူတယ်။ တောထဲမှာ နေရတာတော့ တအားငြီးငွေ့တယ်"

စစ်ကြောင်းတွေက အမြဲတမ်းရှိနေတာကြောင့် ရွာကိုပြန်ချင်ပေမယ့်လည်း ပြန်ဖို့မဖြစ်နိုင် သေးပါဘူး။ အခုနွေရာသီမှာ တောတောင်တွေထဲမှာ ဟင်းသီးဟင်းရွက်ကအစ ရှားပါး တာကြောင့် အခက်အခဲတွေနဲ့ ဖြစ်သလို စားသောက်နေရတယ်လို့ ဒေါ်ဝင်းဝင်းက ဆက်ပြောပါတယ်။

ထယ်လှော်ရွာဟာ ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်က အချက်အချာကျတဲ့နေရာမှာရှိတာ ကြောင့် စည်ကားတဲ့ ရွာဖြစ်ပါတယ်။ အခုတော့ အရင်နဲ့ ဆန့်ကျင်ဘက်အဖြစ် လူမရှိတဲ့ နေအိမ်တွေနဲ့အတူ တစ်ရွာလုံး တိတ်ဆိတ်နေပါတယ်။ ဒီဒေသမှာ အခြားကျေးရွာတွေက ဒေသခံတွေကတော့ စစ်ကြောင်းပြန်ထွက်သွားချိန်မှာ ရွာထဲမှာ ပြန်လည်နေထိုင်တာတွေ ရှိပေမယ့် ထယ်လှော်ရွာကတော့ စစ်ကြောင်းတွေ သွားလာလှုပ်ရှားတဲ့ ကားလမ်းဘေးက ရွာဖြစ်တာကြောင့် ဒေသခံတွေ နေရပ်ပြန်ဖို့ အလှမ်းဝေးနေကြတာလည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org