ABSDF နှစ် ၃ဝ ပြည့် အခမ်းအနားကျင်းပ


2018.11.01

 

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး တည်ထောင်ခြင်း နှစ် ၃ဝ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တရုတ်-မြန်မာနယ်စပ်က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ မနောကွင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ တရုတ်-မြန်မာနယ်စပ်အခြေစိုက် RFA သတင်းထောက် ကိုရဲထက် က တင်ပြထားပါတယ်။

-----------------------------

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကို စတင်တည်ထောင်တာ ဒီနေ့ဆိုရင် နှစ် ၃၀ ပြည့်မြောက်ပြီဖြစ်ပါတယ်။

ဒီနှစ်ပတ်လည်နေ့အခမ်းအနားကို ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ် လိုင်ဇာမြို့မှာ ဒီနေ့ကျင်းပရာမှာ ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ စာရေးဆရာတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက မဟာမိတ်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

အခုလို ABSDF နှစ် ၃၀ပြည့်အခမ်းအနား ကျင်းပတာနဲ့ပတ်သက်လို့ မြောက်ပိုင်းကျောင်းသား ခေါင်းဆောင် ရဲဘော်လဆိုင်းက အခုလို ပြောပါတယ်။

"အခုABSDF ကျောင်းသားတပ်မတော် ၁၉၈၈ ခုနှစ် ၈လေးလုံးအရေးတော်ပုံပြီးတဲ့ အာဏာသိမ်းတဲ့ နိုဝင်ဘာ ၁ ရက်ကပေါ့၊ ကျောင်းသားလူငယ်တွေ တော်လှန်ရေးနယ်မြေအသီးသီးကို ရောက်ခဲ့ကြတယ်၊ အခုဒီနေ့နဲ့ဆို နှစ် ၃၀ ရှိပြီ မကဒတ ဗဟိုကော်မီတီကနေ ဦးဆောင်ပြီးတော့ မကဒတ ဒီနေရာမှာ အခမ်းအနား လုပ်တာပါ"

အခမ်းအနားကို KIO ဒုတိယ ဥက္ကဋ္ဌ ၁ ဗိုလ်ချုပ်ဂွမ်မော်လည်း တက်ရောက်ခဲ့ပြီး အမှတ်တရ စကားပြောခဲ့ပါတယ်။

"စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ဆိုပြီးတော့ ခိုင်ခိုင်မာမာ သံဓိဌာန်ချထားပြီးတော့ ကျောင်းသူကျောင်းသားများ ကေအိုင်အိုဒေသကို ရောက်ရှိလာတဲ့မြင်ကွင်းကတော့ မနေ့တနေ့ကလိုပဲ မြင်ယောင်နေဆဲဖြစ်ပါတယ်။ ခံစားနေ ရဆဲလည်းဖြစ်ပါတယ်။ နှစ် ၃၀ ဆိုတဲ့ တော်လှန်ရေးတလျှောက်လုံးမှာ ကျောင်းသားတပ်မတော်မှ တပ်ဖွဲ့ဝင်များ မိသားစုဝင်များ ခေါင်းဆောင်များ ခက်ခဲပင်ပန်းဆင်းရဲမှုများနဲ့ ကြိုးပမ်းအားထုတ်ကြပုံများမှာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရှိနေပြီဖြစ်တယ်လို့ ယုံကြည့်ပါတယ်။"

အခမ်းအနားကိုနယ်စပ်အထိ တကူးတက လာရောက်တက်ခဲ့တဲ့   နိုင်ငံရေး အကျဉ်းသားဟောင်း ၇၆ ကျောင်းသား  ဦးတင်အေးကြူ ကလည်း ABSDF နှစ် ၃၀ မြောက်မှာ တက်ရောက်ရတဲ့ သူ့ရဲ့ခံစားချက်အမြင်ကို ပြောပြပါတယ်။

"ကျနော် ABSDF နှစ်သုံးဆယ် ပြည့်အခမ်းအနားကို တက်ရောက်ရတဲ့ အကြောင်းအရင်းကတော့ ဗမာပြည်သမိုင်းမှာ ဝန်ကြီးချုပ်တွေ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေ တည်ထောင်ခဲ့တဲ့ ပါတီတစ်ရပ်ရှိခဲ့ဘူးပါတယ်။ သူတို့ဟာ ၁၀ နှစ်ပဲခံတယ်၊ အခုဒီ ကျောင်းသားရဲဘော်တွေ ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ နှစ် ၃၀ ထိ လက်ရှိအောင်ပွဲခံနေတဲ့အတွက် လေးစားလို့ ကျနော်က တက်ရောက်လာတာဖြစ်ပါတယ်။နောက်တခါ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးကြီး နှစ် ၃၀ အကြာမှာ ဒီမိုကရေစီ ဆန့်ကျင်တဲ့ ဂ္ဂိုလ်တွေ ခေါင်းထောင်လာတာတွေ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ဒီ ၈ လေးလုံးဟာ ကျောင်းသားတွေ ရန်ပွဲက စတယ်လို့ ခေါင်းဖြတ်တယ်လို့ ပစ္စည်းလုတယ်လို့ အဖွဲ့အစည်းတွေ အစည်းအဝေးလုပ်တိုင်း တပ်မတော် မကောင်းကြောင်း ပြောချင်လို့ အဲဒီလို ဒီမိုကရေစီကိုဆန့်ကျင်တဲ့အသံတွေ ကြားလာရတဲ့နှစ် ၃၀ ပြည့်မှာ ကျောင်းသားတွေရဲ့ နီရဲတဲ့ အောင်လံတွေ လွင့်ထူတဲ့ အခမ်းအနားကို လေးစားဂုဏ်ယူစွာ တက်ရောက်လာ ရခြင်းဖြစ်ပါတယ်။"

အထက်ဗမာပြည် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ကိုသန့်ဇင်ကလည်း အထိမ်းအမှတ် စကားအနေနဲ့ အခုလိုပြောပါတယ်။

"လက်ရှိကျောင်းသားတပ်မတော် ရပ်တည်နိုင်အောင် ကြိုးစားနေကြတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေကို ကျနော်က ဒီနေရာကနေ လေးစားတယ် နှစ် ၃၀ သက်တမ်းအတွင်းမှာ စစ်အာဏာရှင်စနစ် တွန်းလှန်တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ တိုက်ခိုက်တဲ့ ကျောင်းသားတပ်မတော်သားတွေကို ဒီလိုနေရာမျိုးတွေမှာ သတိရတယ် ဂုဏ်လည်းယူတယ် အခုဗမာပြည်မှာဖြစ်နေတဲ့ ဖယ်ဒရယ်တခုတည်းသော တပ်မတော်  တည်ဆောက်ရေးမှာ ကျောင်းသားတပ်မတော်အနေနဲ့ အခန်းတကဏ္ဍအနေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အစိုးရစစ်တပ်နဲ့ NLD နဲ့ ဆွေးနွေးတဲ့နေရာမှာ အောင်မြင်အောင် ပါဝင်စေချင်တယ်၊ အဲဒါမှသာ ဗမာပြည်ငြိမ်းချမ်းရေး ပြဿနာ ပြေလည်မယ်လို့ ယုံကြည်တယ် အသက် ၃၀ ပြည့်မှာ အဖြစ်ချင်ဆုံး ဆန္ဒဟာ တခုတည်းသောတပ်မတော် ပေါ်ပေါက်လာရေးအတွက် ဒါပေမဲ့ ကျနော်ပြောချင်တဲ့ တခုတည်းသော တပ်မတော်ဆိုတာ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ဖယ်ဒရယ် တပ်မတော်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။ မဟာဗမာ လူမျိုးကြီးဝါဒကို အခြေခံတဲ့ လူမျိုးကြီးဝါဒကို အခြေခံတာမဟုတ်ပါဘူး"

ထားဝယ်ခရိုင် ကျောင်းသားသမ၈္ဂခေါင်းဆောင် ကိုသော်လွင်အောင်ကလည်း ABSDF ထူထောင်ခြင်း အနှစ် ၃၀ မြောက် အခမ်းအနား နဲ့ပတ်သက်ပီး သူက အခုလို စကားဆိုပါတယ်။

"နိုင်ငံတကာမှာ မြန်မာနိုင်ငံလောက် နိုင်ငံရေးမှာ ပါဝင်တာလောက် ဘယ်နိုင်ငံမှမရှိဘူး၊ ကျောင်းသားတွေဟာ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်အတွက် အမြဲတမ်း ရှေ့ဆုံးက ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ် စစ်မှန်တဲ့ ဒီမိုကရေစီ အပြည့်အ၀ ဖေါ်ဆောင်ဖို့အတွက် ပြည်သူလူထုအတွက် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း ဆိုတာ ဒီနေရာကနေ လေးလေးနက်နက်ပြောချင်ပါတယ်။"

အခမ်းအနားကို ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၊ ရခိုင့်တပ်မတော် AA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊RCSS စတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် အဖွဲ့အစည်း ၁၉ ဖွဲ့က ပေးပို့တဲ့ သဏ်လွှာတွေပေးပို့ခဲ့ကြပါတယ်။

ABSDF ရဲ့ရှေလုပ်ငန်းစဉ်တွေကိုတော့ ဥက္ကဌ ရဲဘော်သံခဲ ပြောပြတာကတော့

"ကျနော်တို့တွေ့ဆုံဆွေးနွေးရတဲ့ ပထမဆုံး ရည်ရွယ်ချက်ဟာ တစ် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဖြစ်ပါတယ်။ ဒုတိယကတော့ အင်အားစု အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဖြစ် ပါတယ်။ နောက်တစ်ခုကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံရမယ် တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖယ်ဒရယ် ဖွဲ့စည်းပုံဥပဒေတစ်ခု ပေါ်ပေါက်ရေး အပါအဝင် ဒါတွေကို တွေ့ဆုံဆွေးနွေးပွဲကနေတဆင့် ဖြတ်သန်းနိုင်ရင်တော့ ဗမာပြည်ရဲ့ နိုင်ငံရေး ရာသီဥတုဟာ တည်ငြိမ်နိုင်တယ် လိုချင်တဲ့ ငြိမ်းချမ်းမှုကို ရနိုင်တယ်၊ ဗမာပြည်ဟာ ကျနော်တို့ လိုချင်တဲ့ ဖယ်ဒရယ်မူကို အသွင်ကူးပြောင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။"

ABSDF အဖွဲ့အစည်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအရေးတော်ပုံပေါ်ပေါက်ပီးနောက် စစ်အာဏာရှင်စနစ်ကို တော်လှန်ဖို့ အနယ်နယ်အရပ်ရပ်က ကျောင်းသားကျောင်းသူတွေဟာ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယ နယ်စပ်တွေကို သွားရောက်ပြီးတော့ လက်နက်ကိုင် တော်လှန်ခဲ့ကြတာဖြစ်ပါတယ်။

အဖွဲ့အစည်း စတင်တည်ထောင်ချိန်က ကျောင်းသားလူငယ် လူဦးရေ သောင်းဂဏန်းထိရှိခဲ့ပေမဲ့ အခုအခါ ရာဂဏန်းလောက်သာ ရှိတော့တယ်လို့ သိရပါတယ်။  ABSDF အဖွဲ့ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ် NCA  ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့အပါအဝင်ဖြစ်ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။