ဗကသကျောင်းသားတွေ ပုံစံအမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေ
2024.05.08

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့ဝင် ၆၀ ကျော် ဖမ်းဆီးခံရပြီး ၁၆ ဦး သေဆုံးခဲ့ရပါတယ်။ ခုထိလည်း ဗကသ ဗဟို ဒု-ဥက္ကဋ္ဌ အပါအဝင် ၃၀ နီးပါး အကျဉ်းကျနေရပါတယ်။
နိုင်ငံအနှံ့ ဗကသကျောင်းသားတွေ ပုံစံအမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
"မတရားတဲ့အမိန့်အာဏာတွေကို ဆက်တိုက်ဖီဆန်ဖို့ ကြိုးစားနေတဲ့၊ ဆက်တိုက်ကျော်လွှားဖို့ ကြိုးစားနေတဲ့ ဆက်တိုက်ဖျက်သိမ်းပစ်ဖို့ ကြိုးစားနေတာကကနေ ခင်ဗျားတို့ ရန်ကုန်မှာကြည့်ရင်တွေ့နိုင်တယ်၊ မန္တလေးမှာကြည့်ရင် တွေ့နိုင်တယ်၊ အဲဒီလိုပဲ နိုင်ငံအနှံ့မှာ တွေ့နိုင်တယ်၊ ကျွန်တော်တို့လူငယ်တွေ၊ ကျွန်တော်တို့ ကျောင်းသားတွေ၊ ကျွန်တော်တို့ ဗကသတွေ၊ ဗကသ မျိုးဆက်တွေ လူနည်းရင်နည်းမယ် တိုက်ပွဲဝင်ရတဲ့ပုံစံက သေးကောင်းသေးနိုင်တယ် ဒါပေမဲ့ သူတို့ရဲ့တိုက်ပွဲဝင်မှုအရှိန်က သိပ်ကြီးတယ်။’’
အင်္ဂလိပ်ကိုလိုနီနဲ့ ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်ခဲ့ရာမှာ ဗကသ ကျောင်းသားတွေပါဝင်ခဲ့ပြီး လွတ်လပ်ရေးရပြီးတဲ့နောက် စစ်အာဏာရှင်အဆက်ဆက်ကို ဒီနေ့အထိ တိုက်ပွဲဝင်တော်လှန်နေတုန်းပဲလို့လည်း ဦးအောင်မိုးဇော်က ဆိုပါတယ်။
ဗကသများအဖွဲ့ချုပ်ဟာ အာဏာရှင်တွေကိုတော်လှန်ရင်း အောင်ပွဲခံဦးမှာပဲလို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ဦးလွမ်းဏီကလည်း ဆိုပါတယ်။
"ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ဟာ အောင်ပွဲအဆက်ဆက်ခံဖူးတယ်၊ အောင်ပွဲအဆက်ဆက်ကိုလည်း ခံဦးမယ်လို့ ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ကြွေးကြော်ထားတာ ဖြစ်တယ်၊ တစ်ဖက်မှာလည်း ကျွန်တော်တို့ဟာ ခုနပြောသလို ငြိမ်းချမ်းရေးနဲ့ လူ့အဖွဲ့အစည်း ပညာရေးကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုလည်း အားစိုက်ခွန်စိုက် အသက်သွေးချွေးပေးပြီးတော့ ဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။’’
ဗကသဟာ ပြည်သူတွေကိုယ်စား တော်လှန်တိုက်ပွဲဝင်နေတာလို့ ဗကသ မျိုးဆက်ကျောင်းသား ကိုမင်းသွေးသစ်က ဆိုပါတယ်။
"ဒီ ဗကသ ဘာကြောင့်မို့လို့ ဒီအချိန်အထိ ရပ်တည်ရတာလည်းဆိုတော့ ကျွန်တော်တို့လည်းနိုင်ငံရေး စလုပ်တုန်းက တစ်လျှောက်လုံး အဆဲခံရတာ၊ အဆဲခံရတယ် နိုင်ငံရေးလုပ်လာတဲ့အချိန် ရောက်လာတဲ့အထိ အဆဲခံရတယ်၊ တစ်ချက်ပဲ ဥပမာ ကျွန်တော်ပြောပြပါမယ် ရခိုင်မှာ အင်တာနက်ဖြတ်တယ်၊ ကျွန်တော် တို့မြင်တာက အင်တာနက်ဖြတ်ရုံပဲ အဲဒီဖြစ်စဉ်ကိုမြင်တာမဟုတ်ဘူး စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်တွေ ဂျီနိုဆိုက်လုပ်မယ်ဆိုတာ ကျွန်တော်တို့သိတယ်၊ ဒါကြောင့်မို့ ဆက်သွယ်ရေးကို စစ်အုပ်စုက ဖြတ်တာ၊ ကျွန်တော်တို့သည် လှမ်းမြင်တယ် ဒါကြောင့်မို့လို့ မြို့လယ်ခေါင် ဆူးလေမှာ ဆန္ဒပြတယ်။ အဲဒီအချိန်မှာ မေမေ့အစိုးရလက်ထက်ဆိုပြီး ကျွန်တော်တို့ကိုဝိုင်းဆဲကြတယ်၊ ဒါတွေက နိုင်ငံရေးအပါးမဝတဲ့ ပြဿနာတွေကြောင့်မို့ ၄ ကြိမ်မြောက်အာဏာသိမ်းခံရတာ၊ အဲဒါကိုမှကျွန်တော်တို့မသိသေးဘူးဆိုရင် နောက်ထပ် ၅ ကြိမ်မြောက် ၆ ကြိမ်မြောက် ထပ်လာပါလိမ့်မယ် ကိုယ့်မျိုးဆက် ကိုယ့်သားသမီးတွေ လက်ထက်ရောက်ရင်လည်းပဲ မိဘရင်ခွင်ကိုခွဲပြီးတော့ တောထဲကိုနောက်ထပ် ကျွန်တော်တို့ရဲ့ တူ၊ တူမ တွေ သားသမီးတွေ ဆက်ပြီးတော့ နောက်အနှစ် ၃၀ လောက်သွားရဦးမယ်၊ ဒီလိုမျိုးအဖြစ်တွေထပ်ဖြစ် လာရဦးမယ်။”
တရားမျှတတဲ့ ဒီမိုကရေစီစနစ်ပြန်ရဖို့ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲဝင်နေချိန်မှာ တော်လှန်ရေး အဖွဲ့အစည်းအားလုံး စည်းလုံးညီညွတ်ကြဖို့ကိုလည်း အခမ်းအနားမှာ တိုက်တွန်းခဲ့ကြပါတယ်။