တပ်နဲ့ တရုတ်အစိုးရ ဆက်ဆံရေး
ပြီးခဲ့တဲ့လတွေအတွင်း တရားမဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီး အရေးယူတယ်ဆိုတဲ့ သတင်းတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တို့က ထုတ်ပြန်ခြင်း မရှိဘဲ တပ်မတော်ကပဲ ပုံမှန်ထုတ်ပြန်ကြေညာနေတာ တွေ့ရပါတယ်။ ဒါဟာ တပ်မတော်က တရုတ်နဲ့ ပတ်သက်ပြီး တစ်ခုခု ဆောင်ရွက်နေတာလား၊ တပ်မတော်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ရဲ့လား လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
-
အောင်သိင်္ခ
2020-10-09 -
-
-
ပြီးခဲ့တဲ့လတွေအတွင်း တရားမဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီး အရေးယူတယ်ဆိုတဲ့ သတင်းတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တို့က ထုတ်ပြန်ခြင်း မရှိဘဲ တပ်မတော်ကပဲ ပုံမှန်ထုတ်ပြန်ကြေညာနေတာ တွေ့ရပါတယ်။ ဒါဟာ တပ်မတော်က တရုတ်နဲ့ ပတ်သက်ပြီး တစ်ခုခု ဆောင်ရွက်နေတာလား၊ တပ်မတော်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ရဲ့လား လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
လေ့လာသူတွေကြားထဲမှာတော့ ဒီထုတ်ပြန်ချက်တွေဟာ တပ်မတော်က တရုတ်ကို ဆက်ဆံရေး ပြောင်းလဲနေတယ်ဆိုတာကို ပြသနေတာဖြစ်နိုင်တယ်လို့ ယူဆသူရှိသလို ဆက်ဆံရေးက ပုံမှန်အတိုင်း ကောင်းနေတယ်လို့ ယူဆသူလည်း ရှိပါတယ်။
မြန်မာနိုင်ငံအတွင်း တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးအရေးယူခံရတဲ့ သတင်းတွေကို မတ်လလယ်ကနေ စက်တင်ဘာလလယ် ခြောက်လတာအတွင်း ၂၇ ကြိမ် တွေ့ခဲ့ရပါတယ်။
ဖမ်းဆီးမှု အများစု တရုတ်နယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့မှာဖြစ်ပြီး အမှုနှစ်ခုမှာတော့ လက်နက်ကိုင်ဆောင်မှု ပါဝင်ပါတယ်။ အမှုအများစုကတော့ ခရီးသွားလာနေကြစဉ် ဖမ်းဆီးရမိတာလို့ သိရပါတယ်။ ဒီအထဲမှာ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ နေပြည်တော်ကောင်စီတို့မှာ ပေါ်ပေါက်ခဲ့တဲ့ အမှုတွေလည်း ပါဝင်ပါတယ်။
ဖမ်းဆီးခံရတာ စုစုပေါင်း လူဦးရေအားဖြင့် ၂၁၅ ဦးဖြစ်ပြီး ဒီသတင်းတွေကို ပုံမှန် ထုတ်ပြန်နေတာက ရဲတပ်ဖွဲ့မဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံး၊ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့တို့ရဲ့ အင်တာနက် စာမျက်နှာတွေ ဖြစ်နေပါတယ်။
ဒီသတင်းထုတ်ပြန်ချက်တွေက တပ်မတော်နဲ့ တရုတ်ဆက်ဆံရေး အခြေအနေနဲ့ သက်ဆိုင်နေသလား၊ နှစ်ဖက်ဆက်ဆံရေးကောင်းရဲ့လားလို့ မေးစရာ ရှိလာပါတယ်။
သီပေါမြို့နယ်ရဲ့ ယခင် ပြည်သူ့လွှယ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက တပ်မတော်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးက အေးစက်နေတယ်လို့ သုံးသပ်ပါတယ်။
တပ်မတော်က ရေငုပ်သင်္ဘောဝယ်ယူရာမှာ တရုတ်ကို အားမကိုးဘဲ တခြားနိုင်ငံကို ရွေးချယ်လိုက်ခြင်းဟာလည်း ဆက်ဆံရေး အဆင်မပြေရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ် တရုတ်နယ်စပ် ဒေသမှာ ၁၅ နှစ်ခန့် နေထိုင်ခဲ့ဖူးတဲ့ ဦးရဲထွန်းက ပြောပါတယ်။
“ရေငုပ်သင်္ဘော ဝယ်ယူရေးကိစ္စတွေ၊ တရုတ်ရေငုပ်သင်္ဘောကို ယူမယ်လို့ စဉ်းစားပြီးကာမှ မယူဖြစ်တော့ဘဲနဲ့ အိန္ဒိယရဲ့ ရေငုပ်သင်္ဘောကို ဝယ်လိုက်တာမျိုးတွေ အဲဒီလို အဆင်မပြေမှုလေးတွေလည်းရှိတယ်ဗျ။ သိပ်ပြီးတော့ ဆက်ဆံရေးက မကောင်းလှဘူး။ သိပ်ပြီး ဗြောင်တင်းတင်းမာမာ မဖြစ်လာသေးဘူးပေါ့။ အထူးသဖြင့်တော့ တရုတ်ပြည်ဘက်က အဲဒီကိစ္စကို ထိန်းတယ်”
နိုင်ငံတော်အာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင်လာတဲ့ တပ်မတော်ဟာ နိုင်ငံရဲ့ ဦးဆောင်မှုကဏ္ဍမှာ အလိုအလျောက် ပါဝင်နိုင်အောင် ၂၀၀၈ အခြေခံဥပဒေမှာ ပြဋ္ဌာန်းနိုင်ခဲ့တာကြောင့် မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ဆက်ပြီးတော့ ပါဝင်နေတဲ့အထိ သြဇာ တည်ဆောက်ထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်ကို တရုတ်က နိုင်ငံတကာမျက်နှာစာမှာ အကာအကွယ်ပေးနေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်မယ့် ကြေညာချက်တစောင်မှာ ပြင်းထန်တဲ့ စကားလုံး မသုံးဖို့တောင် တရုတ်က ကန့်ကွက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ တပ်မတော်အနေနဲ့ တရုတ် တစ်နိုင်ငံတည်းကိုပဲ အားကိုးမှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့အခြေစိုက် တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ပြောပါတယ်။
“ကျနော်တို့ အမြင်အရဆိုရင်တော့ တခြားသူ့ရဲ့ ဆက်ဆံဘက်တွေကိုပေါ့ ဖြန့်ကျက်လာတယ်။ တရုတ်တစ်ခုတည်း မှီခိုလို့ မရဘူးဆိုတဲ့ သဘောမျိုး ကျနော်တို့ တွေ့လာရတယ်။ ဒါ မဟာဗျူဟာ ဆက်ဆံရေး သဘောမျိုးထားပြီးတော့ ဆက်ဆံလာတာ တွေ့ရတယ်။ ဒါပေမဲ့ သိပ်မကြာသေးခင် အခြေအနေမှာပေါ့၊ ရှရုားက ပြန်လာတယ်၊ ဒီလက်နက်ကိုင်အဖွဲ့တွေကို နောက်ကနေပြီးတော့ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ သဘောမျိုး ပြောလာတဲ့ နောက်ပိုင်းမှာတော့ တရုတ်နဲ့ ဆက်ဆံရေးက တော်တော်လေး အေးခဲလာတဲ့သဘောမျိုးတွေ့ရတယ်။”
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ မပါဝင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားဟာ တရုတ်နယ်စပ်နဲ့ နီးစပ်တဲ့ နိုင်ငံမြောက်ပိုင်းဒေသမှာ အခြေစိုက်လှုပ်ရှားနေကြတာပါ။ ဒီထဲမှာ မကြာသေးခင် နှစ်တွေအတွင်း အင်အားကောင်းလာတဲ့အဖွဲ့တွေလည်း ပါဝင်ပြီး သူတို့ကို တရုတ်နိုင်ငံက တစ်နည်းတဖုံ အထောက်အကူပေးနေတယ်လို့ အများက ယူဆထားကြတာပါ။
ရန်ကုန်အခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုလို့ခေါ်တဲ့ ISP-Myanmar အဖွဲ့ရဲ့ တရုတ်ရေးရာ သုတေသီ ဒေါ်ခင်ခင်ကျော်ကြီးက တပ်ကတော့ တရုတ်ကို သတိထားပြီး ဆက်ဆံနေပုံရတယ်လို့ သုံးသပ်ပါတယ်။
“တပ်အနေနဲ့ ပြောလို့ရတာကတော့ လေ့လာမိသလောက်ကတော့ တရုတ်ပေါ်မှာ လုံးဝကို တရုတ်နဲ့ ပေါင်းလိုက်မယ့် တရုတ်ကို လုံးဝကိုမှီခိုလိုက်မယ်ဆိုတာမျိုးထက် တရုတ်ကိုဆက်ဆံတဲ့အခါမှာတော့ သတိထားပြီး ဆက်ဆံတယ်၊ အမြဲကြီး သူ့ကို မှီခိုမနေရဘူး၊ ငြိမ်းချမ်းကိစ္စမှာပဲ ဖြစ်ဖြစ်ပေါ့နော်၊ အထူးသဖြင့် လက်နက်ကိစ္စမှာပေါ့၊ တပ်အနေနဲ့ကလည်း တရုတ်က တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်မှာ ထောက်ပံ့နေတယ်၊ ပံ့ပိုးနေတယ်ဆိုတဲ့အမြင်လည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ အခါကျတော့ အဲဒီအပေါ်မှာလည်း အဆင်မပြေတာမျိုးပေါ့နော်၊ မီးစတစ်ဖက် ရေမှုတ် တစ်ဖက် တရုတ် ကိုင်တွယ်နေတယ် ဆိုတာမျိုးကိုတော့ အဲဒီလိုခံစားချက်မျိုး၊ နားလည်မှုမျိုးရှိပုံရတယ်”
ကပ်ဘေးကာလအတွင်း တပ်မတော်က တရုတ်နိုင်ငံသား တရားမဝင် ဝင်ရောက် နေထိုင်လို့ ဖမ်းဆီးအရေးယူတဲ့သတင်းတွေ ဆက်တိုက် ဖော်ပြခဲ့တယ် ဆိုပေမယ့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တရုတ်နဲ့ ဆက်ဆံရေး ကောင်းနေတယ်လို့ ပြောပါတယ်။
“တရုတ်နဲ့ မြန်မာ့တပ်မတော် ကြားမှာတော့ ကျနော်တို့ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ဆက်ဆံမှု ရှိပါတယ်။ ဖမ်းဆီးရမိတယ် ဆိုတဲ့ဟာတွေသည် သူ့နိုင်ငံဥပဒေ ကိုယ့်နိုင်ငံဥပဒေ အရပါပဲ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံသားတွေ အဓိကဖမ်းဆီးရမိတာလည်း အဓိကကတော့ တပ်မတော်အနေနဲ့ကတော့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဓိကဆောင်ရွက်နေတာဖြစ်တယ်။ ဒီအပေါ်မှာလည်း တရုတ်နိုင်ငံရဲ့ သဘောထားကလည်း ကျနော်တို့ နိုင်ငံရဲ့ ဥပဒေအတိုင်းပဲဖြစ်ပါတယ် ခင်ဗျ။ ”
တပ်ကနေ အငြိမ်းစားယူပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနမှာ ထိပ်တန်းတာဝန်တွေ ထမ်းဆောင်ခဲ့ဖူးသူ ဦးရဲထွဋ်ကလည်း ပြီးခဲ့တဲ့ အစိုးရ လက်ထက် ကိုးကန့်ဒေသ တိုက်ပွဲကာလမှာ တပ်မတော်က ပစ်ခတ်တာကြောင့် တရုတ်ပြည်ထဲ ကျည်ဆံ ကျရောက်ဖူးပေမယ့် ပြေလည်အောင် ဖြေရှင်းခဲ့ကြတယ်လို့ ထောက်ပြတယ်။
“အရင်တုန်းကလည်း ပြဿနာတွေရှိခဲ့တယ်၊ ဖြေရှင်းလို့ရတယ်။ အခုလည်း ပြဿနာတွေရှိတယ်။ ဒါပေမဲ့ ဖြေရှင်းနိုင်မယ်လို့ပဲ ကျနော်မြင်ပါတယ်။ ဒါကြီးကို နှစ်နိုင်ငံဆက်ဆံရေး လုံးဝ အေးစက်သွားမယ်၊ တပ်မတော်ဆက်ဆံရေး လုံးဝလအေးစက်သွားမယ်၊ တပ်မတော်နဲ့ ဆက်ဆံရေး အေးစက်သွားမယ် ဆိုတာ မြင်နေတာမျိုးကတော့ စိုးရိမ်လွန်ကဲ တာလည်း ဖြစ်နိုင်တယ်၊ သို့သော် အဆိုးမြင်တာလည်း ဖြစ်နိုင်ပါတယ်”
ဇူလိုင်လအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် တို့နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး၊ ငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါးနဲ့ နှစ်နိုင်ငံအကြား နယ်စပ်လုံခြုံရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တပ်က သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်အစိုးရက ကပ်ဘေးကာလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးဆိုင်ရာ ပစ္စည်းအများအပြား လှူဒါန်းလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကို အထောက်အကူပစ္စည်းနဲ့ နည်းပညာအကူအညီတွေ ပေးခဲ့သလို တပ်မတော်ကိုလည်း သီးသန့်ကူညီခဲ့တာ တွေ့ရပါတယ်။
တရုတ်ပြည်မှာ ဆယ်စုနှစ်များစွာ နေထိုင်နေတဲ့ ဒေါက်တာလှကျော်ဇောကတော့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်နေတဲ့ တရုတ်အစိုးရဟာ စီမံကိန်းဖြတ်သန်းသွားတဲ့ နေရာတွေမှာ တည်ငြိမ်မှုရှိတာ လိုလားသလို တပ်မတော်နဲ့လည်း ဆက်ဆံရေး ထူးထူးခြားခြား ပြောင်းလဲမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။
“တရုတ်ကတော့ သူ့ရဲ့နောက်ဆုံး သေနင်္ဂဗျူဟာအစီအစဉ်ကတော့ သူက ဗမာပြည်က ပိုးလမ်းမကြီး အဲဒီဟာကြီးကို သူက တော်တော်ကို တွန်းတွန်းတိုက်တိုက်ကို လုပ်နေတယ်လေ။ အဲဒီကိစ္စအတွက်ကတော့ ဒီနယ်စပ်တလျှောက် ငြိမ်းချမ်းမှ ဖြစ်မှာကိုး။ ဒါပေမဲ့ အဲဒီငြိမ်းချမ်းရေးက သူတို့က ဘေးက အကူအညီပဲဖြစ်မယ်”
တပ်မတော်နဲ့ တရုတ်အစိုးရ ဆက်ဆံရေး အေးစက်တယ်ဆိုတာလည်း ခဏတာ ဖြစ်လိမ့်မယ်လို့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။