လူထုဒေါ်အမာ ၁ဝ၃ နှစ်မြောက်မွေးနေ့
2018.11.29
ကွယ်လွန်သူ သတင်းစာဆရာ- စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ ၁ဝ၃ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲကို အမရပူရမြို့နယ် တောင်လေးလုံးကျောင်းတိုက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
RFA သတင်းထောက် မခေမဏီဝင်း တင်ပြထားပါတယ်။
ဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့ အထိမ်းအမှတ်ပွဲကို သူရဲ့ မိသားစုဝင်တွေနဲ့ ချစ်ခင်လေးစားကြသူတွေက အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်းတိုက်မှာ နှစ်စဉ်ဆိုသလို ကျင်းပခဲ့ကြပါတယ်။
ဒီနေ့ အခမ်းအနားကို တက်ရောက်လာကြသူတွေက လူထုဒေါ်အမာ မျှော်လင့်တောင့်တခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေချင်ကြောင်း ပြောကြပါတယ်။
ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည် ) က လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်ဆောင်ဆန်း စုကြည် အပေါ်ထားတဲ့ လူထုဒေါ်အမာရဲ့ မေတ္တာစေတနာကို အခုလိုပြောပါတယ်။
"မစု ဇာတာရှာပေးစမ်း၊ ဘာလုပ်ဖို့တုန်းဆိုတော့ သူ့အဖိုး လေးတိုင်စင်ရွာနားမှာ အသတ်ခံရတယ်။ မင်းရွတ် စမ်းပေါ့။ သူ့အဖေ အောင်ဆန်း မင်းရွတ်စမ်း၊ သူများလက်ချက်နဲ့သေတာ။ ငါ့သမီးမစု၊ ငါသိချင်တယ်။ သူများ လက်ချက်နဲ့ သေဖို့ကံပါလားတွက်စမ်းတဲ့၊ ဒေါ်ဒေါ် ဗေဒင်ဝါသနာမပါဘူးထင်တာ။ မစုပေါ်ထားတဲ့မေတ္တာ ကြီးတယ်။ နောက်တစ်နေ့သွားတော့ အင်မတန် အိန္ဒြေကြီးတဲ့အမျိုးသမီးကြီးပျော်နေတာ။ မစု သူများလက်ချက်နဲ့ သေဖို့ကံမပါဘူးဆိုပြီး။ မစုဆိုတာ ငါတို့အမေရဲ့မေတ္တာရတယ်။"
လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲကို ၂၀၁၆ ခုနှစ်က ဒေါက်တာဇော်မြင့်မောင် ဦးဆောင်တဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ တက်ရောက်ခဲ့ကြပြီး ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ်မှာတော့ တက်ရောက်လာတာကို မတွေ့ရပါဘူး။
သတင်းစာဆရာကြီး လူထုသစ်လွင်ကလည်း လူထုဒေါ်အမာတို့ ဦးဆောင်ထုတ်ဝေတဲ့ လူထုသတင်းစာရဲ့ ခေါင်းကြီးပိုင်းကလည်း ငြိမ်းချမ်းရေးအကြောင်းပဲ ဖြစ်လေ့ရှိတယ်လို့ အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေးပဲလိုချင်တယ်ဆိုတဲ့စာက လူထုဂျာနယ်ရဲ့ခေါင်းကြီးပိုင်းပါ။ ၁၉၅၇ ခုနှစ်လောက်ကတည်းက ပြောလာတဲ့စကားပါ။ ၅၇ မှာ မှတ်မှတ်ရရပါ။ ဒေါ်ဒေါ်ကလည်း ရေးပါတယ်။ ဒေါ်ဒေါ်ရဲ့ ဆန္ဒလည်းပြည့်စေ ချင်သလို ပြည်သူလူထုရဲ့ဆန္ဒလည်းပြည့်အောင် ငြိမ်းချမ်းရေးကို ဝိုင်းဝန်ပြီးလုပ်ကြပါစို့လို့ ပြောရင်းနဲ့ အမေ့ကို သတိရကြောင်းလေးပြောပါရစေ။"
မန္တလေးမြို့ခံ စာရေးဆရာ ဆူးဌက်က လူထုဒေါ်အမာဟာ လက်ရှိသတင်းစာဆရာနဲ့ စာရေးဆရာတွေအပေါ်မှာ လွမ်းမိုးမှုရှိပြီး စာပေလောကအတွက် အဖိုးမဖြတ်နိုင်တဲ့ ကျေးဇူးတွေရှိတယ်လို့ ပြောပါတယ်။
"ကလောင်တစ်ချောင်းကိုင်လိုက်တာနဲ့ သည်ကလောင်က အရာရောက်ပါတယ်။ အစွန်းနှစ်ဖက်ကို မရောက်အောင် ဘယ်သူ့အတွက်ချီးမွမ်းမှာလည်း၊ ဘယ်သူ့အတွက်ကဲ့ရဲ့မှာလည်း၊ ဘယ်နေရာက ရေးမှာလဲ၊ ဘယ်သူ့အတွက်ရေးမှာလဲ ဆိုတာကို ခေါင်းထဲထည့်ပြီးတော့မှ ရေးကြရတဲ့ သည်ကျေးဇူးတွေက အင်မတန် ကြီးပါတယ်။ ရှေ့လျောက်လည်း ကလောင်ကိုင်နိုင်တဲ့ သက်တမ်းတလျှောက်လုံးလည်း ဒေါ်ဒေါ် သြဝါဒတွေ၊ သွန်သင်မှုတွေနဲ့ ဆက်လက်သတိထားပြီးကိုင်ကြရမှာ။ လူထုဒေါ်အမာကိုင်ဆွဲခဲ့သော ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီးရေး၊ လူတန်းစာညီမျှရေးဆိုတဲ့ အချက်အလက်တွေနဲ့ ရေးနေရအုံးမှာမို့ ဒေါ်ဒေါ်ရဲ့ ၁၀၃ နှစ်မြောက်မွေးနေ့ မှသည် နှစ်ပေါင်း ထောင်ချီအောင်ရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်။"
စာရေးဆရာမကြီး လူထုဒေါ်အမာ ကို ၁၉၁၅ ခုနှစ် မန္တလေးမြို့ ဂု န္တန်ရပ်ကွက်မှာ မွေးဖွားခဲ့ပြီး ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ မန္တလေးဆေးရုံကြီးမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။