KIA နဲ့ ကလေးစစ်သား အသုံးပြုမှု

ကျော်လွင်ဦး
2020.10.02

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ရှမ်းနီမျိုးနွယ်စုတွေ၊ ရှမ်းမျိုးနွယ်စုတွေနဲ့ ကချင်မဟုတ်တဲ့ တိုင်းရင်းသားတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ နှစ်လယ်ပိုင်းအထိ  ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက တိုင်ကြားထားကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ SEA က ပြောပါတယ်။

အဖမ်းခံရသူ ၆၀၀ ကျော်ရှိပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက်ကလေးတွေကို ကလေးစစ်သားအဖြစ် ဖမ်းဆီးသွားတာလို့ မြန်မာပြည် (မြောက်ပိုင်း) သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA) ဒုဥက္ကဋ္ဌ စိုင်းခင်မောင်အေးက ပြောပါတယ်။

"ကျနော်တို့ဆီ စာရင်းရောက်တာက ၆၀၀ ကျော်သွားပြီ၊ ဖမ်းဆီးတာ၊ ငွေညစ်တာ၊ တောင်းတာတွေက ၆၀၀ ကျော်သွားပြီ။ ဟိုတလောတုန်းက လူငယ်အခွင့်ရေးနဲ့ဆိုင်တဲ့ UN ကနေတောင်းလို့ သီးခြားပြုစုပေးတာရှိတယ်၊ ကလေးစစ်သား စုဆောင်းခံရတာ ၈၁ ယောက်ပါဗျ"


ဒီစာရင်းတွေဟာ တိုင်းကြားလာတဲ့စာရင်းဖြစ်ပြီး ဘယ်နှစ်ယောက်ပြန်လွှတ်တယ်၊ ဘယ်လောက် ဆက်လက်ဖမ်းဆီးခံထားရတယ် ဆိုတာတော့ မသိဘူးလို့ စိုင်းခင်မောင်အေးက ပြောပါတယ်။
အဖမ်းခံရသူ အများစုက ရှမ်းနီတိုင်းရင်းသားတွေ ဖြစ်တယ်၊ KIA တပ်ထဲ တာဝန်ထမ်းဖို့ လူသစ်စုဆောင်းတာဖြစ်ပြီး တချို့ကိုတော့ ငွေနဲ့ပြန်ရွေးခိုင်းတယ်လို့  သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေ ပြန်လည်လွတ်မြောက်ဖို့ နိုင်ငံတော်သမ္မတ၊ တိုင်းစစ်ဌာနချုပ်၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်ကွန်ရက်၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတို့ကို စာပေးပို့ အကူအညီတောင်းထားပေမယ့် ခုချိန်ထိ ထူးခြားမှုမရှိသေးဘူးလို့ ဆိုပါတယ်။

မိုးညှင်းမြို့နယ် ညောင်တောင်ကျေးရွာက  လူငယ်တစ်ဦးဟာ KIA က ဖမ်းသွားချိန်မှာ  ၁၆ နှစ်အရွယ် ဖြစ်တယ်လို့ သူ့မိခင်က ဆိုပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိခင်က သားဖြစ်သူ ပြန်လွတ်ရေး ခြောက်နှစ်ခွဲ ကြိုးပမ်းခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"ကျမသားက ၂၀၁၂ လေးလပိုင်းတုန်းက KIAအဖွဲ့က စစ်သားစုဆောင်းတာ ခံရတယ်၊ ကြားထဲမှာ တော်တော်လေး ကြာခဲ့တယ်၊ ခြောက်နှစ်နဲ့ ခြောက်လကြာခဲ့တယ်၊ ကျမတို့ အဲဒီကြားထဲမှာ စာနဲ့တောင်းတာ။ စာတွေတင်တယ်၊ ဖြေရှင်းရေးရုံးမှာ။ ဒါပေမဲ့ သူတို့က ပြန်မလွှတ်ပေးဘူး၊ ကျမသားလေးဟာ မနေနိုင်တဲ့အခါကျတော့ သူနည်းသူဟန်နဲ့ ပြန်ထွက်ပြေးလာတယ်လေ"

သားဖြစ်သူဟာ  အခုချိန်ထိ ရွာမှာမနေရဲဘဲ မြန်မာပြည်အောက်ပိုင်းမှာ တိမ်းရှောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်မေးမြန်းရာမှာ အောက်ခြေကို စိစစ်နေတယ်လို့ ပြောပါတယ်။

"အဲဒါကတော့ ကျနော်တို့ အတိအကျပြောလို့မရသေးဘူး၊ ရှေ့တန်းက တပ်ဖွဲ့တွေ ဘယ်လိုလုပ်သလဲဆိုတာကို စစ်ဆေးနေတုန်းဖြစ်ပါတယ်၊ သူတို့ပြောသလို အမှန်တကယ်ဖြစ်သလား၊ ဒါမှမဟုတ်လို့ရှိရင်တော့ ဘယ်လိုစွပ်စွဲသလဲဆိုတာ ကျနော်တို့ စစ်ဆေးရတာဖြစ်ပါတယ်၊ ကျနော်တို့ရှေ့တန်းကလူတွေက စုဆောင်းတာ မရှိဘူးဆိုရင်တော့ စွပ်စွဲတာ မှန်ကန်မှုမရှိဘူး ဖြစ်သွားမှာပေါ၊ ခုလောလောဆယ် စစ်ဆေးနေတုန်းဖြစ်ပါတယ်"


ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ လှုပ်ရှားတဲ့ KIA မှာ လက်နက်ကိုင်အင်အား ၁၀၀၀၀ နဲ့ ၁၂၀၀၀ ကြားရှိမယ်လို့  BNI လို့ ခေါ်တဲ့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့က ပြုစုတဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန် အကိုးအကား ၂၀၁၈ - ၂၀၁၉ စာအုပ်မှာ ခန့်မှန်းထားပါတယ်။

ကချင်ပြည်နယ်မှာ လူမျိုးရေးအရ တာဝန်ယူလိုမှု၊ လက်တုံ့ပြန်လိုမှု၊ တရားမျှတလိုမှု စတဲ့ ခံစားချက်တွေအပြင်၊ သက်မွေးဝမ်းကျောင်း အလုပ်အကိုင် ရှားပါးနေတာတွေဟာ အရွယ်မရောက်သေးသူတွေ စစ်သားဖြစ်ဖို့ အဓိကတွန်းပို့နေတဲ့ မောင်းနှင်အားတွေဖြစ်နေကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာ ကလေးစစ်သားများဆိုင်ရာအဖွဲ့ Child Soldiers International က ၂၀၁၅ ဇူလိုင်လမှာထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာက ထောက်ပြထားပါတယ်။ တချို့ဖြစ်ရပ်တွေမှာ ဆုံးမရခက်တဲ့ကလေးတွေကို မိဘတွေကိုယ်တိုင်က လက်နက်ကိုင်အဖွဲ့ထဲ ထည့်လိုက်တာတွေ တွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ရန်ကုန်အခြေစိုက် လူ့အခွင့်ရေး ပညာပေးအဖွဲ့အစည်း  ညီမျှခြင်းမြန်မာရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ အသက်မပြည့်သေးသူကို စစ်မှုထမ်းခိုင်းတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲလို့ ပြောပါတယ်။

"အစိုးရကပဲ ကျူးလွန်ကျူးလွန်၊ လက်နက်ကိုင်အဖွဲ့ကဘဲ ကျူးလွန် ကျူးလွန် ဒါက ကလေးအခွင့်အရေး ချိုးဖောက်တာဖြစ်သလို့ စစ်ရာဇဝတ်မှု မြောက်ပါတယ်၊ ပိုမိုဆိုးဝါးတာက တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့က တခြားတိုင်းရင်းသားကလေးတွေကို စစ်သားစုဆောင်းခြင်းက ကလေးအခွင့်အရေး မကဘဲနဲ့ လူမျိုးရေးပဋိပက္ခ လူမျိုးရေး ခွဲခြားမှု၊ ဖိနှိပ်မှုလမ်းကို သွားစေတဲ့အတွက် ဒါကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်သလို ဒီကလေးတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ပြန်လွတ်လာတဲ့ ကလေးတွေ၊ လွတ်မြောက်အောင် လုပ်ပေးတဲ့သူတွေကို ထပ်မံအရေးယူ အန္တရာယ်ပေးတာမျိူးတွေမလုပ်ဖို့ ထပ်မံ တိုက်တွန်းလိုပါတယ်"


ကုလသမဂ္ဂရဲ့ ၂၀၁၈ ခုနှစ် ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက အသက်မပြည့်သေးသူကို စစ်မှုထမ်းဖို့ ခေါ်ယူ စုဆောင်းတာ၊ တိုက်ပွဲမှာ စစ်သားအဖြစ် အသုံးပြုတာတွေရှိနေတယ်လို့ ထောက်ပြထားပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရင်က ရှိခဲ့တဲ့ အသက်မပြည့်တဲ့ စစ်သားတွေကို သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြန်လွှတ်ပေးနေသလို ထပ်ပြီး မစုဆောင်းဖို့လည်း ညွှန်ကြားထားပြီးဖြစ်တယ်လို့ RFA ကို ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင်လက ပြောထားပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ ပပျောက်ရေးအတွက် မြန်မာနိုင်ငံ စောင့်ကြည် လေ့လာရေးနဲ့ အစီရင်ခံစာ တင်ပြရေး လုပ်ငန်းအဖွဲ့ UNCTFMR အဖွဲ့နဲ့ တပ်မတော်တို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးထားပါတယ်။

အဲဒီ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ တပ်မတော်က အသက် မပြည့်သေးချိန်မှာ စစ်မှုထမ်းခဲ့ရသူ  တစ်ထောင်နီးပါးကို မိဘတွေထံကို ၁၆ ကြိမ် လွှဲပြောင်းအပ်နှံပေးခဲ့တယ်လို့ UNICEF ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ကုလသမဂ္ဂရဲ့ ၂၀၁၈ ခုနှစ်အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေထဲမှာ ကလေးစစ်သား တစ်သောင်းနှစ်ထောင်ထက်မနည်း သေဆုံးတာ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။