တောထဲမှာ တစ်လကြာပုန်းနေရတဲ့ အောင်လော့ဒ်ဒေသခံတွေ မြို့ပေါ်ရောက်

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာကနေ တောထဲမှာပုန်းနေတဲ့ ပြည်သူ ၆ဝ ကျော်ဟာ တနိုင်းမြို့နဲ့ မြစ်ကြီးနားမြို့တွေကို မနေ့က ရောက်ရှိလာကြတယ်လို့ တနိုင်းမြို့ RC ဘုရားကျောင်း Camp တာဝန်ခံ ဆရာ နော်တောင်က ပြောပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာကနေ တောထဲမှာပုန်းနေတဲ့ စစ်ဘေးရှောင်တချို့ကို တွေ့ရစဉ် Photo: Kachin Youth Movement - facebook

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာကနေ တောထဲမှာပုန်းနေတဲ့ ပြည်သူ ၆ဝ ကျော်ဟာ တနိုင်းမြို့နဲ့ မြစ်ကြီးနားမြို့တွေကို မနေ့က ရောက်ရှိလာကြတယ်လို့ တနိုင်းမြို့ RC ဘုရားကျောင်း Camp တာဝန်ခံ ဆရာ နော်တောင်က ပြောပါတယ်။

တောထဲမှာ တစ်လကျော်ကြာ တိမ်းရှောင်နေခဲ့ရပြီး အခုမှ တနိုင်းမြို့ပေါ်ကို ရောက်လာခဲ့ကြတာလို့ ဆရာ နော်တောင်က ပြောပါတယ်။

"နဂိုကတော့ အောင်လော့ဒ်ကျေးရွာမှာနေတာပေါ့၊ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့အတွက် တောမှာ သူတို့တိမ်းရှောင်နေ တယ်၊ အခုကတော့ အစားအသောက်လည်း ခက်ခဲလာတယ်၊ မိုးတွင်းလည်းရောက်လာတဲ့အတွက် နည်းလမ်း ရှာပြီးမှ တနိုင်းဘက်ကိုရောက်လာတာ၊ တိုက်ပွဲဖြစ်တာက ဧပြီလ ၁၁ ရက်ကနေစဖြစ်တယ်ဆိုတော့ အဲဒီကနေမှ တောထဲမှာနေတာပေါ့၊ တောထဲမှာ တစ်လကျော်ကျော်ရှိမှာပေါ့၊ ရောက်လာတာကတော့ အားလုံးပေါင်း ၆၄ ယောက်၊ အမျိုးသမီးက ၂၉ ၊ ကျားက ၃၅ ၊ ၆၄ ဦးထဲက ၂၅ ဦးက မြစ်ကြီးနား ဒီနေ့ ဆင်းသွားတယ်"

တနိုင်းနဲ့ အောင်လော့ဒ်ကျေးရွာဟာ ကားလမ်းအတိုင်းဆို မိုင် ၂ဝ နီးပါးလောက်သာဝေးပေမယ့် တောထဲကနေ တနိုင်းမြို့ဘက်ကို ပုန်းပြီးလာခဲ့ရတာကြောင့် အချိန်ကြာသွားတာဖြစ်တယ်လို့လည်း ဆရာ နော်တောင်က ပြောပါတယ်။

၂ဝ၁၇ ခုနှစ် ဇွန်လကစပြီး တနိုင်းဒေသမှာ တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် အင်ဂါးဂါး၊ နန့်ခမ်း၊ ကောင်ဂျား၊ အောင်လော့ဒ်၊ ဆွတ်ရိယန်နဲ့ ဆွတ်ရာ စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ တနိုင်းမြို့က RC ဘုရားကျောင်းမှာ လာရောက်ခိုလှုံနေကြရပြီး လက်ရှိအချိန်မှာ လူဦးရေ ၅၄၃ ဦးရှိနေပြီဖြစ်တယ်လို့လည်း ပြောပါတယ်။

သူတို့ရဲ့ စားရေးသောက်ရေးအတွက် အခြေခံစားနပ်ရိက္ခာတွေကို အရပ်ဖက်အဖွဲ့တွေက ထောက်ပံ့ပေးထားပေမယ့် နေရာထိုင်ခင်းအခက်အခဲရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တနိုင်းမြို့ပေါ်က ခရစ်ယာန်အသင်းတော်တွေဖြစ်တဲ့ KBC, COC, AG စတဲ့နေရာတွေမှာလည်း လာရောက် ခိုလှုံနေသူတွေရှိပြီး စုစုပေါင်းဆိုရင် လူဦးရေ ၁၆ဝဝ ရှိနေပြီဖြစ်တယ်လို့ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေး၊ ပညာရေးနဲ့ လူမှုဘဝလုံခြုံရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တရားဝင်စခန်းတွေ အမြန်ဆုံးစီစဉ်ပေးဖို့ဆိုပြီး တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စုအစိုးရထံကို စာပေးပို့တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org